မျိုးဇော် နှင့် ညွန့်ထွေး
ဇန်န၀ါရီ ၁၊ ၂၀၁၂
ပြီးခဲ့တဲ့နှစ်မှာ ဘဏ်၊ ငွေကြေး နဲ့ ဈေးကွက်ဆိုင်ရာ သတင်းထူးတွေ အများအပြား ဖတ်ခဲ့ကြရမှာပါ။ တနှစ်ကျော်ကြာ ပိတ်ခဲ့တဲ့ မြ၀တီမဲဆောက် တံတား ဒီဇင်ဘာလထဲမှာ ပြန်ဖွင့်တယ်၊ ဦးဇော်ဇော်၊ ဦးတေဇတို့လို ဧရာမလုပ်ငန်းရှင်ကြီးတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ လာမယ့်နှစ်မှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး ဖြစ်ပေါ်စေနိုင်တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ် ပေါ်ပေါက်လာတယ်၊ ဧရာဝတီမြစ်ပေါ်က အငြင်းပွားဖွယ် စီမံကိန်းတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု၊ သဘာဝပတ်ဝန်းကျင်ရေးရာတို့ကို ပြည်သူတွေ ပိုသိလာတယ်။ ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ပိုပိုများလာမယ့် အရိပ်အယောင်တွေ ပေါ်လာတယ်။ ဒီလို စီးပွားရေးလောက မြင်ကွင်းတွေထဲကမှ
၂၀၁၁ အတွင်း ထူးခြားတဲ့ သတင်း တချို့ကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။
ကား
(ဓာတ်ပုံ - ဧရာဝတီ)
သက်တမ်း နှစ် ၄၀ ကျော်ပြီးဖြစ်တဲ့ ကားဟောင်းတွေကို ကားသစ်တွေနဲ့ အစားထိုးမယ့် အစီအစဉ်ကို ဦးသိန်းစိန် အစိုးရက စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ကားဟောင်းအပ်ရင် ကားသစ်တင်သွင်းခွင့်၊ သက်သက်သာသာ ၀ယ်ယူခွင့် ပြုတဲ့ အစီအစဉ်ပါ။
လက်ထပ်လက်စွပ်
ဒီနှစ်ထဲ မင်္ဂလာမောင်နှံတွေ လက်စွပ် မှာယူမှု အကြီးအကျယ် ကျဆင်းသွားပါတယ်။ "မနှစ်က ဒီလိုအချိန် ပျမ်းမျှ တစ်လကို ၁၀ ရန်လောက် အော်ဒါကျတယ်။ အခုဆို မရှိသလောက်ပဲ။ သုံးရန်လောက်ပဲ လာတယ်။ ရွှေဈေးတက်တာလည်း ပါတယ်" လို့ ရန်ကုန်မြို့ ရတနာဆိုင်တခုကို ကိုးကားပြီး ၀ါကျွတ်ကာလ အောက်တိုဘာ ၂၁ မြန်မာတိုင်းမ် ဂျာနယ်မှာ ရေးထားပါတယ်။
လက်ထပ်လက်စွပ် အခြေအနေ ပုံမှန် မဟုတ်ပေမယ့် မင်္ဂလာဆောင်တွေကတော့ ပုံမှန် ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း
ဒီဆိပ်ကမ်းဟာ စင်ကာပူဆိပ်ကမ်းထက် အများကြီး ပိုကြီးမယ်လို့ ဆိုပါတယ်။
စက်မှုဇုန်တွေ ပါမယ်၊ ထားဝယ်ကနေ ကန်ချနပူရီအထိ လမ်း ဖောက်ပါတယ်။ ဒီလမ်းမကြီးက နောက်ပိုင်းမှာ ၈ လမ်းသွား ကားလမ်းမကြီးဖြစ်လာပြီး ဗီယက်နမ်အထိ ပေါက်မယ်လို့ ဆိုပါတယ်။
ကန့်ကွက်သူများကတော့ ဒေသရဲ့ သဘာ၀၀န်းကျင် ပျက်စီးမှု၊ ဒေသခံတွေ လုံလောက်တဲ့ နစ်နာကြေး မရရှိမှုတွေကို ထောက်ပြနေကြပါတယ်။ ထိုင်းနိုင်ငံကလည်း ဒီဒေသမှာ အကြီးအကျယ် ဆက်လက် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေပါပြီ။
ခရီးသွားလုပ်ငန်း
ဟိုတယ်ကြီးတွေက ခရီးသည် ၂ ဆ လာမယ်လို့ မျှော်လင့်ပြီး ပြင်ဆင်မှုတွေကို ဇူလိုင်လ၀န်းကျင်မှာ လုပ်ကိုင်လာပါတယ်။ ဟိုတယ်တွေမှာ ရုံးခန်းတွေ အငှားချထားမှုကို ဟိုတယ်ကြီးတချို့က ရပ်ဆိုင်းလိုက်ပါတယ်။
ဟိုတယ်လုပ်ငန်းမှာ ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံနေကြပြီး စင်ကာပူ၊ ထိုင်း၊ ဂျပန်တို့က အများဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။
နိုင်ငံတကာခရီးသွားတွေက မြန်မာပြည်ကို အာရုံကျကြဖွယ် ရှိပါတယ်။
CNN က ဒီဇင်ဘာ လကုန်ပိုင်း ထုတ်ပြန်လိုက်တဲ့ ၂၀၁၂ အတွင်း သွားသင့်တဲ့ နေရာ ၉ ခုမှာ မြန်မာပြည် ပါဝင်နေတာ တွေ့ရမှာပါ။ ဒီ ၉ ခုမှ အာရှနိုင်ငံဆိုလို့ မြန်မာ တခုတည်း ပါပါတယ်။ ဒီစာရင်းဟာ ခရီးသွားလုပ်ငန်းဆိုင်ရာလမ်းညွှန်စာအုပ်/စာစောင် အယ်ဒီတာများကို အင်တာဗျူးပြီး ထွက်ပေါ်လာတဲ့ စာရင်း ဖြစ်ပါတယ်။ မြန်မာပြည်ကို နံပါတ် ၃ နေရာမှာ တွေ့ရပါလိမ့်မယ်။ ကဲ - အခုချိန်မှ ဟိုတယ်တွေ ဆောက်မယ် ဆိုရင်တော့ အင်း ...
၁။ England
၂။ World of the Maya
၃။ Myanmar (also known as Burma)
၎။ Chicago
၅။ St. Vincent and the Grenadines
၆။ The Netherlands
၇။ Atlantic Canada
၈။ Uruguay
၉။ Orlando
ရိုက်စား
မြန်မာပို့စ်ဂျာနယ်ဖြတ်စ
၂၀၁၁ ဟာ မြန်မာပြည် စီးပွားရေး လောကအတွင်း မဟာ့မဟာ လိမ်လည်မှုကြီးတွေ ဖြစ်ခဲ့တဲ့နှစ်ပါ။
မိတ်ဆွေ ၉ ဦးဆီက စုစုပေါင်း သန်း နှစ်ထောင် လိမ်လည်မှုကျူးလွန်တယ်လို့ ရဲစခန်းမှာ တိုင်ချက် အဖွင့်ခံထားရသူက ဒေါ်အေးအေးပြုံး ဖြစ်ပါတယ်။ ဒီအမှုအကြောင်း ရန်ကုန်ထုတ်ဂျာနယ်များမှာ ဖော်ပြခဲ့ပါတယ်။
နောက်တယောက်ကတော့ သူ့ထက်ကဲသူပါ။ သူက ပဲကုန်သည်တဦး ဖြစ်တယ်၊ ကျပ်သန်းပေါင်း လေးထောင် လိမ်လည်ပြီး မြန်မာပြည်ကနေ နိုဝင်ဘာလကုန်မှာ ထွက်ပြေးတယ် လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကုန်သည် ၅၉ ဦးကို လိမ်လည်ပြီး ပြေးတာပါ တဲ့။ သူကတော့ စိန်နန်းထိုက် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဇော်ငယ် (ခေါ်) ဦးဇော်သန်းထိုက် ဖြစ်ပါတယ် တဲ့။ မိသားစုနဲ့အတူ နိုဝင်ဘာ ၂၄ မှာ ပြည်ပကို ထွက်သွားပြီလို့ ဆိုပါတယ်။
ရေလုပ်သား
အိန္ဒိမှာ ၁၁ နှစ် နေခဲ့ရတဲ့ ဧရာဝတီသားများ (ဓာတ်ပုံ - mrtv 4)
မတ်လတုန်းက မြန်မာ့ကမ်းရိုးတန်းနဲ့ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်းတိုက်လို့ ရေလုပ်သား နှစ်သောင်းဝန်းကျင်ဟာ တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ ဒေသ အသီးသီးကို ရောက်သွားကြပါတယ်။ တချို့ဟာ ကိုကိုးကျွန်း၊ အိန္ဒိယ၊ သိရိလင်္ကာအထိ ရောက်ခဲ့ပါတယ်။
ရေလုပ်သား အများစုဟာ ဧရာဝတီတိုင်းကဖြစ်ပါတယ်။ မုန်တိုင်းမိပြီး ရပ်ဝေးကို ရောက်သွားတာ အတိတ်မှာ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ပျောက်ဆုံးမှုမှာ ပါဝင်သူဟာ အရေအတွက်နည်းပါတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၁ နှစ်က ဒီနည်းနဲ့ အိန္ဒိယရောက်သွားသူတချို့လည်း ဒီနှစ် သြဂုတ်လမှာ လေကြောင်းခရီးနဲ့ မြန်မာပြည် ပြန်ရောက်လာပါတယ်။ ပင်လယ်ထဲ တလကြာ နေခဲ့ပြီး နယူးဒေလီနားက ရွာတရွာကို ရောက်သွားခဲ့သူတွေလို့ ဆိုပါတယ်။ သူတို့ကို ကယ်ယူစောင့်ရှောက်ခဲ့သူရဲ့ မနေမနားကြိုးစားမှုကြောင့် ၁၁ နှစ်ကြာချိန်မှာ ပြည်တော်ပြန်နိုင်ခဲ့ကြတာပါ။ ဦးသိန်းထွန်း (၅၅ နှစ်)၊ ကိုဌေးဝင်း (၃၈)၊ ကိုတင့် (၃၅) တို့ ညီအစ်ကိုဝမ်းကွဲတွေပါ။ အိန္ဒိယရောက်ပြီး ၅ နှစ်အကြာ ပို့လိုက်တဲ့စာက ရွာကို ရောက်လာတယ်လို့ ဦးသိန်းထွန်းဇနီး ဒေါ်စန်းမြင့်ရဲ့ စကားကို မော်ဒန်ဂျာနယ်မှာ အခုလို တွေ့ရပါတယ်။
"စာကလဲ လိပ်စာအတိအကျနဲ့ ပါတာ မဟုတ်ဘူး။ စာရွက်ပဲ ပါလာတာ။ အဲဒါကလည်း ရွာက လူကြီး တစ်ယောက်က မြို့ရုံးက အမှိုက်ပုံးထဲကနေ တွေ့လို့ ယူလာတာလို့ ပြောတယ်။ --- ဘယ်လို ပြန်လာရမလဲ မသိဘူးလို့ စာထဲမှာ ရေးထားတယ်။ အဲဒီစာလဲ နာဂစ်ဖြစ်တော့ မိုးရေတွေထဲ ပါသွားပြီ" တဲ့။
ကိုဌေးဝင်းဇနီး မသေးကလည်း ပြန်ဆုံမတွေ့ခင် မော်ဒန်ဂျာနယ်ကို အခုလို ပြောထားပါတယ်။
"အချိန်အကြာကြီး ကြာမှ ပြန်တွေ့ရတော့ အရင်ကထက်တောင် ပိုချစ်ဦးမယ်" တဲ့။
သတင်းဆိုးလည်း ရှိပါသေးတယ်။ မြန်မာပြည်နဲ့ သိပ်မဝေးတဲ့ အိန္ဒိယပိုင်ကျွန်းတွေမှာ ပင်လယ်မျှော့ သွားဖမ်းရာက အဖမ်းခံနေရသူတွေ ၉၀၀ နီးပါး ရှိတယ်လို့ နှစ်ကုန်ပိုင်းမှာ သိရပါတယ်။ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့ကနေ အဲဒီဒေသအထိ သွားရောက်ခဲ့သူတွေပါ။ ပင်လယ်မျှော့က မြန်မာ့ပင်လယ်ပြင်မှာ ရှားပါးပစ္စည်း ဖြစ်နေပေမယ့် အက်ဒမင်ကျွန်းတန်းမှာတော့ ပေါများလှတယ်လို့ ဆိုပါတယ်။ တလ ၀န်းကျင် ကြာတဲ့ ပင်လယ်ခရီးဟာ ရေလုပ်သား တဦးကို ဆယ်သိန်းကျော်ရတယ်ဆိုတဲ့ မက်လုံးကြောင့် စွန့်စားကြတာပါ။ ကံမကောင်းချင်တော့ တရားမ၀င် ၀င်ရောက်သူတွေကို ထောင်ဒဏ် ၈ နှစ်အထိ ချဖို့ အိန္ဒိယက ဥပဒေပြင်ဆင်ချက်လုပ်ထားတာ မကြာသေးပါဘူး။
Comments