ပူတာအိုအကျဉ်းထောင်မှ လွတ်မြောက်လာသူ ဒေါ်ဝင်းမြမြနှင့် အင်တာဗျူး
မင်းမင်းလတ်(ရွှေမြစ်မခ)
ဇန်န၀ါ၇ီလ ၁၃၊ မန္တလေးမြို့
မင်းမင်းလတ်(ရွှေမြစ်မခ)
ဇန်န၀ါ၇ီလ ၁၃၊ မန္တလေးမြို့
"အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဖွဲ့ချုပ်ကို သိုင်းမယ် ၀ိုင်းမယ်၊ အလုပ် လုပ်လို့ရတယ်။ နေရာက တော့ လူငယ်တွေ လူလတ်ပိုင်းတွေကိုပေးချင်တယ်"
၂၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပူတာအို အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဒေါ်ဝင်းမြမြကို ၎င်း၏နေအိမ်တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်၊ အဆိုပါမေးမြန်းမှုကို တင်ပြပေး လိုက်ပါတယ်။
မေး။ ။ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့အပေါ် ဒေါ်ဝင်းမြမြအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ ကိုယ်တင်မကပါဘူး တစ်နိုင်ငံလုံးပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို၊ လုပ်ရမယ့် အလုပ်ကို သမ္မတကြီး အနေနဲ့ ခေါင်းထဲမှာထည့်ပြီး စဉ်းစားပြီးတော့မှ ရဲရဲဝင့်ဝင့်နဲ့ ပီပီပြင်ပြင် ပေါ်ပေါ် လွင်လွင် ထင်ထင်ရှားရှား မြင်သာထင်သာ လုပ်ပေးလိုက်တယ်။ ဒါကိုကျေနပ်တယ် ရှေ့လဲပဲ နောက်ထပ်ပြီးတော့ ၀န်ထမ်းတွေ ကျန်ပါသေး တယ် အင်မီဂရေးရှင်းတွေ ၊ ကာစတန်တွေ ၊ ထောက်လှမ်းရေးတွေ သူတို့ကိုလဲ လွှတ်ပေးဖို့ လိုပါတယ်။ ဒီနေ့ လွှတ်ပေးတာကိုလဲ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် လုပ်ကိုလုပ်ရမယ့် အလုပ်ကို လုပ်တယ်လို့မြင်ပါတယ်။ ကျေနပ်မိတယ် ၊ ကျေးဇူးလဲ တင်ပါတယ်။
မေး။ ။ လက်ရှိအစိုးရအဖွဲ့အပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကုန်ခဲ့သော နှစ်ပေါင်း(၂၀)အတွင်းကတော့ မြန်မာနိုင်ငံရေးဟာ တော်တော်ကို အကျည်း တန်ခဲ့တာပါ။ ဒီအကျည်းတန်ခဲ့တဲ့ ကုန်ခဲ့တဲ့ကိစ္စတွေကို ပြည်ဖုံးကားချပြီးတော့မှ လက်ရှိအစိုးရအနေနဲ့က တိုင်းပြည်အတွက်ကို သူတို့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်မယ် လုပ်ကို လုပ်ရမဲ့အလုပ်တွေကို လုပ်မယ် ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စေတနာနဲ့ လုပ်တယ်လို့ မြင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့လဲ ဒီကိစ္စတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ထက်ထက်မြက်မြက် ပိုပြီး လုပ်သွားဖို့ လိုပါတယ်။ (၁)နှစ်လောက်အတွင်းမှာ အခြေအနေတွေ ပြောင်းလဲသွားတယ်၊ မြင်သာထင်သာ ပြောင်းလဲသွား တယ်ဆိုတော့ ပိုကောင်းတာပေါ့။ ပြည်သူတွေရဲ့ ရင်ထဲမှာလဲ ယုံကြည်မှု ပိုရှိသွားမယ် ၊ ခုနက တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီလက်နက်ကိုင်တွေပေါ့နော် ဒီတိုင်းရင်းသား ခေါင်းဆောင်တွေကလဲ နိုင်ငံရေးသမားတွေ ပါပဲ။ ကိုယ့်အမျိုးသားရေးအတွက် ကိုယ်လုပ်ကြတာပါ။ အလွန်ကို လေးစားပါတယ်။ ဒီနေ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ် နိုင်ငံရေးသမားတွေ လွှတ်ပေးနေတယ် ၊ ဒီမိုကရေစီကိုလဲ တရွေ့ရွေ့ ပိုပြီး ထင်သာမြင်သာ ဖြစ်အောင် ပေးနေတယ်ဆိုတာတွေကို တွေ့ရတဲ့အခါ ကျေနပ်ပါတယ်။ ဒါကို ပိုပြီးတော့ သွက်သွက် လက်လက်လေး ဖြစ်စေချင်ပါတယ်။
မေး။ ။ ခုပြန်လွတ်လာတော့ရော နိုင်ငံရေးကိုဆက်လုပ်ဖို့ အစီစဉ်ရှိပါလား။
ဖြေ။ ။ နိုင်ငံရေးကတော့ မသေမချင်း လုပ်မယ်။ အဖွဲ့ချုပ် အလုပ်ကိုလဲ မသေမခြင်း လုပ်မယ်။ သို့သော် အဖွဲ့ချုပ်ရဲ့ တာဝန်တွေကိုတော့ လူလတ်ပိုင်းတွေ လူငယ်တွေကို တာဝန်ပေးချင်တယ်။ ကိုယ်က ဘယ်လိုနေရာမှာရှိရှိ ကိုယ်က ဒီအလုပ်ကို တာဝန်ကျေနေမှာပဲ။ နောက်ထပ် လူငယ်တွေ လူလတ်ပိုင်းတွေ ဒီအနှစ်(၂၀)ကျော်အတွင်းမှာ အဖွဲ့ချုပ်ရဲ့ အလုပ်လုပ်ပေးချင်သူတွေ နောက်ထဲမှာရှိတယ်။ သူတို့လေးတွေကို နေရာပေးချင်တယ်။ အဲဒီအပေါ်မှာ အဖွဲ့ချုပ် တာဝန်ကိုတော့ မယူတော့ဘူး အဖွဲ့ချုပ် အလုပ်ကိုတော့ တောက်လျှောက် စဉ်ဆက်မပြတ် လုပ်နေမယ်။ နိုင်ငံရေးကိုလဲ စဉ်ဆက်မပြတ် လုပ်သွားမယ်။ နေရာမယူပဲနဲ့ လုပ်မယ်။ နေရာကိုတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တာဝန်ပေးချင်တယ်။
မေး။ ။ နေရာမယူပဲလုပ်မယ် ဆိုတာက NLD ပါတီကို ပြန်ဝင်မှာလား မ၀င်ဘူးလား။
ဖြေ ။ ပါတီကိုပြန်ဝင်မယ် ပါတီရဲ့ တာဝန်ပေါ့နော် တိုင်းစည်းတာဝန် မြို့နယ်စည်း တာဝန်ကိုတော့ မယူတော့ဘူး၊ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဖွဲ့ချုပ်ကို သိုင်းမယ် ၀ိုင်းမယ်၊ အလုပ် လုပ်လို့ရတယ်။ နေရာက တော့ လူငယ်တွေ လူလတ်ပိုင်းတွေကိုပေးချင်တယ်။ ကိုယ်ကတော့ ဘယ်လိုမဆို ပါမှဖြစ်မယ်ဆိုတာ သိတယ်၊ ကိုယ့်ကိုလဲပဲ မပါလို့မဖြစ်ဘူး ဆိုတာ လူတိုင်းသိတယ်။ သို့သော်နေရာလေးတွေကိုတော့ ကျန်တဲ့သူတွေကို ပေးချင်တယ်၊ အဲဒီဆန္ဒရှိတယ်။
မေး။ ။ နိုင်ငံရေးသမားတော်တော်များများမှာ နိုင်ငံရေးကြောင့် ကျတယ်ဆိုပေမဲ့ အခြားပုဒ်မတွေ တပ်တာမျိုး ရှိတယ်၊ ဥပမာပုံနှိပ်အက်ဥပဒေတို့ ဆက်သွယ်ရေးဥပဒေတို့ ဆိုပြီး ပုဒ်မတွေ အမျိုးစုံတပ်ပြီး ချခဲ့တာပေါ့။ ဒေါ်ဝင်းမြမြကိုရော ဘယ်ပုဒ်မနဲ့ချပါသလဲ။
ဖြေ။ ။ (၅ည) နဲ့ပါပဲ။ နိုင်ငံရေးပုဒ်မနဲ့ ချပါတယ်။ အမှန်တော့ ဘာအပြစ်မှ မရှိပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြင်မှာ မထားချင်လို့ ထည့်တယ်လို့ပဲ ခံယူတယ်။ ဘာလို့လဲဆိုတော့ အမေရိကန် သံတမန်တွေ သံအရာရှိတွေနဲ့ တွေ့တယ် ၊ တွေ့တဲ့အခါမှာ သံအရာရှိတွေက အဖွဲ့ချုပ် ဗဟိုကို ခွင့်တောင်းပြီးမှ တွေ့တာ။ တရားဝင်တွေ့တာပဲ တိတ်တိတ်ပုန်း ခိုးတွေ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီသံတမန်တွေနဲ့ တွေ့တဲ့အခါမှာ သူက ဘာတုန်းဆိုတော့ NLD မှာ ခုလို မီဒီယာတွေက ပွင့်ပွင့်လင်းလင်း လုပ်လို့ မရဘူး။ မီဒီယာအခွင့်အရေးတွေ မရသေးဘူးဆိုတော့ လုပ်လို့မရဘူး ဖြစ်နေတယ်၊ သတင်းစာထဲမှာပါတဲ့ ကိစ္စတွေ ဥပမာ စဥ့်ကူးမြို့နယ် ရွှေပြည်ရွာက NLD ( ၆၈ ) ဦး နှုတ်ထွက်တယ်။ ရွှေပြည်ရွာမှာ (၆၈)ဦး နှုတ်ထွက်တာ မဟုတ်ဘူး အဖွဲ့ချုပ်ဝင်မှ (၈)ဦးပဲရှိတယ်။ အဲဒါမျိုးကို သံတမန်နဲ့တွေ့တဲ့အခါ သူတို့ကမေးတယ် သတင်းစာထဲမှာ NLD က (၆၈)ဦးနှုတ် ထွက်တယ်မေးတော့ အမှန်အတိုင်းပြောရတယ်လေ။
ကျွန်မ ရွှေပြည်ရွာကို သွားခဲ့တယ်။ သွားပြီးတော့ ချက်ချင်းမေးတယ်။ မေးတော့ အဖွဲ့ချုပ်ဝင် (၈)ဦးပဲ ရှိတယ် (၆၈)ဦးနှုတ်ထွက်တယ် ဆိုတာ သတင်းမှားတယ် လို့ပြောတယ်။ နောက်ပြီးကျတော့ အနောက်မြောက်မြို့နယ် ဆိုင်းဘုတ်တွေ ဖြုတ်ခံရတယ်။ ကျွန်မတို့ NLD ဆိုင်းဘုတ်တွေ ညသန်းခေါင်မှာ လိုက်ပြီး အဖြုတ်ခံရပါတယ် ၊ ဒါတွေပြောတယ် ၊ ( ၁၇ )နှစ်နှစ်အတွင်း နိုင်ငံရေး အခြေအနေတွေကိုပြောပြတယ်။ ဒါက နိုင်ငံခြားသံတမန်တွေက ပြည်တွင်းထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို သုံးသပ်ချင်တဲ့အခါမှာ တာဝန်ရှိတဲ့ NLD ကိုမေးတယ် ၊ ပြောရမှာပဲ။
နိုင်ငံရေးအဖွဲ့အစည်း ဆိုတာ သံတမန်ဆက်ဆံရေးတွေ ရှိတယ်။ ဒါ အပြစ်မရှိပါဘူး။ ပြောတာလဲပဲ ဒါတွေပဲပြောတာပါ။ အဲဒီဟာက တစ်ခု။ နောက်တစ်ခုက မြို့နယ် (၃၀) အစည်းအဝေး တက်ရောက်မှုတဲ့။ မြို့နယ်(၃၀) အစည်းအဝေး ဆိုတာ စက်တင်ဘာဆို အဖွဲ့ချုပ် ထူထောင်တာ နှစ်ပတ်လည်နေ့ ၊ အဲဒီမတိုင်ခင်ကြရင် ဗဟိုရုံးချုပ်က စာထွက်တယ်။ မြို့နယ်မြို့နယ်တွေမှာ ၊ နိုင်ငံရေး စီးပွားရေး ကျန်းမာရေး အစစအရာရာတွေကို တင်ပါ ဆိုတော့ ဒါမြို့နယ်တွေကို အစည်းအဝေးခေါ်ရတယ်။ မြို့နယ်တိုင်းမှာရှိတဲ့ နိုင်ငံရေး ၊ ကျန်းမာရေး ၊ စီးပွားရေး အဲဒါတွေကို တင်ပြတယ်။ ဒါတွေကို ဗဟိုကို ပြန်တင်ပေးရတယ်။ ဒါပဲ အစည်းအဝေး ဆိုတာက။ ဒါကြောင့်မို့လို့ စစ်ကြောရေး မှာပြောတယ်။ ဒီမြို့နယ်(၃၀) အစည်းအဝေးကို ကျွန်မတို့ သွားတက်တာမဟုတ်ဘူး ၊
ကျွန်မတို့တိုင်းစည်းတွေ က ဒီမြို့နယ်(၃၀)အစည်းအဝေးကို ခေါ်လိုက်တာ။ ကျွန်မတို့ တိုင်းစည်းတွေက ဦးဆောင်ပြီး ခေါ်လိုက်တာ။ ကျွန်မတို့ရဲ့ စက်တင်ဘာ ၂၇ရက်နေ့မှာ မြို့နယ်တိုင်းရဲ့ အခြေခံ ကျန်းမာရေး နိုင်ငံရေး စီးပွားရေးတွေကို ဗဟိုကို တင်တာ။ ဒါပဲ ။ အဲဒါနဲ့ဖမ်းခံရတာ။
မေး။ ။ထောင်ဒဏ်ဘယ်နှစ်နှစ် ချခံရပါလဲ။
ဖြေ။ ။ချခံရတာတော့ (၁၂)နှစ် ၊ အယူခံ(၄)နှစ်နိုင်တယ် (၈)နှစ်ကျတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ စပြီး ထိန်းသိန်းလိုက်တယ်။ စစ်ဆေးရေးစခန်းမှာ (၈)ရက် နေ့ည မအိပ်ရပါဘူး။ စစ်ကြောပါတယ်။ အောက်တိုဘာ (၅)ရက်နေ့မှာ ထောင်ကို ပို့လိုက်တယ်။ ထောင်ကိုပို့လိုက်ပြီးတော့ နောက်နှစ် စက်တင်ဘာကျတော့မှ ရုံးတင်တယ်။ တစ်လတိတိနေပြီး အောက်တိုဘာကျတော့မှ ပြစ်ဒဏ်တွေ ချလိုက်တယ်။ ပြစ်ဒဏ်တွေချပြီး မတ်လ(၂၃)ရက်နေ့ကျမှ မြစ်ကြီးနား ပို့လိုက်တယ် (၂၈)ရက်နေ့ကျတော့ ပူတာအိုကို ဆက်ပို့ လိုက်တာပါ။ အဲဒီတော့ လေးနှစ်ကျော်ကျော်နေခဲ့ရပါတယ်။ သို့သော်လဲပဲ သူတို့ တစ်နှစ်ကျော်ကျော် ချုပ်ထားတာကို လျှော့ရက် မပေးဘူး ၊ ပေးတာ မပေးတာတော့ ထားလိုက်တော့လေ။ သူတို့ လွှတ်ချင် လွှတ်မှာပဲ ထားခြင် ထားမှာပဲ အဲဒါကိုတော့ ဘယ်လိုမှ မအောင့်မေ့ပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ အကြုံးဝင်ပြီး လွတ်လာတာပါ။
မေး။ ။ နေခဲ့ရတဲ့အတွေ့အကြုံကိုရော ပြောပြပေးနိုင်မလား။
ဖြေ။ ။ နေရတဲ့အတွေ့အကြုံ ဆိုတာကတော့ ထောင်တိုင်းထောင်တိုင်းမှာက မနက်မုန့် ၊ နေ့လယ် ထမင်း ၊ ရေ ၊ မီး ပေးနိုင်ရင်ကတော့ ဒါ ထောင်တာဝန်က ကျေပြီလေ။ ကျန်တဲ့ပြည့်စုံမှု ဆိုတာကတော့ အိမ်ကလာရင် လာသလောက် အဆင်ပြေကြရတာပါပဲ။ အထဲထဲမှာကတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ၊ ကိုယ့်အိမ်မှာနေသလိုပဲ ကျန်းမာရေး ဂရုစိုက်တယ်။ ရောက်တဲ့ထောင်မှာတော့ ကိုယ့်အိမ်မှာနေသလိုပဲ ရောက်တဲ့ အရပ်မှာပဲ ဘုရားဝတ်ပြုချိန် ၀တ်ပြုတယ်။ ကျမ်းစာ ဖတ်ချိန် ဖတ်တယ် ။ စားချိန်စား သောက်ချိန်သောက် ဒီလိုပဲ နေလိုက်တယ်။ သောက သိပ်မထားဘူး ။ မန္တလေးထောင်ရောက်တော့လဲ သြော် ငါဒီမှာနေရမှာပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အောက်မေ့တယ်။ မြစ်ကြီးနားထောင်ရောက်တော့လဲ ဒီမှာနေရမှာပဲ ဒါပဲ ၊ အေးအေးလေးပဲ နေလိုက်တယ်။ ပူတာအိုရောက်တော့လဲ ဒီမှာနေရမှာပဲ ဒီလိုပဲနေလိုက်တယ်။ ဘာကြောင့်မို့လို့လဲ ဆိုတော့ အကျင့်သီလကောင်းပြီး ကောင်းတဲ့ အလုပ် လုပ်တာပဲလေ။ အိမ်မှာနေတာနဲ့ ဟိုထဲမှာနေတာနဲ့ ဒီလိုပဲနေလိုက်တယ်။ တစ်ခြားခေါင်းထဲမှာ ဘာမှ မထားဘူး။ ထောင်ကျနေတယ်လို့လဲ မထားဘူး ဘာလို့လဲဆိုတော့ ကောင်းတဲ့ အလုပ်ကို လုပ်ပြီး ထောင်ထဲ ထည့်ထားတာပဲလေ ဟုတ်တယ်မလား။ အဲဒီအခါကျတော့ ဘယ်အရပ်မှမဆို ကိုယ်ရောက်တဲ့နေရာမှာ ကိုယ် အကျိုးရှိအောင်နေမှာပဲ။ အဲဒါပဲ။
မေး။ ။ ဒီလေးနှစ်အတွင်းမှာ ဘယ်နှစ်နေရာပြောင်းခဲ့ရသေးလဲ။
ဖြေ။ ။ ဘယ်နှစ်နေရာလဲဆိုတော့ မန္တလေးကနေ ပူတာအိုကိုပြောင်းတဲ့အခါကျတော့ မြစ်ကြီးနားမှာ ခဏ၀င်ရတယ်။ ထရန်စစ်ပေါ့။ မန္တလေးကနေမှ လေယာဉ်နဲ့ မြစ်ကြီးနားကို ပို့တယ်။ မြစ်ကြီးနားကနေမှ လေယာဉ်နဲ့ ပူတာအိုသွားတယ်။
မေး။ ။ ဒီနေ့ပြန်လွှတ်မယ်ဆိုတာရော ကြိုတင်ပြီး အကြောင်းကြားထားတာ ရှိလား။
ဖြေ။ မနက်က (၈)နာရီလောက်မှာ ထောင်မှူးမလေးက လာပြောပါတယ်။ ထောင်မှူးတစ်ပွင့် လေးက။ အဘွား တဲ့ အဘွားလွတ်မယ် ထင်တယ် တဲ့။ အဖွားပစ္စည်းလေးတွေ သိမ်းထားပေးပါလား တဲ့။ အဖွားကတော့ လွတ်ပြီဆိုမှ သိမ်းမယ် ။ မဟုတ်လဲ ကိုယ့်ပစ္စည်းက စံနစ်တကျထားထားတာလေ။ သို့သော်လည်း ကိုယ့်ရှိတဲ့ပစ္စည်းတွေက ဟိုမှာရှိတဲ့ အကျဉ်းသူတွေကို ပေးခဲ့ဖို့ စီမံဖို့ လိုတယ်လေ။ လွတ်ပြီ ဆိုမှပဲ သိမ်းမယ်ဆိုတော့ ။ ခဏနေကြတော့ အဖွား အဖွားနာမည် ပါတယ် ဆိုတော့မှ ပေးစရာရှိတာတွေ ပေးလိုက်တယ်။ အဲဒီမှာတင် ရုံးက လာခေါ်တယ်။ ရုံးမှာ ၆၁ ယောက် ရောက်နေပြီ။ ထောင်မှူးလဲ ရောက်နေပြီ။ သူတို့လဲ မြန်မြန်ဆန်ဆန် လုပ်တာပါ။ လေယာဉ်ကွင်းရောက်တော့ လေယာဉ်ကရောက်နေပြီ။ အဲဒီလေယာဉ်စင်းလုံးနဲ့ ရန်ကုန်ကလူရန်ကုန်။ မန္တလေးကလူ မန္တလေးပေါ့။ နိုင်ငံရေးသမားတော့ တိုက်ထဲမှာရှိတဲ့သူ အကုန် ကုန်သွားပါပြီး ကျန်တာကတော့ အင်မီဂရေးရှင်း ၊ ကာစတန်ပါမယ် ၊ ရဲပါမယ် ၊ ထောက်လှမ်းရေးပါမယ်။ အကုန်လုံး လူကြီးလူကောင်းပါပဲ။ (၁၀၅)ကိစ္စတုန်းကပေါ့ နိုင်ငံရေးသမားကတော့ (၃၀) ၀န်းကျင်ဖြစ်ပါလိမ့်မယ်။ အားလုံး (၆၁)ယောက်ပါ။
မေး။ ။ ဗိုလ်ချုပ်ခင်ညွန့်ပြန်လွတ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကောင်းပါတယ်။ အကုန်လုံးကို လွှတ်တယ်ဆိုတာ ဒီနေ့လက်ရှိ အစိုးရအပေါ် လူတွေရဲ့ရင်ထဲမှာ ယုံလာမယ်လေ။ ကောင်းတာတွေလုပ်တယ် ဆိုပြီး ။ လူတွေက အစကတည်းက နိုင်ငံရေးလုပ်တယ် ဆိုတာ လူပုဂ္ဂိုလ်စွဲနဲ့ လုပ်နေတာ မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး လုပ်တယ်ဆိုတော့ အလုပ် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို လက်ခံတယ် ဆိုတာ ချီးကျူးတယ် ။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို ခုလို လက်ခံတယ်ဆိုတော့ တိုင်းပြည် တိုးတက်တယ်လေ။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို ဘေးဖယ်ထားရင်တော့ မတိုးတက်ဘူး။ ဒီကိစ္စက လွန်ခဲ့တဲ့အနှစ်(၂၀)က စပြီးတော့ ဒီလိုအစိုးရမျိုးနဲ့ လုပ်ခဲ့ရင် ဒီနေ့မြန်မာနိုင်ငံဟာ အများကြီး တိုးတက်နေပြီ။ ခုဟာ နိုင်ငံရေးသမားတွေ နိုင်ငံရေး ဒီမိုကရေစီရေး ဆိုတာပြောခွင့် မရှိဘူး။ ပြောရင် အကုန် ဆွဲထည့်လိုက်တာ အဲဒါတွေက ဆုတ်ယုတ်ကုန်တာ။
မေး။ ။ ရှေ့လုပ်ငန်းစဉ်တွေမှာရော ဗိုလ်ချုပ်ခင်ညွန့်ကို အလုပ်လုပ်ဖို့ ပြန်လည် လက်တွဲ ခေါ်ယူမယ် ဆိုရင် ဘယ်လိုများ ဖြစ်နိုင်ပါလဲ။
ဖြေ။ ။ အဲဒါကတော့ အာဏာပိုင်တွေရဲ့အပိုင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အပိုင်းဖြစ်နေတော့ ကိုယ်ကိုယ်တိုင် မဟုတ်တဲ့အတွက် မဖြေနိုင်ပါဘူး။
မေး။ ။ နောက်ထပ် ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ဒီနေ့အစိုးရဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ဒီအလုပ်ကိုပဲ ဒီ့ထက်ပိုပြီး ပေါ်လွင် ထင်ရှားအောင် သွက်သွက် လက်လက်လေးနဲ့ လုပ်ပေးဖို့လိုပါတယ်။ ဒီနိုင်ငံဟာ အနှစ်(၂၀) ကျော်ကြီး ဆုတ်ယုတ်လာခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်သူရော အာဏာပိုင်ရော တိုင်းရင်းသား ခေါင်းဆောင်တွေရော နိုင်ငံရေး အင်အားစုတွေရော အားလုံးဟာ တော်တော် ပင်ပန်းလာကြပါပြီ။ ဒီအစိုးရအသစ် အနေနဲ့ကတော့ အရင်တုန်းက ကိစ္စတွေကို လက်ခံပါတယ် ။ ရွေးကောက်ပွဲ ဆိုလဲ ဘယ်လို ရွေးကောက်ပွဲဖြစ်ခဲ့တယ်။ ဘယ်လို အရေးယူခဲ့လဲ။ ဒါကို သမိုင်းကောင်းချင်လို့ လက်ရှိအစိုးရက လုပ်တယ်လို့မြင်ပါတယ်။ သမိုင်းကောင်းအောင် လုပ်ဖို့ လူတိုင်းမှာ တာဝန် ရှိပါတယ်။ ဒါပေမဲ့ ဒီထက်က ပိုပြီးသွက်သွက်လေး လုပ်ဖို့ လိုပါတတယ်။ ကြိုလဲ ကြိုဆိုပါတယ်။ ခုလို လွှတ်ပေးတာကိုလဲ ကျေနပ်ပါတယ်။ ဒါကြောင့်မို့လို့ သမ္မတကြီး ဦးသိန်းစိန်ကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ် သားသားနဲ့ ဆက်ပြီးလုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။
ခုလိုဖြေကြားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။
Kyawswe Myint, Ye Min Tun, Rozoner King and 34 others like this.
22 shares
Htein Lin ကျွန်တ်ာတို့ မန်းထောင်မှာနေစဉ်ကာလတလျောက်လုံး အပြင်က ပံ့ပိုးကူညီမှုတွေပေးခဲ့ ကျေးဇူးရှင်ကိုခုမှ ပဲ မြင်ဖူးခွင့်ရတော့တယ်။
Khaing Soelynn let me share!
Yeyint Kyaw ကျွန်တော်တို့ မန္တလေးထောင်ထဲ ကျခံနေ၇စဉ်က နယ်ဝေးမှ အကျဉ်းကျနေသူများ၏ ထောင်ဝင်စာကျပ်တည်းမှု ကို အားသွန်ခွန်စိုက် (မိမိစီးပွားပျက်အောင် ဖိအားပေးခံရသော်လည်း) မရွံ့တမ်း နောက်မဆုတ် ဆောင်ရွက်ပေးခဲ့တဲ့ ရှားရှားပါးပါး အမျိုးသမီး တစ်ဦးပါ။
Ashin Htavara တစ်ချိန်က နိုင်ငံရေးကို
အမှတ်မထင် လမ်းပြပေးခဲ့သော ဒါကာမာကီး ကျမ္မာနေတာတွေရလို ၀မ်းသာပတိဖြစ်ရပါတယ်
အားလုံးကိုသတိရလျှက် တစ်ချိန်က ဦးဇင်းလေး
Kaythi Aye ဒေါ်ဝင်းမြမြ.စွန့် လွတ်ပြီးတိုင်းပြည်တွက် လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူပါတယ်
Pearl Phyu Share ပါရစေ...
Myo Thwe သူရဲကောင်းတဦးရဲ့ဓတ်ပုံအခုမှပဲမြင်ဖူးတော့တယ် မင်္ဂလာပါကြီးမေ
Comments