အညတရအကျဉ်းသားရဟန်းတော်များ (၁၁)
ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူ
အရှင်ပညာနန္ဒ
ဇန်န၀ါရီ ၁၈၊၂၀၁၂
ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူ
အရှင်ပညာနန္ဒ
ဇန်န၀ါရီ ၁၈၊၂၀၁၂
(၁)
သံဃာတွေကိုဖမ်းတာထက် သံဃာတွေခြုံထားတဲ့ ဘုရားအရေတော်ကို ဆုတ်ဖြဲတာ စွန့်ခွာပစ်တာက ပိုပြီးအကုသိုလ်ကြီးတယ်၊ ပိုပြီး အပြစ်ကြီးတယ်၊ ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို သမတကြီးနှင့်တကွ ခေတ်အဆက်ဆက်မှာတက်လာမယ့် အစိုးရတွေသိစေ ချင်လို့ ဦးဇင်းဒီအတိုင်း (ပိတ်ဖြူဝတ်) နေတာလေ။ အဲဒါကြောင့်ပါလို့ပြောတဲ့ဆရာတော်ကတော့ ဇန်န၀ါရီ (၁၃) ရက်နေ့က သမတရဲ့ စတုထ္ထအကြိမ် မြောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနားထောင်ကလွတ်လာတဲ့ ဆရာတော်ဦးဝိစိတ္တဘိဝံသ (ခ) ဆရာတော်ဝီရသူပါ။
မစိုးရိမ်ဆရာတော် အရှင်ဝီရသူဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည် ကုလား-ဗမာ အရေးအခင်းအတွင်း အဓမ္မဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇/၂၀၊ ၅ည၊ ၂၉၅/က၊ ၈ (၁) တို့နဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရကာ ပထမ မန္တလေးထောင်၊ အိုးဘိုထောင်နဲ့ အခုနောက်ဆုံး မြစ်ကြီးနားထောင်တွေမှာ အကျဉ်းချခံခဲ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရရှိချိန်မှာ ထောင်တွင်း ၈ နှစ်နဲ့ ၃ လနေခဲ့ရပြီး ဖြစ်ပါတယ်။
ဆရာတော်နဲ့ပတ်သက်လို့ သူရဲ့တပည့်တပါးက ဒီလိုပြောပြပါတယ်။
ဆရာတော်ဟာ သူ့တိုင်းပြည်ကို အရမ်းချစ်တယ်။ သူ့သာသနာကို သူ အရမ်းမြတ်နိုးတယ်။ သူ့သာသနာ သူ့လူမျိုး သူ့တိုင်းပြည်အတွက် ဆိုရင် သူ့အသက်ကို အချိန်မရွေးပေးဆပ်ရဲတယ်။
၁၉၉၈ ခုနှစ် ၀န်းကျင်လောက်ကပါ။ ဆရာတော်ဝီရသူရေးသားတဲ့ ထေရ၀ါဒတိုက်ပွဲဆိုပြီး စာအုပ်တစ်အုပ်ထွက်လာတယ်။ စာအုပ်အရေ အတွက်ကနည်းတော့ မနည်းပဲ အလုအယက်ဝယ်လိုက်ရတယ်။ အဲဒီအချိန်က ဆရာတော်ဟာ တရားတွေကို ကျယ်ကျယ်ပြန့်ပြန့် မဟော သေးပါဘူး။ လေ့လာနေဆဲအချိန်ပေါ့။ သူသိသမျှ နားလည်သမျှကို ခေတ်အမြင်နဲ့ ရဲရဲရင့်ရင့် ရေးထားတာကို ဖတ်လိုက် မှတ်လိုက်ရတယ်။ ဝေဖန်စရာရှိတာကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရဲတဲ့သတ္တိရှိတယ်။ သူ့ရဲ့ဆရာ၊ သူ့ဒကာဒကာမတွေရဲ့မျက်နှာကိုလည်း မထောက်ဘူး။ ပြောစရာ ရေးစရာ ဝေဖန်စရာရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုရေးသားဝေဖန်လေ့ရှိတယ်။ အမှန်တရားအတွက် ဘယ်သူ့မျက်နှာကိုမှ မငဲ့ညှာ မထောက်ထားဘူး။ သူလုပ်ခဲ့တဲ့အလုပ်ကိုလည်း တာဝန်ယူရဲတဲ့သတ္တိအပြည့်ရှိတယ်။
သူ့ကိုသူ ဘာသာရေးခေါင်းဆောင် လူမျိုးရေးခေါင်းဆောင်လို့ အမြဲခံယူထားတယ်။ ရှင်ငယ်၊ သီလရှင်ငယ်၊ ကလေးငယ်တွေကို ခေါင်း ဆောင်နိုင်တဲ့အရည်အချင်းတွေရှိဖို့၊ ခေါင်းဆောင်နိုင်လောက်တဲ့ သတ္တိထူးတွေရဖို့ အမြဲတမ်း ဟောပြောစည်းရုံးခဲ့တယ်။ အပြောအဟော သက်သက်မဟုတ်ဘဲ သူကိုယ်တိုင်က ခေါင်းဆောင်ကောင်းပီသအောင် နေထိုင်နိုင်ခဲ့တယ်။ သူရဲ့ခံယူချက်က ဘယ်လောက်ထိ ပြင်းထန် သလဲဆိုရင် သူရေးခဲ့တဲ့ ထေရ၀ါဒတိုက်ပွဲစာအုပ်ထွက်ရှိတုန်းကပေါ့။ တော်တော်များများ (သက်ဆိုင်ရာ) က ဝေဖန်ကြတယ်။
အဲဒီအတွက် ဆရာတော်ဝီရသူ သူ့ရဲ့ထေရ၀ါဒတိုက်ပွဲ စာအုပ်နဲ့ပတ်သက်ပြီး တာဝန်ယူပြောခဲ့တဲ့ စကားတစ်ခွန်းက “အကယ်၍ သူရေးခဲ့တဲ့ ဒီစာအုပ်က တရားနဲ့မညီဘူး၊ နည်းလမ်းမကျဘူးဆိုရင်၊ သူရေးခဲ့တဲ့ အဲ့ဒီစာအုပ်တွေနဲ့အတူ၊ သူ့ကိုသူ မီးရှို့သတ်သေပါ့မယ်”တဲ့။ အဲဒီလိုလိုရဲရင့်ပြတ်သားတဲ့ဆရာတော်ပါ။
အဲဒီလို မဟုတ်မခံစိတ်ဓာတ်နဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ပြောဆိုခဲ့တာတွေကြောင့် အာဏာပိုင်တွေရဲ့ အငြိုအငြင်ခံရပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရပါတယ်။
(ဆရာတော်ရေးတဲ့ ထေရ၀ါရတိုက်ပွဲဆိုတဲ့စာအုပ်ဟာ အတော်နာမည်ကြီးပါတယ်။ တန့်ကြည့်တောင်ဆရာတော် တရားပြသပုံနဲ့ ပတ်သက် လို့ မြတ်ဗုဒ္ဓရဲ့ထေရ၀ါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် ၁၉၉၉ ခုနှစ်မှာ မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မစိုးရိမ်က ထေရ၀ါဒတိုက်ပွဲစာအုပ်နဲ့ဖော်ထုတ်လိုက်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရ ပြီး၂၀၀၀ ခုနှစ်မှာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ၀န်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ရပြီး တန့်ကြည်တောင် ရိပ်သာတွေ အပိတ်ခံရဘူးပါတယ်။ (လူလိမ်တွေ ပွေလီရှုပ်၊ တန့်ကြည့်တောင်ဇာတ်ထုပ်ဆိုတဲ့နာမည်နဲ့ Youtube မှာကြည့်ရှုနိုင်ပါတယ်)
(၂)
၂၀၀၃ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်အထက်ပိုင်းက မြို့လေးတစ်မြို့ဖြစ်တဲ့ ကျောက်ဆည်မြို့မှာ ဘာသာရေးအဓိကရုဏ်း တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုဏ်းပြီးပြီးတဲ့နေ့မှာ ဦးဝီရသူရဲ့ဘာသာရေးတရားပွဲတွေ ပိတ်ပင်ခြင်းခံရပါတယ်။ ဦးဝိရသူလည်း မကြာခင် စစ်ထောက်လှမ်းရေးတွေရဲ့အဖမ်းခံရပြီး မန္တလေးနန်းတွင်းထောင်ကို ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ ဆရာတော်အဖမ်းခံရတယ်ဆိုတာသတင်းထွက်သွားပြီး မကြာမီ တပည့်သံဃာအပါး ၆၀၀ လောက်က ဆရာတော်လွတ်မြောက်ဖို့အတွက် မန္တလေးနန်းတော်ကိုလိုက်သွားပါတယ်။ စစ်တပ်က ဘုန်းကြီးတွေကိုပိတ်တားလိုက်ပြီး သေနတ်တွေ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး ဖြိုခွင်းခြင်းကြောင့် ဘုန်းကြီး (၃) ပါး ပွဲချင်းပြီး ပျံလွန်တော်တော်မူခဲ့ရပါတယ်။ သံဃာတော်များများ ဒဏ်ရာရပြီး ဘုန်းကြီးအပါး ၂၀ လောက် အဖမ်းခံရပါတယ်။ အကျဉ်းကျနေတဲ့ သီတင်းသုံးဖော်မိတ်ဆွေရဟန်းတော်တွေကိုတွေ့ဖို့ ကြိုးစားတဲ့ဘုန်းကြီးတွေလည်း ဘာသက်သေအထောက်အထားမှမရှိဘဲ ဖမ်းဆီးခံခဲ့ရ ပြန်ပါတယ်။
စစ်တပ်ရဲ့ခြိမ်းခြောက်မှုနဲ့ ဖိအားပေးမှုတွေကြောင့် မစိုးရိမ်ကျောင်းတိုက်က စာသင်သားရဟန်း အပါး ၂၀၀၀ လောက်လည်း သူတို့ရဲ့နေ ရပ်တွေကို ပြန်ခဲ့ကြရပါတယ်။ အဲဒီလို အဖမ်းအဆီးကြမ်းကြမ်းနဲ့ ဖမ်းပြီးတဲ့နောက်နေ့မှာ စစ်တပ်က မစိုးရိမ်ဘုန်းကြီးကျောင်းမှာ မျက်နှာ ပြောင်တိုက် ဆွမ်းကပ်ပွဲကျင်းပခဲ့ပြီး ဆွမ်းကပ်နေတဲ့ပုံတွေ သတင်းစာတွေထဲ ဝေေ၀ဆာဆာထည့်ကာ ဘာမှမဖြစ်လေဟန် လူသူမသိ အောင် ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ကျောက်ဆည်မှာဖြစ်တဲ့အဓိကရုဏ်းနဲ့ မန္တလေးကအဖမ်းအဆီးသတင်းတွေကို လူသူမသိအောင် ဖုံး ကွယ်ဖို့ အာဏာပိုင်တွေဟန်ရေးပြလုပ်ဆောင်နေကြတာပါ။ စစ်တပ်ရဲ့ မမှန်မကန်လုပ်ရပ်တွေကြောင့် မြင်းခြံ၊ မိတ္ထီလာ၊ တောင်တွင်းကြီး နဲ့ ပခုက္ကူမြို့တွေမှာ ဘာသာရေးအဓိကရုဏ်းအသေးလေးတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ သံဃာတွေကို ဖမ်းဆီးနှိပ်စက်စော်ကားပြီးမှ တကယ့်ကိုဘာသာရေးကိုင်းရှိုင်းလေဟန် ဟန်ဆောင်နိုင်တာကတော့ စစ်အာဏာရှင်တွေရဲ့လှည့်ဖျားမှုတခုပါ။ တကယ့်ကိုအံ့သြဘွယ်ရှိ လေစွ။
တချို့မျက်မြင်သက်သေတွေရဲ့အဆိုအရ အဓိကရုဏ်းထဲပါဝင်တဲ့ သံဃာတချို့ဟာ သင်္ဃန်းအောက်မှာ ဘောင်းဘီဝတ်ထားကြောင်း၊ သူတို့ဟာ ဘုန်းကြီးအတုအယောင်စစ်သားတွေဖြစ်ကြောင်း ပြောဆိုကြပါတယ်။ လူအများကတော့ စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေးအကြပ် အတည်းတွေအပေါ်အာရုံစိုက်မှုလျော့နည်းသွားအောင်ရည်ရွယ်ပြီး ဘာသာရေးအဓိကရုဏ်းတွေကို ဖန်တီးခဲ့တယ်လို့ယူဆကြပါတယ်။ စစ်အာဏာရှင်တွေကလည်း ဒါမျိုးတွေအအကွက်ဆင်ပြီး ဘာသာရေးအဓိကရုဏ်းတွေဖန်တီးခဲ့ဘူးတာကိုး။
(၃)
သူအဖမ်းခံရတာနဲ့ပတ်သက်ပြီး DVB အင်တာဗျူးတခုမှာ ခုလိုပြန်လည်ပြောပြပါတယ်။ ဦးဇင်းကို အောက်တိုဘာ ၂၅ ရက်နေ့က ဖမ်း တယ်။ ၂၇ ရက်နေ့မှာ သံဃာတွေက ၀ီရသူလွတ်မြောက်ရေး ဒို့အရေးတောင်းဆိုတယ်။ အဲဒီအချိန်မှာ ပစ်ကြ ခတ်ကြတယ်။ ဒဏ်ရာရတဲ့ကိုယ်တော်တွေထောင်ထဲကိုရောက်လာတယ်။ ဟိုဒဏ်ရာဗလပွနဲ့ပေါ့နော်။ အဲဒီကိုယ်တော်တွေကို ထောင်က ရဲမြင့်ဦးဆိုတာရှိတယ်။ အဲဒီ ရဲမြင့်ဦးက ဦးဇင်းဦးသြဘာသကို ဂတုံး (ဦးခေါင်း) ကို စစ်ဖိနပ်ကြီးနဲ့တက်နင်းပြီး တအားရိုက်တယ်ဒကာကြီးရာ။ တကယ့်ရိုက်တာမှ စပါယ် ရှယ်ရိုက်တာ ဒကာကြီးရာ။ နောက်ပြီး ဆိုင်ကယ်မောင်းခိုင်းသလိုလုပ်ပြီး တန်းစီးတွေနဲ့ ဝိုင်းရိုက်တယ်။ နောက် ဒါက သံဃာအပေါ်မှာ ဆက်ဆံတာပေါ့။ နောက်ကျောင်းထိုင်ဘုန်းကြီးတပါးကို နားရင်အုပ်တယ်။ အင်မတန်မှကို ခေတ်ကြမ်းပါတယ်။ ဦးဇင်းတို့နေထိုင်ခဲ့ရတာ လေ။
ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘုန်းကြီးတွေကိုရိုက်ဖို့ စစ်ဖိနပ်တွေနဲ့ကန်ကြောက်ဖို့ဆိုတာ အတော်လေးဝန်လေးတဲ့အလုပ်ပါ။ တွေး ကြည့်ရင်တောင် ကြောက်စရာကောင်းပါတယ်။ စစ်အာဏာရှင် မျက်ကန်းတွေမို့ လုပ်ရဲကြတာပါ။ ဆရာတော်ပြောတာတွေနားထောင်ပြီး အတော်လေးစိတ်ထိခိုက်မိပါတယ်။ ထောင်တွင်းမှာ အာဏာပိုင်တွေဆက်ဆံပုံနဲ့ပတ်သက်လို့ ဆရာတော်က ခုလိုဆက်ပြောပါတယ်။
အမှန်ကတော့ အပြစ်ရှိတယ်ဆိုလို့ရှိရင် အားလုံးဆုံးဖြတ်ပြီးမှ သင်္ကန်းချွတ်ရမှာမဟုတ်လား။ အခုဟာက ခေါ်သွားတာနဲ့တပြိုင်နက် သ င်္ကန်းဝိုင်းချွတ်ကြတယ်လေ။ ပြီးတော့မှ စစ်ဆေးတာ။ အဲဒီတခုကနေ စဖောင်းတာပေါ့နော်။ နောက်သိက္ခာမချသေးဘဲနဲ့ ဦးဇင်းတို့က သူတို့ အောက်မှာထိုင်ရပြီး သူတို့က ဦးဇင်းတို့အပေါ်မှာထိုင်ပြီးတော့ ဖင်ပုတ်ခေါင်းပုတ်ပေါ့ဗျာ။ ဟိုထိ ဒီထိ မထိတထိပေါ့ဗျာ။ စကားပြောတာ အကုန်လုံး အဲဒီလိုပေါ့နော်။ ဦးဇင်းက သူတို့သုံ့ပန်းလေးလိုဖြစ်သွားတာပေါ့။ ဒါက စစ်ကြောရေးကာလမှာပေါ့။ နောက်အမှုရင်ဆိုင်တဲ့ အခါကြတော့ ဦးဇင်းက ထောင်ထမင်းဟင်းနဲ့ ဦးဇင်းအစာအိမ်နဲ့က လုံးဝမဖြစ်ဘူး။ ဒါကြောင့် အာရုဏ်ဆွမ်း လုံးမစားတော့ဘဲနဲ့ နေ့ဆွမ်း တနပ်ဘဲစားတာပေါ့ဗျာ။ အဲဒါကို ဧကာသနိက်ဓုတင်ဆောင်တယ်လို့ခေါ်တာပေါ့။ အဲဒီဓုတင်ဆောင်တဲ့အခါမှာ SB နှစ်ပွင့် ဦးသန်းစိန်က ထောင်ထဲမှာဘုန်းကြီးမရှိဘူး။ အလိုမလိုက်ရဘူး။ သူ့ အပြစ်နဲ့ သူကျလာတာ။ ဆွမ်းစားချိန်တွေ ဘာတွေမလိုဘူး။ ဒီအတိုင်းဘဲ ပစ်ထား ရမယ်။ သူ့အတွက် ဆွမ်းထုပ်တွေ ယူပေးနေစရာမလိုဘူး။ သူဟာ အကျဉ်းသားဖြစ်သွားပြီ။ အဲဒီလိုနည်းမျိုးစုံနဲ့ ၀ိုင်းပြီးနှိပ်ကွပ်ကြတာပေါ့ နော်။
နောက်ဆိုလို့ရှိရင် အချုပ်ကားကြီးပေါ်တက်လိုက်တာနဲ့တပြိုင်နက် ဟို-တကယ့်ရဲသား ဧရာမဆူမိုနဘန်းသမားကြီးလို အကောင်ကြီးတွေ ငှားထားပြီးတော့ ၀ါးရင်းတုတ်ကြီးတွေနဲ့ ဦးဇင်းခေါင်းပေါ်မိုးထားပြီးတော့ ဦးဇင်းက လက်ထိပ်ခပ်လျက်နဲ့ ဂုတ်ပေါ်မှာလက်နှစ်ဘက်ကိုတင်ထားပြီးတော့ သူတို့ဒူးခေါင်းရဲ့ကြားထဲမှာ ငုတ်တုတ်ကြီးထိုင်လိုက်လာခဲ့ရတယ်ခဲ့ရတယ်ဒကာကြီးရာ။ အဲလောက်ထိအောင်ပါ။
ဦးဇင်းကို အသံနက်ကြီးနဲ့ အမိန့်တွေပေးပြီးတော့ စေခိုင်းတာတွေလဲရှိတယ်ပေါ့နော်။ အင်မတန်မှကို ကြောက်ဖွယ်ကောင်းပါတယ်။ ဒါက စစ်ကြောရေးကာလမှာပေါ့နော်။ အကျဉ်းသားဖြစ်သွားတဲ့အခါကြတော့ ထောင်ထဲမှာဘုန်းကြီးမရှိဘူး။ ရဟန်းသံဃာဆိုတာ ထောင်ထဲမှာ လုံးဝမရှိဘူး။ အရှင်ဘုရားနဲ့ တပည့်တော်မပြောရ။ ဦးဇင်းနဲ့ဒကာကြီး မပြောရ။ ဘုန်းကြီးလို ပုဆိုးကို သင်္ကန်းကြီးလို လိပ်ပြီးမ၀တ်ရ။ ခေါင်း တုံးမတုံးရ။ ဘုန်းကြီးဘိနပ်မစီးရ။ နည်းမျိုးစုံနှိပ်ကွပ်ခံရတာပေါ့ဒကာကြီးရာ။ ကိုယ်ထိလက်ရောက် လက်သီးနဲ့လည်းအထိုးခံရပါတယ်။
ထောင်တွင်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာရဟန်းတော်တွေကို ကိုယ်ထိလက်ရောက်စော်ကားနေကြတာပါ။ တကယ့်ကို ကြေကွဲစရာ ၀မ်းနည်းစရာကောင်းလှပါတယ်။ ဒီလို စစ်အစိုးရမျိုးအောက်မှာ ဗုဒ္ဓဘာသာဆိုတာ ပျောက်ကွယ်သွားနိုင်ပါတယ်။ အနာဂတ် သာသနာအတွက် ရင်လေးစရာပါ။
(၄)
ခုတော့ဆရာတော်ဝီရသူဟာ မြစ်ကြီးနားထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါပြီ။ တပည့်စာသင်သား သံဃာတော် တွေ၊ ဒကာ ဒကာမတွေ ၀မ်းနည်း ၀မ်းသာဖြစ်ကြရပါတယ်။ ခုချိန်ထိဦးဇင်းသင်္ကန်းပြန်မ၀တ်သေးပါဘူး။ ပိတ်ဖြူဝတ်ထားဆဲပါ။ ဒီလိုနေ ထိုင်ခြင်းဟာ အကျဉ်းသားလွတ်မြောက်ရေးအတွက် တောင်းဆိုနေတာပါ။ သူတို့အနိုင်ကျင့်ပြီး သိက္ခာဘယ်လောက်ချချ သင်္ကန်းတွေဘယ် လောက်ဆွဲချွတ်ချွတ် သိက္ခာက မကျဘူးလေ။ ရုပ်ပုံလွှာက အဓိကမဟုတ်ဘူး။ သိက္ခာက အဓိကပါ။ ထောင်ထဲမှာလဲ ရဟန်းသိက္ခာနဲ့အညီ နေထိုင်ခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ထောင်ထဲမှာကျန်နေသေးတဲ့ မလွတ်မြောက်သေးတဲ့သံဃာတော်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့အကျဉ်း သားတွေလွတ်မြောက်ဘို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါလို့ မိန့်ကြားသွားပါတယ်။ ဆရာတော် ကိုယ်စိတ်နှစ်ဖြာ ရွှင်လမ်းချမ်း မြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်ဘုရား။
နောက်ဆက်တွဲ
မစိုးရိမ်နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသခေါ် စာရေးဆရာ ၀ီရသူ၏
ထေရုပ္ပတ္တိအကျဉ်း (၁၉၆၈- )
● ဆရာတော်ကို ၁၃၃၀ ပြည့်နှစ် ဝါဆိုလပြည့်ကျော် (၁)ရက် (၁၉၆၈ခု ဇူလိုင် ၁၀ရက်) ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ အောက်ချိုက်ရပ် ခမည်းတော် ဦးခင်မောင်ဝင်း၊ မယ်တော် ဒေါ်တင်တင်ဦးတို့မှမွေးဖွားသည်။
● ကျောက်ဆည်မြို့ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၈ တန်းအောင် သည်အထိ ပညာသင်ယူခဲ့ပြီး ၁၃၄၆ခု တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ ရွှေလှံတောင်ဆရာတော်ကို ဥပဇ္ဈာယ်ပြုပြီး သီလရှင် ဆရာကြီး ဖွားမာလာထေရီ၏ ပစ္စယနုဂ္ဂဟခံယူကာ ရှင်သာမဏေဖြစ်ခဲ့ပြီး ပရိယတ္တိစာပေများကို ဆည်းပူးလေ့လာခဲ့သည်။
● ၁၃၄၇ အောင်-ဇေ-ယျ-တုနှစ် ပထမ၀ါဆိုလဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသထံတွင်ရောက်ရှိကာ ပရိယတ္တိစာပေကိုအခြေခံမှစပြီး ၀ိနည်းငယ်လေးစောင် ပါရာဇိကပါဠိတော်ပါ စိတ်ပါဠိ တော်နှင့် ပထမပြန်ဆိုင်ရာကျမ်းဂန်ကြီးငယ်တို့ကို သင်ယူခဲ့သည်။
● ၁၃၅၀ ပြည့်နှစ် ပထမ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ လေသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးဇ၀နဗုဒ္ဓိကို ဥပဇ္ဈာယ်ပြုပြီဦးစံထွန်း ဒေါ်မြချစ်နှင့် ဦးသန်းဝင်း + ဒေါ်အေးချိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါ သည်။
● ၁၃၆၁ ခု၊ ၉၃ ကြိမ်မြောက် ပရိယတ္တိသာသနဟိတ (သကျသီဟ) စာမေးပွဲသီးခြားစာချတန်း၌ အဋ္ဌကထာသုံးကျမ်းကို ဖြေဆိုအောင်မြင် တော်မူသဖြင့် ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခံယူခဲ့သည်။
● ၁၉၉၁ ခုနှစ်မှာ မန္တလေး မစိုးရိမ်တိုက်သစ်သို့ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ဒီအတောအတွင်း အမျိုးအတွက်ဆို သေရဲတယ်၊ မင်းသုံးပါးစစ်ဆင်ရေး၊ အဆင်သင့်ရှိပါစေ။ မိခင်ရွာကသာသနာ၊ နောက်မကျစေနဲ့၊ သိင်္ဂါလဇတ် စသည့် တရားတော်များကိုဟောကြားပြီး သာသာတော်အရှည်တည်တန့်ရေး စာပေးများကို ဝီရသူ (မစိုးရိမ်)၊ အရှင်ဝိစိတ္တဲ (ကျောက်ဆည်) ဟူ သော ကလောင်အမည်တို့ဖြင့်လည်း ရတနာပုံသတင်းစာ၊ ဘာသာရေးမ္ဂ္ဂဇင်းတို့၌ ဘာသာရေးစာပေးတွေရေးသားခဲ့သည်။ ရန်ကုန်ဗဟန်း ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ရွှေရတုအထူးထုတ်စာစောင်၌ ရတနာတို့၏သခင် ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်း ကြီး၏ နှစ် ၁၀၀ ပြည့် အထူးထုတ်စာစောင်၌ ပရိယတ္တိအလင်းရောင်ဟူသောခေါင်းစဉ်ဖြင့် စာပေဆောင်းပါး၊ ထေရဝါဒတိုက်ပွဲ၊ (ထေရ၀ါဒတို့ တိုင်ပြည်နှင့် ပရိယတ္တိရွှေချိန်ခွင်) စာအုပ်များကိုရေးခဲ့သည်။
Comments