interviews and news stories on prisoner issue


ဇန်န၀ါရီ ၁၃ ရက်နေ့ အကျဉ်းသား လွတ်သတင်းများ၊ အင်တာဗျူးများ
မိုးမခက စုစည်းသည်


ဒေသခံတွေနဲ့ မင်းကိုနိုင်
ဘေဘီနီလာသိန်းရဲ့ ဖခင် ကိုဂျင်မီ


ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ



ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး”

မျိုးသန့် | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ


(ဦးခွန်ထွန်းဦး နှင့် အင်တာဗျူး)



အမှုတွေကတော့ ဘာမှုတွေလဲ မပြောတတ်ဘူး”

ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ


မဂ္ဂင် ဆရာတော်နှင့် အင်တာဗျူး


၈၈ တွေ အကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ်”



ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ


(စစ်တွေထောင်မှ ၈၈ မျိုးဆက်ကျောင်းသား ကိုသန်းတင်နှင့် အင်တာဗျူး)



ဗကသ မဟန်နီဦးနှင့် အင်တာဗျူး
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ

 
အာဃာတ မရှိ၊ နိုင်ငံရေးမလုပ်တော့၊ ကံ ကံ၏အကျိုး သဘောပေါက်သွား”


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ


လွတ်မြောက်လာသည့် ဦးခင်ညွန့် ပြောစကားများ


သောကြာ, 13 ဇန်နဝါရီ 2012



ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး နိုင်ငံရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်


By ကိုမိုးဇော် VOA
သောကြာ, 13 ဇန်နဝါရီ 2012



ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့် လွတ်မြောက်သူတွေထဲပါ


By မစုမြတ်မွန်VOA
သောကြာ, 13 ဇန်နဝါရီ 2012



လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်


By မစုမြတ်မွန် VOA



ယုံကြည်ရာကို ခွန်အားအဖြစ် ပြောင်းပြီး နေ့ရက်တွေကို ကျော်ဖြတ်ခဲ့သူ -


By featured, ဧရာဝတီ on January 13,


မနီလာသိန်း အင်တာဗျူး



နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး”


By featured, ဧရာဝတီ on January 13


ကိုကိုကြီး အင်တာဗျူး




လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ


By featured, ဧရာဝတီ on January 13,


နေဘုန်းလတ် အင်တာဗျူး




တကယ်ငြိမ်းချမ်းရေးရချင်ရင် အားလုံးနဲ့ စကားပြော”


By featured, ဧရာဝတီ on January 13,


ဦးခွန်ထွန်းဦး အင်တာဗျူး



ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား လုပ်ဆောင်မယ့်သူ


By featured, ဧရာဝတီ on January 13,


မင်းကိုနိုင် အင်တာဗျူး



ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို


By featured, ခင်ဦးသာ on January 13, ဧရာဝတီ


======================================
မိုးမခက စုစည်းသည်




ဘေဘီနီလာသိန်းရဲ့ ဖခင် ကိုဂျင်မီ
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုအား လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုလည်း သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးထောင်မှ သောကြာနေ့က လွတ်မြာက်လာသည်။ ဇနီးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းလည်း ရန်ကုန်တိုင်း သာယာဝတီထောင်မှ လွတ်မြောက်လာပြီ ဖြစ်သည်။
 အဖမ်းခံရစဉ်က သမီးငယ် ဘေဘီနီလာသိန်း (ခေါ်) ဖြူနေခြည်မင်းယု မှာ ၄ လအရွယ်မျှသာ ရှိသေးပြီး ယခု ပြန်လွတ်လာချိန်တွင် ၅ နှစ်အရွယ် သမီးလေးအား ခုချိန်ထိ မတွေ့ရသေးပေ။ တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည့် ကိုဂျင်မီကို မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်း ထားသည်။
သမ္မတ ဦးသိန်းစိန်မှ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်ဆိုပြီး ခုလို အကိုတို့ ၈၈ ကျောင်းသားတွေကို လွတ်ပေး လိုက်တဲ့အပေါ် ဘယ်လို ထင်လဲ။

လွတ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် အကိုတို့ တောင်ကြီးတောင်က ၁၁ ယောက်ထဲမှ ၁ဝ ယောက်ပဲ လွှတ်တယ်။ တယောက် မလွတ်ဘူး။ ဦးရွှေထူး။ သူ ကျန်နေခဲ့တယ်ကွာ။ သူက သာမန် ကျောင်းဆရာ ပဲ။ အဲဒါ မကောင်းဘူး။ လွှတ်ပေးစရာရှိရင်လည်း အကုန်လုံး လွှတ်ပေးလိုက်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတယ်ဆိုတာ တိုင်းပြည် ကောင်းကျိုးအတွက် ဖြစ်တယ်။ တကမ္ဘာလုံးက ဒီလိုလွှတ်ပေးတာက ကောင်းတယ်လို့ ပြောချင်တယ်။

အကို လွတ်လာပြီးတော့ ပထမဆုံး ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ။
လွတ်လာတာနဲ့ သူငယ်ချင်းတွေ အားလုံးဆုံမယ်။ ဆုံပြီးတော့ ဆုံးဖြတ်ချက်တခု ကျရမှာပေါ့နော်။ အခု လောလောဆယ်မှာတော့ အစိုးရသွားနေတဲ့ လမ်းကြောင်းက ဟိုးအရင်က လမ်းကြောင်းနဲ့ သွားတူနေတာ တွေ့ရတယ်။ အဲဒါကို ဆက်ပြီး မောင်းနှင်ရမယ်။ ဆိုလိုချင်တာက တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသို့ ဆိုတဲ့ လမ်းကြောင်းပေါ့နော်။ အဲဒါကို ရဖို့ အကိုတို့ နှစ်ရှည်လများ ကြိုးစားခဲ့ တာလေ။ ဒါကို အစိုးရက လက်ခံလာပြီး ဒီအတိုင်းသွားမယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီဥစ္စာကိုပဲDraft လုပ်သွားရမှာပေါ့။

၈၈ အဖွဲ့ကို တရားဝင်ပါတီဖြစ်ဖို့ ရွေးကောက်ပွဲဝင်မယ် စိတ်ကူးရှိလား။
ဒါကလောလောဆယ် မဆုံးဖြတ်ရသေးဘူး။ အားလုံးဆုံပြီးတော့မှ ဆုံးဖြတ်မယ်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။
ဒါက လက်ခံပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲဝင်ရင် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ အထဲမှာ နေကတည်းကနေ ပြောထားပြီးသားဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ သွားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲလုပ်ဆောင်နေမှုကိုတွေကို ဘယ်လို မြင်လဲ။
သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေမှုတွေကို ဂျာနယ်တွေထဲကနေ ဖတ်ရပါတယ်။ ဒါတွေဟာ အပြုသဘောဆောင်တဲ့ ကိစ္စတွေ၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တယ်ဆိုတာကိုလည်း ရည်ညွန်း နေကြတာပေါ့ဗျ။ ဒါကတော့ ကြိုဆိုသင့်တဲ့ အပိုင်းကို ကျနော်တို့ ကြိုဆိုမှာပါ။ လုပ်သင့်လုပ်ထိုက်တဲ့အပိုင်းကို လုပ်တယ်ဆိုတာကလည်း ကျနော်တို့ လေးလေးနက်နက်လက်ခံတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော်ပြောချင်တယ်။ အဲဒီအတွက် ကျနော်တို့ကလည်း အဲဒီလုပ်စရာ အများကြီးရှိတဲ့ ရှိတဲ့ ဒီလုပ်ငန်းတွေအတွက်ကို ကျနော်တို့လည်း ပူးပေါင်းပြီးတော့ အင်တိုက်အားတိုက် ဆောင်ရွက်မယ်ဆိုတာကို ပြောချင်တယ်။

အစိုးရဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ် ရပ်ဆိုင်းရေးတွေလုပ်နေပြီ၊ ဒီလို ဆွေးနွေးမှုတွေ အပေါ်မှာ ဘယ်လိုသဘောရလဲ။
ဒါတွေက တကယ်လုပ်ရမယ့် အချက်ဘဲ။ ဒါက ကျနော်ဆိုလိုချင်တဲ့ concept ပေါ့။ တွေ့ဆုံဆွေးနွေးရေးမှ တဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို သွားမယ်ဆိုရင် ဒါတွေ အကုန်သွားရမယ်။ အပစ်အခတ်ရစဲရမယ်။ ဒီကနေ ငြိမ်းချမ်းရေးသွားမယ်။ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေးမရှိရင် ဘယ်တိုင်းပြည်မှ မတိုးတက်ဘူး။ ဒီ concept ကို လက်ခံထားမယ်ဆိုရင် ငြိမ်းချမ်းရေး မဖြစ်ဖြစ်အောင် လုပ်ရမယ်လို့ မြင်ပါတယ်။

ပြည်တွင်းပြည်ပမှာ ရှိနေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကိုရော ဘာများ ပြောချင်လဲ။
ပြောချင်တယ်။ အပြင်မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေဟာ သူတို့ ယုံကြည်ချက်တွေကို စွန့်လွတ်ပြီး တော့ နိုင်ငံခြားကို ထွက်ခွာသွားရတာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်တယ်။ အခု ကျနော်တို့ လွတ်လာ ပြီ တိုင်းပြည် တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်။ သူတို့ကြီးပဲ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူတို့ မြန်မာပြည်ကို ပြန်လာပြီးတော့ လွတ်လွတ်လပ်လပ် ကျနော်တို့နဲ့အတူ တာဝန် ထမ်းဆောင်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးစားသွားမယ်။ သူတို့လည်း ဒီမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အင်အားတွေ ဖြည့်ထားပါလို့ ကျနော်ပြောချင်တယ်။

ကျမ ကြားရသလောက် လူ့အခွင့်အရေး မြင့်တင်ရေးကွန်ယက် ဦးမြင့်အေးကို မလွတ်ပေးသေးဘူးလို့ ကြားရတယ်။ အဲဒီအပေါ် ဘာကြောင့်လို့ ထင်လဲ။
ဒါ သိပ်ဆိုးတဲ့ ကိစ္စရပ်တွေဗျာ။ ဒီလိုတွေ လူကောင်းတွေပါ။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့လူတွေပါ။ ကျနော်တို့ အာမခံပါတယ်။ ဒီလူတွေကို လွှတ်ပေးသင့်ပါတယ်ဗျာ။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် တိုင်းပြည်အကျိုးရှိမယ်ဆိုတာ သိဖို့ဘဲ။ တကယ်ကျနော်တို့ တာဝန်ယူပါတယ်ဗျာ။

အခုနောက်ဆုံး မေးခွန်းအနေနဲ့ နှစ်ပေါင်းများစွာ ခွဲနေရခဲ့ရတဲ့ သမီးလေးကို တွေ့ရတော့မယ် ဆိုတော့ ဘယ်လိုခံစားရလဲ။
အဖေတယောက်အနေနဲ့ ဝမ်းသာတာပေါ့။ လူသားတယောက်အနေနဲ့ ဝမ်းသားပါတယ်။ ဒါပေမယ့် သေချာ တာတခုတော့ သမီးလေးကလေ ဒီအခြေအနေထဲကို တော်တော်စဉ်းစားပြီးတော့ ဝင်လာတဲ့သမီးပါ။

ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး
မျိုးသန့် | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ
(ဦးခွန်ထွန်းဦး နှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက သူ့ကို စွဲချက် တင်ခဲ့သည့် နိုင်ငံတော်ပုန်ကန်မှုနှင့် ပတ်သက်၍ သူသည် နိုင်ငံတော် ပုန်ကန်သူ တဦး မဟုတ်ဟု ငြင်းဆိုလိုက်ပြီး မိမိ နိုင်ငံတော် ပုန်ကန်သည်မှာ မှန်ကန်ပါက ဖမ်းသည့်နေရာတွင်ပင် ပစ်သတ်ကာ အပြစ်ပေး၍ရကြောင်း မဇ္ဈိမကို ပြောသည်။
ကြာသပတေးနေ့က နိုင်ငံသမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးခဲ့ရာ ဦးခွန်ထွန်းဦး အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ သောကြာနေ့က ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
အသက် ၆၇ နှစ်ရှိ ဦးခွန်ထွန်းဦးကို လွတ်မြောက်လာမှုအပေါ်အမြင်၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ တိုင်းရင်းသားအရေး၊ SNLD ရှေ့ဆက်လုပ်ဆောင်သွားမည့် အပေါ် သုံးသပ်ချက်များ၊ အဖမ်းခံရမှုနှင့်ပတ်သက်၍ သူ၏ ခံစားမှု စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်းဖြစ်သည်။
၂ဝ၁ဝ ခုနှစ်အတွင်း ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှာ ရှမ်းလူမျိုး အတိုက်အခံများကို စုစည်းပေးမည့် ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ်
နိုဝင်ဘာလအတွင်းက ဖမ်းဆီခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ်ကျခံရန် အပြစ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။

ပထမဆုံး မေးချင်တာက အန်ကယ်တို့ လွတ်လာမယ်ဆိုတာ ကြိုပြီးတော့ ပြောတာရှိလား။ ကြိုပြီး သိရသလားခင်ဗျ။
"ကြိုပြောတာတော့ မရှိဘူး။ ဒါပေမယ့် ညနေပိုင်း သတင်းတော့ကြားတယ်။ ထူးတယ်ထူးတယ်ပေါ့။ ည ရှစ်နာရီ ခွဲလောက်ကျတော့ ထောင်ဝန်ထမ်းလေးတွေက ကျနော်ပါတဲ့အကြောင်း လာပြောတော့ သိရတာပါ။"

လွှတ်ပေးလိုက်တာမှာ ခံဝန်ချက်တို့ လက်မှတ်စုံတရာ ထိုးခဲ့ရတာရှိလား ခင်ဗျာ။
 “ကျနော် ဘာမှ မထိုးခဲ့ရပါဘူး။

အခုလို လွတ်လာတဲ့အပေါ်မှာကော ဘယ်လိုခံစားမှုဖြစ်လဲ။
"ကျနော် ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး။ ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းဆီး ထောင်ချ ထားတာလို့ပဲ မြင်ပါတယ်။"

ဟုတ်ကဲ့ အန်ကယ့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်လို့လည်း သိရတယ်၊ တကယ်ကော နိုင်ငံတော် ပုန်ကန်မှု မြောက်ရဲ့လား။
"ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းသွားတာသာ ဖြစ်ပါတယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်။ ကျနော် SNLD ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီလိုမျိုး လုပ်မလားဗျာ၊ ပြောတာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ ကျနော့်ကို ဖမ်းတယ်လို့ပြောတယ်။ ကျနော် တကယ်သာ နိုင်ငံတော်ပုန်ကန်တာ မှန်ခဲ့ရင် ဖမ်းစရာမလိုဘူး၊ တခါတည်း ပစ်သတ်လိုက်ပါ။ နောက်တခုက ရှမ်းပြည်အတိုင်ပင်ခံ အဖွဲ့ဖွဲ့လို့ ဖမ်းတယ်လို့ပြောတယ်။ တခြားသူတွေလည်း ဖွဲ့တာပဲ ကျနော်တို့ ရှမ်းတွေကိုမှ ဖမ်းတယ်ဗျာ။"

အစိုးရက အခုလွှတ်ပေးတာဆိုရင် လေးကြိမ်မြောက်လွှတ်ပေးတာပေါ့။ အဲဒီလို တဖြည်းဖြည်း လွှတ်နေရင်းက အန်ကယ်တို့လို နိုင်ငံရေးအကျဉ်းသားတွေ ပါလာတယ်။ ဒီလွှတ်ပေးမှု အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။
မစ္စကလင်တန်ကိုလည်း ကတိပေးလိုက်ပြီ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုလည်း ယူမယ်ဆိုတော့ သူတို့အနေနဲ့ ဒီဟာကို နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးလို့ မရတော့တဲ့ အနေအထားပေါ့။ အဲဒါကြောင့် ကျနော်တို့ကို ဆက်ထားလို့ မဖြစ်တော့လို့ လွှတ်ပေးလိုက်တယ်လို့ ထင်ပါတယ်။ အစိုးရက လမ်းကြောင်း ပြောင်းလာပြီ ဒီမိုကရေစီ လမ်းကြောင်းကို သွားမှဖြစ်တော့မယ်။"

သမ္မတရဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အရ ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လွှတ်ပေးတယ်ပေါ့။ တကယ်ကော ဒီရည်ရွယ်ချက်တွေ ဆန္ဒတွေနဲ့ လွှတ်ပေးတယ်လို့ အန်ကယ်ထင်သလား။
"ကျနော် ဒီအပေါ်မှာတော့ ၅၅ ရာခိုင်နှုန်းပဲ ယုံကြည်ပါတယ်။ ရာနှုန်းပြည့်တော့ မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ကပဲ ကရင်နဲ့ လက်မှတ်ထိုးလိုက်တယ်။ ကချင်ဘက်မှာတော့ စစ်ဖြစ်နေတုန်းဆိုတော့ ကျနော် အပြည့်အဝ ယုံကြည်လို့ မရသေးပါဘူး။"

အန်ကယ် ထောင်ကျခံရတဲ့ကာလတုန်းကတော့ စစ်အုပ်ချုပ်ရေးပေါ့၊ ခုတော့ အရပ်သား အစိုးရတော့ ပေါ်လာပြီလို့ ဆိုကြတယ်။ ဆိုတော့ ထောင်က ထွက်ထွက်ချင်း ထူးခြားတဲ့ ပြောင်းလဲမှုတခု ဘာမြင်ရ သလဲ။
"တော်တော်တော့ ပြောင်းလဲ တိုးတက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး၊ ဒါပေမယ့် ထူးခြားတာကတော့ မီဒီယာသမားလေးတွေ တော်တော်လေး များလာတာ တွေ့ရပါတယ်။ အဲဒါကလည်း တိုးတက်ပြောင်းလဲမှုလို့ ထင်ပါတယ်။"

မီဒီယာသမားတွေ များလာတာကို တိုးတက်မှုလို့ ဘာ့ကြောင့်ပြောနိုင်တာလဲခင်ဗျာ့။
"မီဒီယာဆိုတာ ခင်ဗျားလည်းသိပါတယ်၊ ကျနော်တို့ ထောင်ထဲမှာနေရတာက ဟင်းကိုမလို သတင်းသာ လိုတယ်လို့ ပြောကြတာကိုး။ အပြင်မှာ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ မီဒီယာတွေကတဆင့် သိရတာ ဖြစ်ပါတယ်။ ဒီလို မီဒီယာက တိုးတက်လာတာကို ကျနော် တော်တော်လေး အားရပါတယ်။"

အစိုးရသစ် တက်လာအပြီးမှာကော ထောင်တွင်း ပြောင်းလဲမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
"ကျနော်တို့ ဂျာနယ်တွေ ထွက်သမျှ ဖတ်ခွင့်ရပါတယ်၊ TV လည်းကြည့်လို့ ရတယ်။ ရေဒီယိုလည်း ခိုးနားထောင်လို့ ရတယ်ပေါ့။ နောက် ထောင်ဝန်ထမ်းတွေ ကျနော်တို့ အပေါ်မှာ ဆက်ဆံတာတွေလည်း ညင်ညင်သာသာ ရှိပါ တယ်။ ဒီ ၂ဝ၁ဝ အတွင်းမှာတော့ ထောင်တွင်းမှာ ပြောင်းလဲလာပါတယ်။"

ပြောင်းလဲမှုလို့ ပြောလို့ရနိုင်တဲ့ အခြားတချက်လည်း ရှိပါသေးတယ် NLD ရွေးကောက်ပွဲ ဝင်တဲ့ အချက်ပေါ့။ အဲဒီအပေါ်မှာကော အန်ကယ် ဘယ်လိုသဘောထားပါသလဲ။
"NLD ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာတော့ ကျနော်သဘောထား မပေးလိုပါဘူး။ ဒါပေမယ့် NLD ဟာ ပြည်သူ လူထု ရှေ့က ရပ်တည်ဖို့ အတွက် ရွေးကောက်ပွဲ ဝင်တယ်လို့ ထင်ပါတယ်။ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်နိုင်မယ်လို့လည်း ယူဆပါတယ်။"

အန့်ကယ့်ရဲ့ ပါတီဖြစ်တဲ့ SNLD ဟာလည်း NLD နဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ညီနောင်ပါတီလို့ ပြောရင် ရတယ်ပေါ့။ ဒီ ညီနောင်ပါတီတခုဖြစ်တဲ့ NLD က ရွေးကောက်ပွဲဝင်သွားပြီဆိုတော့ SNLD ရဲ့ အလား အလာကကော အန်ကယ့် တဦးတည်း သဘောထားကို ပြောပြပေးပါ။
"ကျနော့်တဦးတည်းအမြင်ကတော့ SNLD တရားဝင်ပါတီမဖြစ်ရင်၊ ကျနော်တို့ စာရွက်စာတမ်းတွေအကစ ထုတ်လို့ မရနိုင်ဘူး၊ SNLD မှတ်ပုံတင်ကောင်းတင်မယ်။ ရွေးကောက်ပွဲတော့ ဝင်ဖို့ အချိန်မရတော့ဘူးပေါ့။ တရားဝင်ပါတီ တခုဖြစ်မှသာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကတော့ ကျနော့် တဦးတည်းရဲ့ သဘောထားပါ။ ဒီကိစ္စတွေ ကျနော့်ပါတီဝင်တွေနဲ့ ဆွေးနွေးရဦးမှာပါ။"

နောက်ချက်ကတော့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ လုံးပန်းနေတာရှိတယ်။ ဒီလိုမျိုး လုပ်နေတာတွေ အောင်မြင်ဖို့ အလားအလာ ဘယ်လို မြင်ပါ သလဲ။
"ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့ကိစ္စတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ ပြည်ထောင်စုက ခွဲထွက်ဖို့မဟုတ်ပါဘူး။ ဒီကိစ္စဟာ အနာလည်းသိ ဆေးလည်းရှိပြီး ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ပြေလည်အောင်လုပ်ပေးဖို့ လိုပါတယ်။"

ဒီကိစ္စတွေကိုကော အစိုးရက လုပ်ပေးလာမယ်လို့ ယူဆလို့ရမလား။
ခုဏ ကျနော် ပြောသလိုပဲ ကျနော် ၅၅ ရာခိုင်နှုန်းပဲ အခု အစိုးရကို အမှတ်ပေးထားပါတယ်။

လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ။
"လောလောဆယ်တော့ ကျနော်ဘာမှ မစဉ်းစားရသေးပါဘူး။ SNLD ကိစ္စတော့ ကျနော့် ဗဟိုကော်မတီဝင်တွေနဲ ဆွေးနွေးတိုင်ပင်ရပါဦးမယ်။"

အမှုတွေကတော့ ဘာမှုတွေလဲ မပြောတတ်ဘူး
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ
မဂ္ဂင် ဆရာတော်နှင့် အင်တာဗျူး
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၇ ရွှေဝါရောင် ဆန္ဒပြမှု ကာလအတွင်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၂၀ နှင့် ၆  ပြစ်ဒဏ်ကျခဲ့သော သက်တော် ၅၂ နှစ်၊ ဝါတော် ၃၂ ဝါရှိ မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက လားရှိုး အကျဉ်းထောင်မှ သောကြာနေ့ လွှတ်မြောက်လာခဲ့ဖြင့် မဇ္ဖျိမသတင်းထောက် ဖနိဒါ က ဆက်သွယ် မေးမြန်းထားသည်။

အရှင်ဘုရားတို့ လွတ်မြောက်လာမယ်ဆိုတာကို ဘယ်လို ကြိုသိထားလဲဘုရာ့။
ညက တီဗီက ကြေညာတာ့ ထောင်ဝန်ထမ်းတွေ လာပြီးတော့ အကြောင်းကြားလို့ သိရတယ်လေ။ ဘာလက်မှတ်မှ မထိုးဘဲ လွတ်လွတ်လပ်လပ် လွတ်မြောက်လာတယ်။

ဘယ်လို ပုဒ်မတွေနဲ့ ထောင်ဒဏ်အားလုံး ဘယ်နှနှစ် ချမှတ်ခံခဲ့ရတာလဲဘုရာ့။
ပုဒ်မ၂၉၅၊ ၅ဝ၅ တပုဒ်စီဆိုတော့ ၄ မှု၊ နောက်တခါ ၃၆(က)၊ ပုဒ်မ ၆၊ ပုဒ်မ ၇ အမှုတွေကတော့ ဘာအမှုတွေလဲ မပြောတတ်ဘူးပေါ့လေ။ အဲဒီတုန်းက စိတ်လည်း မဝင်စားခဲ့ပါဘူး။

ထောင်ဘယ်နှစ်ခုပြောင်းခဲ့ရလဲဘုရာ့။
ထောင်က အင်းစိန်ထောင်ကနေ လားရှိုးထောင်ကို ပြောင်းခဲ့တာဘဲ။

ဆရာတော် ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်တွေ ပြန်ပြောပြပါလားဘုရား။
ဦးဇင်းကို ၂ဝဝ၇ ခု စက်တင်ဘာလ ၂၆ ရက်နေ့ ၁၂ နာရီခွဲ ၁ နာရီလောက်ကို ကျောင်းကို ဝင်စီးတာ။ ကျောင်းမှာ ရှိတဲ့ လူတွေကို အကုန်ဖမ်းသွားပြီးတော့ ကားပေါ် တင်ခေါ်သွားတာဘဲ။ ဦးဇင်းက သူတို့လာဖမ်းတာကို ကြိုသိလို့ ကျောင်းတိုက်မှာ လမ်းလျှောက်ပြီးတော့ စောင့်နေတာ။ ခင်ဗျားတို့ ဖမ်းအောင်လာတာလားလို့ ဖမ်းဖို့လာတယ် ဆိုရင် ကျုပ်တို့ အေးဆေးအဖမ်းခံမယ်လို့ ပြောတာတောင်၊ သင်္ကန်းတွေနဲ့ ခေါင်းစီး၊ ကျိုးနဲ့တုပ်တယ်။ ကျုပ်ကိုတော့ ကျောင်းပေါ်ကနေ အောက်ဆွဲချတာပဲဗျာ။ အဲဒီလိုနဲ့ ပါသွားတာ။

ခုလို လွှတ်ပေးလိုက်တဲ့အပေါ် ဘယ်လိုမြင်လဲဘုရာ့။
လွတ်လာခြင်းအပေါ်မှာတော့ ဝမ်းသာတာပေါ့လေ။ သို့သော် ခုအနေအထားမှာ ကျောင်းက ချိပ်ပိတ်ထားတယ်ဗျ။ ခုတော့ လမ်းပေါ်မှာပဲ ရှိသေးတယ်ပြောရမှာပေါ့။

ထောင်ထဲမှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။
ထောင်မှာတော့ အခက်အခဲ မျိုးစုံရှိတယ်။ ဒါပေမယ့် အခက်အခဲလို့ မမြင်ဘူး။ ခုနောက်ပိုင်း ဦးသိန်းစိန် အစိုးရ တက်လာတဲ့ အချိန်က စပြီးတော့ နည်းနည်းထောင်က ကျွေးတာမွေးတာ၊ ဆက်ဆံလာတာတွေက အစစ အဆင်ပြေပြေ ကျွေးမွေး ဆက်ဆံလာကြတာတွေ့ရပါတယ်။ ခုနောက်ပိုင်း တော်တော်ပြောင်းလဲလာပါတယ်။

ဦးသိန်းစိန် အစိုးအပေါ်မှာ ဘယ်လိုမြင်ပါသလဲဘုရာ့။
အခုအနေအထားကတော့ ကျုပ်အနေနဲ့ဆိုရင် ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ ဆန္ဒ ရှိနေတာကိုး၊ အဲဒီလိုသွားနေချိန်မှာ ဒီမိုကရေစီ အင်အားစုတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွန်းအားပေးပြီးတော့ တွန်းတင်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားစုနဲ့ ဦးသိန်းစိန်အစိုးရရဲ့ပြောင်းလဲလိုတဲ့ ဆန္ဒတွေ ပေါင်းစပ်ပြီးတော့ အကောင်းဘက်ကို သွားမယ်လို့ ယူဆတာပဲလေ။ နိုင်ငံတကာ ကလည်း ဒီဟာကို အကောင်းဘက်ကို မြင်လာ ကြတာကိုး။

ဦးဇင်းက လောလောဆယ် လူဝတ်လဲလိုက်ပြီလားဘုရာ့။
ခု ခင်ဗျားဖုန်းဆက်တဲ့ အချိန်မှာ ကျုပ်လားရှိုးမြို့က ဘုန်းကြီးကျောင်း ပန်အုပ်ကျောင်းမှာ သိက္ခာထပ်ပွဲ လုပ်နေပါ တယ်။ မြင်းခြံက ဆွမ်းလောင်းဆရာတော်တပါးက ဆရာတော် ၉ ပါးနဲ့ သိက္ခာထပ်ပွဲ လုပ်နေပါတယ်။

တခြားဘာများ ထပ်မိန့်ချင်ပါသလဲအရှင်ဘုရား။
ကျုပ်တို့ အခုမြန်မာနိုင်ငံကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ တိုးတက်အောင်၊ ကြီးပွားအောင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေပြီ။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်နဲ့ အားနဲ့ သွားနေတယ်။ ဒါကြောင့်မို့လို့ ကျုပ်တို့ တိုင်းပြည်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါင်းစပ်ပြီးတော့ တွန်းတွန်းတိုက်တိုက် ကြိုးစားသွားကြမယ်ဆိုရင် ကျုပ်တို့ တိုင်းပြည် ဟာ တော်တော်လေး တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီအင်အားစုတွေ အားလုံးက ကြိုးစား အားထုတ်ဖို့ တိုက်တွန်းလိုပါတယ်။

၈၈ တွေ အကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ်
ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ
(စစ်တွေထောင်မှ ၈၈ မျိုးဆက်ကျောင်းသား ကိုသန်းတင်နှင့် အင်တာဗျူး)
၂၀၀၇ ခုလောင်စာဆီဈေးကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သဖြင့် ဖမ်းခံရသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ကိုသန်းတင်သည် စစ်တွေထောင်မှ အခြားနိုင်ငံရေး အကျဉ်းသား ၇ ဦးနှင့်အတူ သောကြာနေ့က လွတ်မြောက်လာသည်။
အသက် ၅၂ နှစ် ရှိပြီဖြစ်သည့် ကိုသန်းတင် အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

စစ်ထွေထောင်ကနေ ဘယ်နှယောက် လွတ်လာပါလဲ။
ကျနော်တို့ စစ်ထွေထောင်က ၈ ယောက်ပါ ခင်ဗျ။ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်၊ ဇေယျာဦး၊ ဒေါက်တာ သက်လွင်၊ ဦးပုဇင်း ပုရစ်၊ ကျော်လင်းအောင်၊ ကျော်ဇင်ဝင်း။ ၈၈ က ကျနော် တယောက်ထဲ ပါပါတယ်။ ဘုန်းကြီးတွေ ကျောင်းသားတွေ။ ကျော်ဇင်ဝင်းက NLD ပါ

လွှတ်မယ်ဆိုတာကို ဘယ်အချိန်လောက်မှာ ဘယ်သူက လာအကြောင်းကြားလဲ။
ကျနော်တို့ကို ည ၁ဝ နာရီလောက်မှာ ထောင်မှူးကြီးက လာအကြောင်းကြားတာခင်ဗျ။ ကျနော်တို့ စာရင်းတွေ ပါလာတယ်ဆိုပြီးတော့ လိုက်ပြီးတော့ ပြောတာပေါ့ဗျာ။ တခန်းဝင် တခန်းထွက်ပေါ့။ ထောင်မှူးကြီးက ဦးသိန်းလွင်ပါ

လွတ်လာတဲ့သူတွေက စစ်ထွေထောင်မှာ နေတော့ သတ်သတ်စီလား။
ကျနော်တို့က တိုက်တတိုက်ထဲပါ။ တယောက်တခန်းစီပေါ့ နေရတာပါ။ ကျနော်တို့ အုပ်စုက သတ်သတ်တိုက်တခုပေါ့

အခု အချုပ်အနှောင်ထဲမှာ လေးနှစ်လောက်နေခဲ့ရပြီး အပြင်လောကကို ပြန်ရောက်လာပြီဆိုတော့ ခံစားချက်ကို ဖော်ပြပေးပါ။

ထောင်ဆိုတာကတော့ဗျာ နံရံတွေ လေးဘက်ဝိုင်းထားတာပေါ့ဗျာ။ ထောင်ဆိုတာတော့ ဟိုတယ် မဟုတ်ဘူးပေါ့။ အကျဉ်းထောင်ဆိုတော့ အကျဉ်းထောင်ပုံစံအတိုင်း နေရတာပေါ့။ လွတ်မြောက်လာရတာတော့ ဝမ်းသာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးနီးပါးလို့ လွတ်လာပြီလို့ ကျနော်ထင်တယ်လေ။

အကို ဖမ်းခံရတဲ့နေရာနဲ့ ဖမ်းခံရပုံကို ပြောပြပေးပါခင်ဗျာ။
ကျနော်တို့ကို ၂ဝဝ၇ ခု၊ ၈ လပိုင်းပေါ့ဗျာ ဖမ်းတာပေါ့။ သံအမတ်ကြီးဟိုတယ်မှာ ကျနော့်ကို ၂၃ ရက်နေ့မှာ မိတာပေါ့နော်။ ကျနော်တယောက်ထဲပါပဲ။ လာဖမ်းတာ လူ ၅ဝ လောက်နဲ့ပေါ့ဗျာ။ လက်နက်တွေနဲ့ပေါ့ဗျာ

ဖမ်းပြီးတော့ ဘယ်ကိုခေါ်သွားပြီး ဘာဆက်ဖြစ်လဲခင်ဗျ။
ကျနော့်ကို ဖမ်းပြီးတော့ ပြည်ထဲရေးရုံးမှာပေါ့ဗျာ နှစ်ပါတ်လောက်ထားတာပေါ့။ ပြီးတော့မှ အင်းစိန် စစ်ခွေးတိုက်ကို ပို့တာပေါ့။ စစ်ခွေးတိုက်မှာ တလကျော်လောက် နေရတာပေါ့။ စစ်ကြောရေးပေါ့နော်။ စစ်ကြောရေးမှာ ကျနော်တို့ကို အေးအေးဆေးဆေးပါပဲ။ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ စစ်ကြောရေးမှာတော့ သီးသန့် ခွဲစစ်တာပေါ့။

စစ်ခွေးတိုက် စစ်ကြောရေးပြီးတော့ ဘာဆက်ဖြစ်သေးလဲခင်ဗျ။
စစ်ခွေးတိုက်ကနေ နောက်ဆုံး ၅ ဆောင်တိုက်ကို ပို့တာပေါ့ဗျာ။ ၅ ဆောင်တိုက်မှာတော့ ကျနော် တနှစ်ကျော်လောက် နေရတာပေါ့။ အဲဒီကနေမှ အမိန့်ကျ၊ ထောင်ကျပြီးမှ စစ်တွေထောင်ကို ပြောင်းရ တာပေါ့။ ၂ဝဝ၈ ခု နိုဝင်ဘာ ၂ဝ ရက်နေ့ပေါ့

အကိုနဲ့အတူ တခြားဘယ်သူတွေကို ဘယ်တရားရုံးမှာ ရုံးထုတ်ခဲ့လဲဗျ။
ကျနော်တို့ကို အင်းစိန်ထောင်ဝင်းထဲက အထူးတရားရုံးမှာပဲ ရုံးထုတ်တာပေါ့။ ကျနော်နဲ့အတူ ကျနော်တို့ ၈၈ တွေ အားလုံး ၃၇ ယောက် တပြိုင်နက်ထဲပါ။

ရုံးထုတ်နေတဲ့အချိန် ခုခံပိုင်ခွင့်တို့ မိသားစုနဲ့ တွေ့ခွင့်တို့ အခြေအနေလေးတွေ ပြောပြပေးပါ။
အင်းစိန်တရားရုံးမှာ ပထမတော့ ရတယ်ခင်ဗျ ရှေ့နေတွေဘာတွေလေ။ နောက်ပိုင်းကျတော့ ကျနော်တို့ရှေ့နေတွေ ဘာတွေကို လာခွင့်မပြုတော့ဘူးဗျ။ ပထမတော့ မိသားစုတွေဘာတွေနဲ့ တွေ့ခွင့် ရတာပေါ့။
နောက်ပိုင်းကျတော့ မိသားစုတွေနဲ့ပါ တွေ့ခွင့်မရတော့ဘူး။ ရှေ့နေတွေကတော့ များတယ် အယောက် ၂ဝ လောက်တော့ ရှိမယ်ထင်တယ်။ ဦးအောင်သိန်းလည်း ပါတာပေါ့ဗျာ သူကလည်း ထောင်ကျသွားတာပေါ့ ကျနော်တို့ကို လိုက်ရင်းနဲ့

၂ဝဝ၇ ခု သြဂုတ်မတိုင်မီ ဖမ်းခံရတာရှိသေးလား။
ဟိုတုန်းကတော့ ခဏတော့ ဖမ်းခံရဖူးတယ်ဗျ။ ထောင်တော့ မကျဖူးဘူး။ ၁၉၈၉ ခု မတ်လတုန်းကပေါ့ဗျာ

၂ဝဝ၇ ခုက ပုဒ်မတွေ အတပ်ခံရတာ ဘယ်နှခုရှိလဲ။ ဘာတွေလဲ။
ပုဒ်မတွေက ကျနော်တို့ကို အများကြီးပဲဗျ။ ၁၁ ခုပဲဗျ။ ကျနော်တို့ ၈၈ တွေ ပုဒ်မတွေ အတူတူပဲ။ ၆၅ နှစ် ကျတာတွေပဲ

စစ်ထွေထောင်မှာ စုစုပေါင်း ဘယ်နှနှစ်လောက် ကြာသွားလဲ။ လျှော့ရက် ရသေးလား။
၂ဝဝ၈ ခု နိုဝင်ဘာဆိုတော့ ၃ နှစ်ကျော်ကျော်ပေါ့ခင်ဗျ။ စစ်တွေမှာနေရတာ။ လျှော့ရက် ဘယ်ရပါ့မလဲဗျာ

အခု အကို့ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။ စစ်ထွေထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု။
ကျနော်က အစာအိမ် သွေးကြောပေါက်တဲ့ ဝေဒနာ ရှိတော့ ကျန်ခဲ့တဲ့ ဇူလိုင်လက စစ်တွေဆေးရုံကြီးမှာ တက်ပြီးတော့ သွေး ၇ ပုလင်း သွင်းရတယ်ပေါ့ဗျာ။ ထောင်အာဏာပိုင်တွေကပဲ သေချာ လုပ်ပေးပါတယ်။ အထူးဂရုစိုက်ပြီးတော့။ ဆေးရုံကအစပေါ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်

ထောင်ထဲမှာ စားရသောက်ရတာနဲ့ နေထိုင်ရတဲ့ အနေအထား။
ထောင်ထဲမှာတော့ အဆင်ပြေပါတယ်။ အဆင်ပြေအောင် သူတို့စီစဉ်ပေးပါတယ်။ ကျနော်ကတော့ တယောက်ထဲပဲနေရပါတယ်။ အဆင်ပြေပါတယ်။ အခန်းတွေဘာတွေ၊ လိုအပ်တဲ့ဟာကို ဆောင်ရွက်ပေး ပါတယ်

အပြင်က သတင်းတွေ ဘာတွေရော ဘယ်လို သိရပါလဲ။
ကျနော်တို့ကတော့ မိသားစုဝင်တွေ လာတဲ့အခါလည်း နည်းနည်းသိရတာပေါ့ဗျာ။ နောက် ဂျာနယ်တွေ ဘာတွေ ဖတ်နေရတဲ့အခါကျတော့ သိရတာပေါ့

အခုအပြင်ရောက်လာပြီ။ နှမဖြစ်သူနဲ့လည်း ဆုံပြီဆိုတော့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်မှုတွေရော ဘယ်လောက်ထိ သိထားပြီလဲ။ ဘယ်လိုများ ယူဆပါလဲ။
အဲဒါကတော့ဗျာ ကျနော်တို့က သိပ်ပြီးတော့ ထဲထဲဝင်ဝင် မသိရသေးဘူး။ ကျနော်တို့က ဂျာနယ်ပေါ်က၊ သတင်းစာပေါ်ကဟာတွေပဲ ဖတ်ရတဲ့အခါကျတော့ ဒီဥစ္စာကို ပြောရဆိုရ ခက်ပါတယ်။ သုံးသပ်ရမှာလေ
စောလိမ့်မယ်လို့ ထင်ပါတယ်

အစိုးရက နိုင်ငံရေးအကျဉ်းသားလို့တော့ မသုံးနှုန်းဘူးပေါ့။ ထောင်ထဲမှာရော နိုင်ငံရေးအကျဉ်းသားဆိုတဲ့ သဘောမျိုး ဆက်ဆံတာရှိလား။
ရှိပါတယ်။ ကျနော်တို့ကို သီးသန့်အနေနဲ့ ခွဲခြားဆက်ဆံတာ ရှိတယ်။ ကျွေးတာမွေးတာကအစ ဆေးဝါး ကုသတာ အစ၊ သွားခွင့်လာခွင့် နေခွင့်ထိုင်ခွင့်ကအစပေါ့နော် သီးခြားဆက်ဆံပါတယ်။ ဒါကတော့တော်တော် ကွဲပြားပါတယ်

ထောင်ထဲမှာ ထောင်ကျအချင်းချင်းရော နိုင်ငံရေးအကျဉ်းသား ဆိုတာ ဘယ်လိုသိနိုင်မလဲ။
အခြားအကျဉ်းသားတွေနဲ့ ကျနော်တို့ မြင်တာနဲ့ သိသာပါတယ်။ ပုံစံတွေက တော်တော် ကွဲတာကိုးဗျ။ နေမှုထိုင်မှုရော ယဉ်ကျေးမှုရော အကုန်ကွဲတာကိုး။ လူပုံကြည့်တာနဲ့ တော်တော် သိသာပါတယ်။ နောက်ပြီးတော့ စစ်တွေထောင်ဆိုတော့ ရခိုင်လူမျိုးနဲ့ ကုလားလူမျိုး များတဲ့အခါကျတော့ ကျနော်တို့ ပုံတွေက အများကြီး သိသာပါတယ်

ဘာများဆက်လုပ်ဖို့ စဉ်းစားထားပါလဲ။
အဲဒါကတော့ ကျနော်တို့ ၈၈ တွေအကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ် ထင်တယ်။ အခုနေကတော့ ဘယ်သူနဲ့မှ မတွေ့ရသေးဘူးလေ။ ကျနော်တို့ နဂိုကတည်းက ပုံစံကလည်း စုပေါင်းလုပ် စုပေါင်းသွားတဲ့ ကိစ္စပဲဟာ

ရန်ကုန်ပြန်ဖို့ ဘယ်လို စီစဉ်ထားပါလဲ။ ဘယ်တော့ ပြန်မလဲ။
ပြန်ဖို့ကတော့ ဒီက အာဏာပိုင်တွေက စီစဉ်ပေးပါတယ်။ မနက်ဖြန်ပြန်ဖြစ်ပါမယ်။ လေယာဉ်ပျံနဲ့ စီစဉ်ပေးနေ ပါတယ်။

၈၈ မျိုးဆက်အဖွဲ့ကို တရားဝင် မှတ်ပုံတင်ရင်ကောင်းမလားလို့ စဉ်းစားချက်တွေ ရှိနေတဲ့အပေါ်မှာ ဘာပြောချင်ပါလဲ။
အဲဒါကလည်း ကျနော်တို့တွေ အားလုံးဆုံမှလေ စုပေါင်းလုပ် စုပေါင်း ဝိုင်းစဉ်းစားတာက ၈၈ မူလေ။ အဲဒီကျမှ ပြောပြနိုင်ပါမယ်

အရင်က ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရွေးကောက်ပွဲ ဝင်တော့မယ်။ အကိုတို့အနေနဲ့ ဘယ်လိုမြင်လဲ။ တွဲလုပ်မလား။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က အစထဲက ဝိုင်းရံပြီးတော့၊ သူ့ကို ဗဟိုပြုပြီးတော့ ဝိုင်းရံလာတာပဲလေ။ ဒါကတော့ ဆက်ရှိနေမှာပဲ။ နောက် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူက သူရဲ့ လိုအပ်ချက်အရ လိုအပ်လို့ အလုပ်လုပ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်လေ။ သူဟာ အမျိုးသားခေါင်းဆောင်လို့ ကျနော်တို့ သတ်မှတ်ထားတဲ့အတွက် သူ့ရဲ့ လုပ်ရပ်တိုင်းကိုတော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကြိုဆိုတယ်ပေါ့ဗျာ

အကိုတို့ လုပ်ကိုင်တာနဲ့ ပုဒ်မချတာနဲ့ အပေါ် ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ။
ကျနော်တို့ နဂိုထဲက တရားရုံးကို စထွက်ကတည်းက တရားရေး မဏ္ဍိုင်ဟာ ဘာလဲဆိုပြီးတော့ ထွက်ပြီးတော့ စမ်းသပ်ပြီးတော့ ရင်ဆိုင်တာဗျ။ တရားရေးမဏ္ဍိုင်က မဟုတ်ဘူး ဆိုတဲ့အခါကျတော့ ဒီတရားရုံးကို နောက်ဆုံး ကျနော်တို့ ကျောခိုင်းခဲ့တယ်လေ။ အဲဒါက ၈၈ ရဲ့ လုပ်ရပ်ပါ

အမျိုးသားရင်ကြားစေ့ရေးကိစ္စမှာ ဘာတွေ လုပ်ဖို့လိုအပ်သေးတယ်ယူဆလဲ။
အရင်ဆုံးကတော့ ကျနော်တို့နဲ့ စကားတွေပြောရဦးမယ်ဗျာ။ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ရဦးမယ် ဗျာ။ ဒါတွေက ပီပီပြင်ပြင်ကို ဖြစ်လာတဲ့အခါကျမှ ပြောတာပိုကောင်းမယ်ထင်တယ်

ကချင်ဘက်က တိုက်ပွဲ သတင်းတွေရော ကြားရသေးလား။
ကြားပါတယ်ခင်ဗျာ။ သမ္မတကြီး အမိန့်ရှိပြီးနောက်မှ တိုက်ပွဲပေါင်း ၁ဝဝ ကျော်ဖြစ်နေတာလည်း ကျနော်တို့ ကြားပါတယ်။ ဒါကတော့ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ဒါ ပြသတာပဲဗျ။ ကျနော်တော့ ဒီလိုပဲ ယူဆတယ်လေ

တခြားဘာများပြောချင်တာ ရှိပါသေးလဲ။
အခုလို ကျနော်တို့ လွတ်မြောက်လာဖို့အတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းကြတဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျနော် ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ဒါပဲ ပြောချင်ပါတယ် ခင်ဗျ




ဗကသ မဟန်နီဦးနှင့် အင်တာဗျူး
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကျောင်းသူ အသက် ၂၅ နှစ်အရွယ်ရှိ မဟန်နီဦး ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်မှ သောကြာနေ့က လွတ်မြောက်လာခဲ့သည်။ စနေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်သည်။
မဂ္ဂင်ကျောင်းဆရာတော် ဦးဣန္ဒက၊ မြင်းခြံ ဆရာတော် ဦးနန္ဒဝံသ၊ ကိုမင်းဇေယျ၊ ကိုငွေစိုးလင်း၊ ကိုမင်းဟန်၊ ကိုမြင့်နိုင်၊ ကိုဇာနည်အောင်၊ ကိုဥာဏ်လင်းထွဋ်၊ မဟန်နီဦးတို့ အပါအဝင် ၁၀ ဦး လွှတ်မြောက်လာခြင် ဖြစ်သည်။
လွတ်မြောက်လာသည့် မဟန်နီဦးအား မဇ္ဈိမ သတင်းထောက် ဖနိဒါ က ဆက်သွယ် မေးမြန်းထားသည်။
ဘယ်အချိန်လောက်မှာ အပြင်ကို လွတ်လာတာလဲ။

ကျမတို့ ၈ ခွဲ ၉ နာရီလောက်က ထွက်လာပါတယ်။

လွတ်လာမယ်ဆိုတာ ဘယ်အချိန်လောက်က သိလိုက်တာလဲ။

ဒီမနက်ကျမှ အမျိုးသမီး အဆောင်မှူးက အထုတ်အပိုးပြင်ထားဖို့ လာပြောပြန်တာပါ။

ဘာလက်မှတ်ထိုးခဲ့ရလဲ။

ဘာလက်မှတ်မှ မထိုးခဲ့ရပါဘူး။

ထောင်ဒဏ်အားလုံး ဘယ်နှစ်နှစ်ကျပြီးမှ ပြန်လွတ်လာတာလဲ။

ကျမက အသင်းအဖွဲ့ ပုဒ်မ ၆၊ ၁၄၃၊ ၁၄၅၊ ၅ဝ၅(၂) တွေနဲ့ ထောင်ဒဏ် ၉ နှစ်ခွဲ ကျပါတယ်။ ၄ နှစ်နဲ့ ၃ လနေခဲ့ရပါ တယ်။

ထောင်ဘယ်နှစ်ခုပြောင်းခဲ့ရလဲ။

ကျမ အင်းစိန်ထောင်ကနေ ဒီလားရှိုးထောင်ကို ပြောင်းခဲ့တယ်။ မန္တလေးထောင်မှာ ခနတဖြုတ်ဘဲ နေရတယ်။

လားရှိုးထောင်မှာ အေးတယ်ဆိုတော့ အမျိုးသမီးတဦးအနေနဲ့ ဘယ်လို နေထိုင်ခဲ့ရတယ်ဆိုတာ ပြောပြပါလား။

စာရေးသောက်ရေးကတော့ အဆင်ပြေပါတယ်။ အခက်အခဲ အနေနဲ့တော့ အများကြီး မရှိခဲ့ပါဘူး။ ကျမက တယောက်တည်းအတွက် မဟုတ်ဘူး။ အမျိုးသမီး အကျဉ်းထောင် အားလုံး အတွက်ပါ ကျမပြောချင်တယ်။ ထောင်ထဲမှာ အမျိုးသမီးဝန်ထမ်းတဦး အော်ဟစ်ဆဲဆိုတာတွေ အရမ်းလုပ်တယ်။ ကြမ်းတမ်းရိုင်းဆိုင်းစွာ ပြောဆိုတယ်။ သူက ဒေါ်သန်းသန်းဇင်ပါ။ ကိုယ်ထိလက်ရောက်တော့ မလုပ်ဘူး။ တော်တော်ကို ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်း တမ်းတမ်းပြောတယ်ရှင့်။

ကျန်းမာရေး အခြေအနေ သိပါရစေရှင်။

ကျန်းမာရေးက အစာအိမ်ရောဂါဖြစ်လို့ ဆေးသောက်နေရပါတယ်ရှင်။ အစားအသောက်က အိမ်ကဝေးတော့ တလစာအတွက် အဆင်မပြေတော့ အစာရှောင်ရတာဆိုတော့ အခက်အခဲတွေ ရှိတာပေါ့။

ခုလိုလွှတ်မြောက်လာတော့ ဘယ်လိုခံစားရလဲ။

ဝမ်းသာပါတယ်။ အားလုံးစုံစုံလင်လင် လွတ်ရတဲ့အတွက် ဝမ်းသာတာပါ။

နိုင်ငံရေး ရပ်တည်ချက်က ဘယ်လိုရှိလဲ။ ဘာထပ်ဖြည့်ပြောချင်လဲ။

ကျမက ဗကသအနေနဲ့ ရပ်တည်နေမှာပါ။ ဗကသကျောင်းသူအနေနဲ့ ကျောင်းသားတွေအတွက် လုပ်သင့် လုပ်ထိုက်တာ ဆက်လုပ်သွားမှာပါ။ အားလုံးကို ကျေးဇူးတင်တယ်။ သူတို့လည်းဘဲ ကျမတို့နဲ့အတူ ရပ်တည်ချက် ရှိနေစေချင်ပါတယ်လို့ ကျမပြောချင်ပါတယ်။


“အာဃာတ မရှိ၊ နိုင်ငံရေးမလုပ်တော့၊ ကံ ကံ၏အကျိုး သဘောပေါက်သွား”
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ မဇ္ဈိမ
လွတ်မြောက်လာသည့် ဦးခင်ညွန့် ပြောစကားများ

မဇ္ဈိမသတင်းဌာန ။ ။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ကြာသပတေးနေ့ နံနက်က နေအိမ် အကျယ် ချုပ်မှ လွတ်မြောက်လာခဲ့သည့် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း လည်းဖြစ်သည့် ဦးခင်ညွန့်သည် လွတ်မြောက်လာသည့်နေ့ ညနေပိုင်းတွင် သတင်းထောက်များအား လာရောက်တွေ့ဆုံခွင့်ပြုခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် နအဖ စစ်အစိုးရလက်ထက် ၂ဝဝ၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က နိုင်ငံတော်အာဏာ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှုတို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရာမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

khinnyunt1 သတင်းထောက် အများအပြားအား အသုတ်လိုက်ခွဲ၍ တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ရာမှ မေးမြန်းချက်များအား ဦးခင်ညွန့် ပြန်လည်ဖြေကြားခဲ့သည်များကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုက်သည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍…

“အခု သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက် တွေ့ပြီးတော့ ပူးပေါင်းပြီးတော့ လုပ်နေ တာ တွေ့ရတယ်လေ။ ဂျာနယ်တွေထဲမှာ တွေ့ရတာပေါ့လေ။ အဲဒီသတင်းတွေ တွေ့ရတော့ ဝမ်းသာတယ်။ ဒါတော့ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးပဲ။ တိုင်းပြည်အနာဂတ်မှာ ကောင်းလာမှာပဲလို့ ဒီလိုပဲ ယူဆတယ်လေ။ ကောင်းလိမ့်မယ်လို့ ယူဆတယ်။”

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍…

“ငြိမ်းချမ်းရေး ရတော့မယ်ဆိုတာ တိုင်းပြည်အတွက် ကောင်းတာပဲ။ အဲဒီတော့ ဆက်ပြီး အောင်မြင်ပါစေလို့ပဲ ဆုတောင်းတယ်။ လုပ်နေကိုင်နေတဲ့လူတွေလည်း တကယ့်ငြိမ်းချမ်းရေးလိုချင်လို့ အခုလုပ်နေကြတာ။ တာဝန်ပေးတဲ့လူတွေကိုလည်း အဘ အနေနဲ့ ဒီလူတွေကိုလည်း ယုံကြည်တယ်လေ။ ဟိုဘက်ကလည်း အခု ငြိမ်းချမ်းရေးလိုချင်တယ်။ နှစ်ဖက်က သွားပြီးတော့၊ နှစ်ဦးနှစ်ဖက်လုံးက အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေ ဆိုတဲ့ အခါကျတော့ အောင်မြင်မယ်လို့ ထင်တယ်။ အဲဒီတော့ တိုင်းပြည်အတွက် သိပ်ကောင်းပါတယ်။ တိုင်းပြည် အနာဂတ်အတွက်ကို ငြိမ်းချမ်းရေးက သိပ်ကောင်းပါတယ်။ လိုလားပါတယ်။”

“အဘတို့ရော သားရော သူက တပ်ရင်းမှူးကနေပြီးတော့ ဒီလိုအခြေအနေမျိုး ဖြစ်တာကိုး။ တပ်မတော်ရဲ့ လေ့ကျင့်မှုက အင်မတန်ကောင်းပါတယ်။ လေ့ကျင့်ထားတဲ့ တပ်မတော်ရဲ့ လေ့ကျင့်မှုက discipline ပေါ့လေ။ ဒါတွေက သိပ်ကောင်းတာပဲ။ အဲဒီအလေ့အကျင့်တွေက အဘရော သားရော ရထားပြီးသား။ အဲဒီတော့ ရထားပြီးတော့ အရင်လေ့ကျင့်ထားတဲ့ လေ့ကျင့်မှုက ပြည်သူအတွက် တိုင်းပြည်အတွက် လုပ်ရမယ်ဆိုတာ အဘတို့မှာ ဒီ ခေါင်းထဲမှာ စွဲထားပြီးသား။ အဒီအတိုင်းပဲ အဘတို့ စိတ်ထဲမှာ စွဲထားပြီးတော့ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ပြည်သူရဲ့အကျိုးစီးပွားအတွက် ဆက်ပြီး ကိုယ်လုပ်နိုင်တဲ့ဘက်က လုပ်သွား မှာပါ။ ဒါပေမယ့် နိုင်ငံရေးတော့ မလုပ်ဘူး။“

အထိန်းသိမ်းခံရမှုနှင့် လွတ်မြောက်လာမှု အပေါ် သဘောထား…

အာဃာတ မရှိပါဘူး။ အန်ကယ်က အခုဆိုရင် ဘာသာရေး လုပ်နေတာပါ။ ဘာသာရေး အခြေခံပြီးတော့မှ ဒါက ဖြစ်ပြီးရင် ပျက်မယ်။ ကံ ကံ၏အကျိုး ဒါတွေကို သိပ်ပြီးတော့ သဘောပေါက်သွားပြီ။ ဘုရားတရား လုပ်နေရတဲ့အတွက် အခုလို လုပ်နေရတာကိုပဲ ကံကောင်းတယ်လို့ တဖက်က ယူဆမိတယ်လေ။ အဲဒီတော့ အးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်းနဲ့ မိသားစုဘဝ ပြန်ပြီး နေရတော့မယ်ဆိုတော့ ပိုပြီးစိတ်ချမ်းသာ တယ်။”

အဖမ်းခံရစဉ်…

အန်ကယ် ဒီမှာပဲ နေရတယ်။ ခေါ်သွားတယ်ဆိုတာက ပထမဦးဆုံးအကြိမ် အင်းစိန်ကို ခေါ်သွားတာ။ ဒါက 2005 ဇူလိုင်မှာ၊ အဲဒီတော့ အမှုစစ်တာပေါ့ကွယ်။ အဲဒီဟာပါပဲ။ ကျန်တဲ့အချိန်တော့ ဒီအိမ်မှာပဲ အေးအေး ချမ်းချမ်းပဲ၊ အေးအေးချမ်းချမ်းပဲ ဘာမှ အနှောင့်အယှက်မရှိပါဘူး။ လုံခြုံရေးအရလည်း ဒီ တာဝန်ပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ အေးအေးချမ်းချမ်းပဲ နေရပါတယ်။”

လက်ရှိအစိုးရ၏ လုပ်ရပ် ကိုင်ရပ်များအပေါ်…

“သုံးသပ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ တချို့ဟာတွေက ပြန်လေ့လာရဦးမယ်။ သတင်းစာထဲမှာ တွေ့ရ တယ် ဂျာနယ်ထဲမှာတွေ့ရတယ်။ နောက်ပြီးတော့မှ တီဗီ နယူးစ်တွေထဲမှာ တွေ့ရတဲ့ အရာတွေအရဆိုရင် လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းပါတယ်။ နောက်ပြီးတော့ တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးနဲ့ တွေ့တယ်။ သိပ်ကောင်းတာပဲ။ နောက် တိုင်းပြည်အနာဂတ်ကို အင်မတန်ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ထဲ ဝင်လာမယ်ဆိုရင်…

“အခု သူက လွှတ်တော်ထဲမှာ ရောက်နေပြီလေ။ သူ ပြောပိုင် ဆိုပိုင်ခွင့်တွေ၊ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ် နေပြီလေ။ လွှတ်တော်ထဲ ရောက်ပြီဆိုရင် လွှတ်တော်ထဲအရ လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ လွှတ်တော်ရဲ့ အစီအမံနဲ့ နောက် ရွေးကောက်ပွဲနဲ့ သူ ရသင့်တာ ရသွားမှာပဲ”

မီဒီယာများနှင့်…

“ကျနော် အခုထိတော့ ဘယ်သူနဲ့မှ မတွေ့ဘူး။ မီဒီယာနဲ့ပဲတွေ့တယ်။ နောက် တိုင်းပြည်အတွက် ပြောစရာ ဆိုစရာရှိရင် မီဒီယာကပဲ ပြောမယ်။ မီဒီယာကလည်း ဒီထက်ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်ခွင့်ရှိဘို့ အတွက် ဆုတောင်းပေးပါတယ်

သောကြာ, 13 ဇန်နဝါရီ 2012


ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး နိုင်ငံရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်
By ကိုမိုးဇော် VOA
ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခံထားရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ ဒီနေ့မနက်ပိုင်းမှာ တောင်ငူထောင်ကနေ လွတ်မြောက်လာပါတယ်။ လောလောဆယ်မှာ ဦးခွန်ထွန်းဦးဟာ ကျန်းမာရေး ကောင်းမွန်ပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဦးခွန်ထွန်းဦးနဲ့အတူ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံရတဲ့ အခြား ရှမ်းခေါင်းဆောင်တွေလည်း ဒီကနေ့မှာ လွှတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က မေးမြန်း တင်ပြထားပါတယ်။

SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် အပါအ၀င် ရှမ်းခေါင်းဆောင် ၈ ဦးဟာ ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့နောက် ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် အခြားစွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းမှာတော့ ရှမ်းခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေက သူတို့ကို ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး မတရားအပြစ်ဒဏ် ကျခံနေရတာတွေကို ပြန်လည် စိစစ်ဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စာပေးပို့ တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပူတာအိုထောင်မှာ ၅ နှစ်ကျော် ချုပ်နှောင်ခံထားရတဲ့ ဦးခွန်ထွန်းဦးကို တောင်ငူထောင်ကို ပြောင်းရွှေ့ပြီး ချုပ်နှောင်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဦးခွန်ထွန်းဦးဟာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

“ဒီကနေ့မနက် ကျနော်တို့ ၉နာရီခွဲလောက်က ထောင်က ထွက်လာခဲ့ကြတာ။ များပါတယ်။ ကျနော်တို့ အကုန်လုံးလွတ်ပြီ။ ထောက်လှမ်းရေးတွေလည်း အကုန်လုံးလွတ်ပြီ။ ကုန်တော့ ကုန်သွားပြီ။ နိုင်ငံရေးသမား တွေတော့ ကျန်သေးတယ်ဗျာ။ နိုင်ငံရေးသမားတွေ ကျနော်တို့ တောင်ငူထောင်က (၁၇/၁) တွေ ကျန်သေးတယ်။ ၂၀ နီးပါးလောက် ကျန်တယ်။ တောင်ငူထောင်မှာ နိုင်ငံရေးအမှုတွဲ။”

ဦးခွန်ထွန်းဦး ပြောသွားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဦးခွန်ထွန်းဦးဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောပါတယ်။ ဦးခွန်ထွန်းဦးနဲ့အတူ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူတွေ အားလုံးလည်း ဒီကနေ့ လွတ်မြောက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

“ခရီးတွေတော့ ထွက်လာကုန်ပြီ။ သူတို့ ဒီညဆုံမလား၊ မနက်ဖြန် မနက် ၀င်မလားပဲ။ သွားကြိုတဲ့လူတွေက ကြိုပြီ။ လေယာဉ်ပျံ စောင့်နေတယ်။ လေယာဉ်ပျံနဲ့ ဒီညနေ ပါလာမယ်ထင်တယ်။”

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ အများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ SNLD ဟာ သူတို့ခေါင်းဆောင်တွေ မလွတ်သေးတာကြောင့် ပြန်လည် မှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲမှာလည်း မပါဝင်ခဲ့ပါတယ်။ ဦးခွန်ထွန်းဦး ပြန်လည် လွတ်မြောက်လာချိန်မှာ ပါတီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ -

“အဲဒါကတော့ ကျနော်တို့ ဗဟိုကော်မတီပေါ်မှာ တည်တယ်ဗျာ။ ဗဟိုကော်မတီက ဘာဆုံးဖြတ်မလဲတော့ မသိဘူး။ အချိန်ကတော့ Limited ပေါ့။ သိပ် အချိန်မရဘူးလေ။ ဒါပေမဲ့ ကျနော်တို့ ဘယ်လိုလှုပ်ရှားမယ်  ဆိုတာကိုတော့ ဗဟိုကော်မတီကို တင်ပြပြီးတော့ ကျနော်တို့ ဆုံးဖြတ်မှာပါ။”

ဦးခွန်ထွန်းဦးက သူ့အနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေကိုတော့ ဦးခွန်ထွန်းဦးက အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးက ခုတော့ ခေတ်ရေစီးကြောင်းထဲ ၀င်သွားပီပေါ့ဗျာ။ ဒီမိုကရေစီဘက် လိုက်သွားပြီဆိုတော့ ကျနော်ကတော့ ၅၅ ရာခိုင်နှုန်း ပဲ ပေးသေးတယ်။ ၅၅ ရာခိုင်နှုန်းပဲ။ အရမ်းကာရောကြီး သိပ်ပြီး စိတ်မချသေးဘူး။ ဒါပေမဲ့ အားလုံးပဲသွားနေပြီပဲ။ ကောင်းပါတယ်။ မဆိုးဘူး။ ဒီနေ့အခင်းအကျင်းက ကျနော်လွတ်လို့ မဟုတ်ဘူး။ အခင်းအကျင်းက တော်တော်လေး ကောင်းတယ်။ ညစ်ကွက်လေးတွေတော့ ရှိတာပေါ့ဗျာ။”

ဦးခွန်ထွန်းဦးနဲ့အတူ ထောင်ဒဏ် ၁၀၆ နှစ် ကျခံခဲ့ရတဲ့ ရှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထင်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ပြန်လည် လွတ်မြောက်လာခဲ့ပြီး ၇၉ နှစ်ကျခံရတဲ့ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့က ဦးမြင့်သန်းကတော့ ၂၀၀၆ ခုနှစ်က သံတွဲထောင်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကျန်တဲ့ ဖမ်းဆီးခံထားရတဲ့ ဦးစိုင်းညွှန့်လွင်၊ ဦးစိုင်းလှအောင်၊ ဦးစိုင်းညီညီမိုး၊ ဦးစိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညို တို့လည်း ဒီကနေ့ လွတ်မြောက်လာတယ်လို့ SNLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အတည်ပြု ပြောကြားပါတယ်။

သောကြာ, 13 ဇန်နဝါရီ 2012


ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့် လွတ်မြောက်သူတွေထဲပါ
 မစုမြတ်မွန်VOA

ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အစိုးရက လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ အရင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်လည်း ပါပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ်ကျခဲ့တဲ့ ဦးခင်ညွန့်က နေအိမ် အကျယ်ချုပ်ကနေ လွတ်လာချိန်မှာ သူ့ရဲ့ အိမ်ရှေ့မှာစောင့်နေကြတဲ့ သတင်းသမားတွေကို ထွက်နှုတ်ဆက်ပြီး မေးခွန်းတချို့ ဖြေကြားခဲ့ပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေ၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်တွေကို ပြောသွားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

အခုတစ်ခေါက်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ပါသလို အရင် ထောက်လှမ်းရေး အရာရှိဟောင်းတချို့နဲ့ အကောက်ခွန် ဝန်ထမ်းတချို့ ပါပါတယ်။ အဲဒီထဲမှာ အရင် နဝတ၊ နအဖ စစ်အစိုးရတွေ လက်ထက်မှာ သြဇာအကြီးအမားဆုံး ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်လည်း ပါပါတယ်။ ရန်ကုန်မြို့က သူ့ရဲ့ နဝဒေးအိမ်မှာ နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့ ဦးခင်ညွှန့်အပြင် သူနဲ့အတူ နေအိမ်အကျယ်ချုပ် ကျနေကြတဲ့ တမိသားစုလုံး ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ သီးခြားစီ နေအိမ်အကျယ်ချုပ်ကျနေတဲ့ သူ့ရဲ့ သား နှစ်ယောက်လည်း ပြန်ပြီးလွတ်လာခဲ့ပါတယ်။ ခုလိုပြန်လွတ်လာတဲ့ ဦးခင်ညွှန့်က သူ့ဇနီး ဒေါ်ခင်ဝင်းရွှေနဲ့ အတူ ခြံပြင်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အကောင်းမြင်တယ်လို့ ဦးခင်ညွှန့်က ခုလို ပြောပါတယ်။

“ကောင်းတယ်လို့ပဲ မြင်ပါတယ်။ အခု လုပ်နေကိုင်နေတာတွေ၊ အသေးစိတ်ကတော့ လေ့လာပြီးတော့ ကြည့်ရမှာပေါ့လေ။ ဒါပေမဲ့ အခုမြင်ရတဲ့ ဥစ္စာကတော့ ကောင်းတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဝကတာ သိပ်ကောင်းတဲ့ လက္ခဏာပဲ။ နောက် နိုင်ငံတကာကနေလည်း လာနေကြတယ်။ သိပ်ကောင်းပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းရာ ကောင်းကျိုးအတွက် တိုင်းပြည် တိုးတက်မယ်လို့ပဲ မြင်ပါတယ်။”

နအဖစစ်အစိုးရ လက်ထက်မှာ ဝန်ကြီးချုပ်တာဝန်ယူပြီး မကြာခင်မှာ မြန်မာနိုင်ငံကို လမ်းပြမြေပုံ ၇ ချက်အတိုင်း သွားမယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ကြေညာခဲ့တာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဒီလမ်းပြမြေပုံထဲမှာပါတဲ့ အကောင်အထည် ဖော်နိုင်ပြီလို့ ပြောလို့ရနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က -

“Seven steps ရောက်သွားပြီဆိုတော့ အောင်မြင်တာပေါ့။ တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ အကောင်အထည်ဖော်ဖို့ပဲ လုပ်သင့်တယ်။ စီးပွားရေးလည်း အဲဒီအပေါ်မှာ အခြေခံတယ်။ သိပ်ကောင်းပါတယ်။ အောင်မြင်မယ်လို့ပဲ ယူဆပါတယ်။ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်။”

တပ်မတော် ထောက်လှမ်းရေးမှူးချုပ်အဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ ဦးခင်ညွှန့်ဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံ ဝင်ဆံ့ရေး၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေကြား မြန်မာနိုင်ငံ ဝင်ဆံ့ရေးတွေအတွက် ကြိုးစားခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် လိုလားသူတစ်ယောက်ဖြစ်တယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းက လက်ခံထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ စစ်တပ်အကြောင်းကို လေ့လာနေသူတွေက သုံးသပ်ကြပါတယ်။ အခုလို သူ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်ရဲ့ အမေးကို သူက ခုလိုဖြေပါတယ်။

“ကျနော်ကတော့ အခုဂျာနယ်တွေ ဖတ်တာပေါ့လေ။ ဆိုတော့ ဂျာနယ်တွေထဲမှာပဲ မြင်ရတွေ့ရတာပဲ ဖြစ်တယ်။ ကျန်တာတော့ ကျနော် အခုအချိန် မပြောသေးဘူး၊ ပြောလို့ မဖြစ်သေးဘူး။”

နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ ဆိုတဲ့ အမေးကိုတော့ နိုင်ငံရေးတော့ လုပ်မှာ မဟုတ်ဘူးလို့ ဦးခင်ညွှန့်က ဖြေသွားပါတယ်။

“အခုတော့ ဘာမှလုပ်ဖို့ မစဉ်းစားသေးဘူး။ အဘ ဘာမှမစဉ်းစားဘူး။ အခုမှ ထွက်ခါစ ဆိုတဲ့အခါကျတော့ အပြင် ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ်က မရှိသေးဘူး။ အဲဒီတော့ အပြင်နဲ့လေ့လာပြီးမှပဲ ဘာလုပ်မလဲ ဆိုတာကို။ နိုင်ငံရေးတော့ မလုပ်ပါဘူး။ တိုင်းပြည် ကောင်းရာကောင်းကျိုး အတွက် ပြည်သူတွေ ကောင်းရာကောင်းကျိုး အတွက်ပဲ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်မှာပါ။ ကျန်တာတော့ ဘာမှကြီးကြီးမားမား စဉ်းစားထားတာ မရှိပါဘူး။”

၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အစိုးရအဖွဲ့ထဲက ထုတ်ပယ်ခံရပြီး ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ၄၄ နှစ်ကျနေတဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် ဖြစ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကပဲ ဗိုလ်မှူးချုပ်ဟောင်း မြင့်ဇော် လည်း ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာပါတယ်။

သောကြာ, 13 ဇန်နဝါရီ 2012

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်
By မစုမြတ်မွန် VOA
မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့အတွက် ပြည်သူတွေကိုယ်တိုင်က တာဝန်တွေ ယူကြတော့မယ့် အခြေအနေကို တွေ့နေရပြီလို့ ဒီကနေ့ သရက်ထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။ ဒီမိုကရေစီ မရမချင်း လုပ်စရာရှိတာတွေကို လုပ်သွားမှာဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားမှာ ဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ထောင်ကလွတ်မြောက်လာပြီးနောက် သရက်မြို့နဲ့ အောင်လံမြို့တွေမှာ ကိုမင်းကိုနိုင်ကို ပြည်သူရာပေါင်းများစွာက အားရဝမ်းသာ ထွက်ပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒီအပေါ်မှာ ကိုမင်းကိုနိုင်ရဲ့ အမြင် ဘယ်လိုရှိသလဲ ဘယ်လိုခံစားရသလဲလို့ ဘန်ကောက်ရုံးက မစုမြတ်မွန်က မေးတဲ့အခါမှာ ကိုမင်းကိုနိုင်က အခုလို စဖြေပါတယ်။

“ကျနော်တို့က အထဲမှာကတော့ အကျဉ်းသားပီပီပေါ့ဗျာ လူငတ်နေတဲ့ သူတွေပါ။ အဲဒါ အခု အပြင်ထွက်လာတဲ့အခါ ကျတော့ ကြိုဆိုကြပုံတွေကို ကြည့်ခြင်းအားဖြင့်တော့ ကျနော်တို့ ခံစားခဲ့သမျှ ဒုက္ခသုက္ခတွေ အကုန်လုံးကို မေ့ပျောက်သွားပြီးတော့ အင်အားအသစ်တွေ ရတာတော့ အမှန်ပါပဲ။ အခု ပြည်သူတွေရဲ့ အနေအထားက ကျနော် ကြည့်ရတာကတော့ အပြောင်းအလဲ တစ်ခုအတွက် သူတို့ပါ ၀င်ရောက်ပြီးတော့ တာဝန်တွေ အကုန် ၀င်ထမ်းကြတော့မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ကျနော် အတိအကျ တွေ့နေရတယ်။ အခု ပြည်သူတွေက ကျနော်တို့ လမ်းတွေတလျှောက်မှာ ပြည့်သွားအောင်လို့ အားပေးကြတယ်ဗျာ။ ကြိုဆိုကြတယ်ဗျာ။ ပြီးတော့ ကျနော်တို့နဲ့ စကား အပြန်အလှန် ပြောကြတဲ့အခါမှာ အင်မတန် အားရဖို့ကောင်းတယ်။ ပြည်သူတွေကတော့ အပြောင်းအလဲကို ငတ်ငတ်မွတ်မွတ်ကြီး တောင်းတနေကြပြီ။ အဲဒီအတွက်ကြောင့် တာဝန်ရှိတဲ့သူတွေ၊ တာဝန်ရှိသူတွေ ဆိုတာကတော့ဗျာ ကျနော် မြင်ပါတယ်၊ လက်ရှိအာဏာကို ကိုင်ဆောင်ထားတဲ့ သူတွေရယ်။ ပြီးတော့ ပြည်သူလူထု ခေါင်းဆောင်တွေရယ်၊ တကယ်တမ်း ပြည်သူ့ဆန္ဒကို ဖော်ထုတ်ကြဖို့၊ ပြည်သူ့ဆန္ဒကို လိုက်လျောကြဖို့၊ အလုပ်ဖြစ်အောင်လို့ ဆက်ပြီး ညှိနှိုင်းကြဖို့တော့ လိုပြီလို့ ကျနော် မြင်တယ်။”

ဒီကနေ့မှာ ကိုမင်းကိုနိုင် လွတ်လာသလိုပဲ တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုမြအေးတို့လည်း လွတ်လာတယ်လို့ သိရပါတယ်။ အဲဒီတော့ ကိုမင်းကိုနိုင်တို့တွေ အားလုံး ပြန် စုစည်းပြီးတော့ နိုင်ငံရေး ဆက်လုပ်ဖို့ရော အစီအစဉ် ရှိပါသလားရှင့်။ -

“ကျနော်တို့တွေက ဒီမိုကရေစီ မရမချင်း အလုပ်လုပ်ကြမှာပါ။ ကျနော်တို့ ၈၈ မျိုးဆက်ဟာ ဒီမိုကရေစီအရေးတော်ပုံကြီးကို စပြီး ဆင်နွှဲခဲ့တဲ့အထဲမှာ တပ်ဦးမှာ ကျနော်တို့ ဒေါင်းအလံကိုကိုင်ပြီးတော့ တာဝန်ယူခဲ့တဲ့သူတွေပါ။ အဲဒီတော့ မပြီးဆုံးသေးတဲ့ ကျနော်တို့ရဲ့ ၀တ္တရားတွေကို ထမ်းဆောင်ရဦးမှာပါ။ ဒါက သေချာပါတယ်။ အင်မတန် သေချာတဲ့ကိစ္စပါ။”

ထောင်ထဲမှာရှိနေတဲ့ အချိန်တွင်းမှာ အပြင်မှာဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဘယ်လောက်ထိ သိခွင့်ရှိပါသလဲရှင့်။ -

“ကျနော်တို့ ယေဘုယျပေါ့၊ ဂျာနယ်တွေတော့ ဖတ်ခွင့်ရပါတယ်။ ဂျာနယ်တွေမှာ ပါသလောက်တော့ သိတယ်။ သို့သော်လည်းပဲ ဂျာနယ်တွေဟာ လက်ရှိ အာဏာပိုင်တွေက ဆင်ဆာဖြတ်တောက်ထားတဲ့ အတွက်ကြောင့် သူတို့ဘက်ကို အသာစီးမရစေမယ့် ကိစ္စမျိုးကျရင် သူတို့ ဖြတ်တောက်ထားတယ် ဆိုတာတော့ ကျနော် ရိပ်မိတယ်။ ဆိုတော့ ကျနော်တို့က ဖြတ်တောက်ထားတဲ့ သတင်းလောက်တော့ သိရတယ်ပေါ့ဗျာ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အခု NLD က ရွေးကောက်ပွဲ ၀င်ဖို့လည်း ပြင်နေပါပြီ။ ဧပြီလ ၁ ရက်နေ့မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ရှိနေပါတယ်။ ဒီအပေါ်မှာရော ကိုမင်းကိုနိုင် အနေနဲ့ ဘယ်လိုမျိုး သဘောထားပါသလဲရှင့်။ -

“သူတို့က တကယ်တော့ ကျနော်တို့ အမြဲပြောပါတယ်။ သူတို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ အနိုင်ရ ကိုယ်စားလှယ်တွေပါ။ သူတို့မှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ အဲဒါကတော့ လွှတ်တော်ဆွေးနွေးရေးက လာတဲ့ အသီးအပွင့်ပဲလို့ ကျနော် မြင်ပါတယ်။ ကျနော်တို့တွေက တွေ့ဆုံဆွေးနွေးရေးကို တဆာဆာ တောင်းရင်းနဲ့ နောက်ဆုံး ထောင်ထဲရောက်ရတာကိုး။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တယ်ဆိုကတည်းကိုက ကျနော်တို့ကတော့ ကျေနပ်ပြီးသားပါ။ အဲဒီ တွေ့ဆုံဆွေးနွေးရေးက အဖြေတစ်ခု ထွက်ဖို့တော့ လိုတယ်။ အခုက တွေ့ဆုံဆွေးနွေးရေး ပြီးပြီ၊ မပြီးသေးဘူး ဆိုတဲ့ တိကျတဲ့ရလဒ်မျိုးတော့ မတွေ့ရဘူး။ သို့သော် တွေ့ဆုံဆွေးနွေးရေးထဲက အသီးအပွင့်တစ်ခုတော့ သူတို့တွေ နှစ်ဦး သဘောတူညီမှုတွေ ရလာပြီးတော့ အခုလို ရွေးကောက်ပွဲ ဥပဒေကို ပြင်ပေးတာ၊ ပြင်ပေးတဲ့အပေါ်မှာ ပြန်ပြီးတော့ လိုက်လျောတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်မိုလို့လည်း မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲ ၀င်မယ်တို့ ပြောတယ်လို့ ကျနော် ယူဆပါတယ်။”

အဲဒီအပေါ်မှာရော ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါသလဲ။ -

“ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လိုက်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ဒါကြောင့် သူတို့ရွေးချယ်ချက် အပေါ်မှာ ကျနော်တို့က ၀ိုင်းဝန်းပြီးတော့ ဆက်ပြီးတော့ အားကောင်းအောင် ၀န်းရံပေးဖို့ပဲ ရှိပါတယ်။ တစ်ခုရှိတာကတော့ မူဝါဒ ရေးရာပိုင်း ပြောကြမယ်ဆိုရင် ကျနော့်တစ်ဦးတည်း သဘောနဲ့ ကျနော် ဆုံးဖြတ်ဦးမှာ မဟုတ်သေးဘူး။ မူလအခြေခံကတော့ ဒီအတိုင်းပဲ သွားမှာပါ။ ကျန်တာကတော့ ကျနော်တို့ ၈၈ မျိုးဆက်တွေ အားလုံး ပြန်ပြီးတော့ တိုင်ပင်ကြမယ်။ ပြီးတော့ ပိုမိုသစ်လွင်တဲ့ ပိုပြီးတော့ အကျိုးရှိမယ့် လုပ်ငန်းတွေကို ကျနော်တို့ စကြမှာပါ။”

အခု ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံတကာက တောင်းဆိုနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီကနေ့ လွှတ်ပေးလိုက်တာကို တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ လက်ရှိအစိုးရအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို တကယ် လုပ်နေတာပြချင်လို့ ဒီလိုမျိုး လွှတ်ပေးတယ်လို့ မြင်ပါလားရှင့်။ -

“အဲဒါက ဒီလိုရှိသေးတယ်ဗျ။ အခုက ဘယ်သူတွေ ကျန်ခဲ့လို့ ဘယ်သူတွေ လွတ်လာတယ်ဆိုတာ ကျနော်တို့လည်း စာရင်း အတိအကျ မသိသေးဘူး။ သေချာတာကတော့ ကျနော် နေခဲ့တဲ့ထောင်ထဲမှာကို နိုင်ငံရေးအကျဉ်းသားတွေ ကျန်ခဲ့သေးတယ်ဗျ။ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားလုံးအပေါ်မှာတော့ အငြင်းပွားစရာရှိတာပေါ့။ သို့သော် ကျနော်တို့ နားလည်တဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့စံနဲ့ ကြည့်မယ်ဆိုရင်တော့ ကျန်ကိုကျန်သေးတယ်။ သူတို့အတွက် ကျနော်တို့ အလုပ် လုပ်ရဦးမယ်။ လက်ရှိအစိုးရအနေနဲ့ ဒါတွေကို ဟန်ပြမဟုတ်ဘဲ တကယ် အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုရင် အဲဒီ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ဖို့တော့ လိုသေးတယ်ဗျ။ နောက်တစ်ခုကကျတော့ ပြည်တွင်းငြိမ်းချမ်းရေး။ အင်မတန် အရေးကြီးတယ်ဗျ ဒီဥစ္စာက။ ကျနော်တို့တွေက အမေ့အိမ်ကို ပြန်ရောက်လို့ မိသားစုထမင်းဝိုင်းမှာ ဆုံနေတဲ့အချိန်မှာ မိသားစု ထမင်းပွဲတွေကို စွန့်ပြီးပြေးနေရတဲ့ တောထဲတောင်ထဲမှာ သဘာဝဘေးဒုက္ခတွေနဲ့ ကြုံနေရတဲ့ ကျနော်တို့ တိုင်းရင်းသားကလေးတွေကို ကျနော် အင်မတန် စာနာတယ်ဗျ။ အဲဒါကို ကျနော် အတိုင်းအတာတစ်ခုအထိ သိထားတယ်။ အဲဒီတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း ကျနော်တို့ အလုပ်လုပ်ရဦးမယ်။ နောက်တစ်ခါကျတော့ ဒီအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ် ဆိုတဲ့အပြောတွေကတော့ ကျနော် ရွှန်းရွှန်းဝေအောင် ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာကလည်း ခက်တာက သုဝဏ္ဏကျောမှာ ဒဏ်ရာတွေနဲ့ ဆိုတာလိုဖြစ်နေတယ်။ ကျနော်တို့ အတွေ့အကြုံက သံသယကိုပဲ ပြဌာန်းထားတယ်ဗျ။ အဲဒီတော့ တစ်ခုတော့ ရှိပါတယ်၊ ဒီသံသယတွေ အကုန်လုံးကို ကျနော်တို့က တွေ့ဆုံဆွေးနွေးမှု အောင်မြင်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ လက်နဲ့တော့ ပိတ်ထားရတာပေါ့ဗျာ။”

တဆက်တည်း မေးချင်တာက ထောင်ထဲမှာ နေရတဲ့အခြေအနေ ဘယ်လိုရှိပါသလဲ။ ကိုမင်းကိုနိုင်က အကြိမ်ကြိမ်လည်း ထောင်တွေ ကျခဲ့တယ်ဆိုတော့ ဒီတစ်ကြိမ် ထောင်ထဲမှာ နေရတဲ့အခြေအနေကို သိပါရစေ။ -

“ကျနော်တို့ အရင်ကထက်စာရင်တော့ အကျဉ်းထောင်တိုင်းဟာ အရင်ထက်သာအောင် သူတို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လက်တွေ့ဘ၀မှာကတော့ သူတို့ရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်အခြေအနေတို့၊ လုံခြုံရေး အခြေအနေတွေအရတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ မီအောင်တော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ သို့သော် သူတို့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက်တော့ သက်ဆိုင်ရာတွေက စိတ်အားထက်သန်မှု ရှိတာကိုတော့ ကျနော်တို့ ယေဘုယျလောက်တော့ တွေ့ရပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်လည်း ကျနော်တို့ ဆက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ အခွင့်အရေး ရဖို့ရယ်၊ ဆက်ပြီးလွတ်ဖို့ရယ် ကျနော်တို့ လုပ်ရဦးမှာကိုး။”

သရက်ထောင်ကနေ ဒီနေ့ မနက်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၇ ခုနှစ် သြဂုတ်လတုန်းက လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုအပေါ် ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၆၅ နှစ် ချခံခဲ့ရပြီး ထောင်ဒဏ် ၄ နှစ်ကျော်မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ယုံကြည်ရာကို ခွန်အားအဖြစ် ပြောင်းပြီး နေ့ရက်တွေကို ကျော်ဖြတ်ခဲ့သူ -

By featured, ဧရာဝတီ on January 13,
မနီလာသိန်း အင်တာဗျူး

ယမန်နေ့က ကြေညာခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်ခဲ့သည်။ထိုအထဲတွင် လသားအရွယ်သမီးငယ်ကို မိသားစုနှင့် ချန်ထားရစ်ခဲ့ရသော မနီလာသိန်းလည်း တဦးအပါအဝင်ဖြစ်သည်။ ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် အကျဉ်းကျနေခဲ့ရသည်။ မနီလာသိန်းသည် သာယာဝတီအကျဉ်းထောင်မှ နေ၍ ယနေ့ နံနက် ၁၀ နာရီခန့်တွင် လွတ်မြောက်လာခဲ့ရာ အကျဉ်းထောင်မှ လွတ်လွတ်ချင်း ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မနီလာသိန်း၊ ကိုဂျင်မီ မိသားစု (ဓာတ်ပုံ - မိုးမခ)

မေး။ ။ မနီလာသိန်း ဘယ်သူတွေနဲ့ တွေ့ပြီးပြီလဲ။ မနီလာသိန်းနဲ့အတူ ဘယ်သူတွေ လွတ်လာသေးလဲ။

ဖြေ။ ။ ကျမနဲ့ အတူ မကြည်ကြည်ဝါ အတူပါတယ်။ ကျန်တဲ့သူတွေနဲ့တော့ မတွေ့ရသေးဘူး။ မိသားစုနဲ့လည်း မတွေ့ရသေးဘူး။ ကျမကို ရဲဘော်တွေလာကြိုပါတယ်။ အခုလို လွတ်မြောက်လာတာပျော်ပေမယ့် ဘာပဲပြောပြော အပြည့်အဝ မပျော်နိုင်ဘူး။ အထဲမှာကျန်နေသေးတဲ့ ကျမတို့ရဲဘော်တွေကိုလည်း အမြန်ဆုံးပြန်လွတ်စေချင်တယ်။

မေး။ ။ မနီလာသိန်း ဘာတွေ ဆက်လုပ်မယ် စိတ်ကူးထားလဲ။

ဖြေ။ ။ ပထမဆုံး မိသားစုနဲ့ပြန်ဆုံရင် ဝမ်းသာမှာပေါ့။ ဒါပေမယ့် ရှေ့လျှောက် အများကြီးလုပ်ရဦးမှာ။ အခုလက်ရှိ ပြုပြင်ပြောင်းလဲ နေတဲ့ ကိစ္စတွေမှာ၊ အန်တီ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ အလုပ်တွေကို တနိုင်တပိုင် အားဖြည့်ရမှာ၊ အဲဒီလို လုပ်စရာတွေက အများကြီး ရှိပါသေးတယ်။

မေး။ ။ လက်ရှိ နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ။ ။ အခုလက်ရှိ သမ္မတကြီးရယ်၊ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရယ် ပူးပေါင်းလုပ်ဆောင်နေတဲ့ အရာတွေက ကျမတို့ အားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ အရာတွေပဲလေ။ ကျမတို့ အများကြီးပီတိ ဖြစ်ရပါတယ်။ ဒီထက်ပိုပြီး အနှစ်ပြည့်ပြည့် လုပ်စေချင်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အထဲမှာက နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ကျန်ခဲ့ပါသေးတယ်။ ဒီလူတွေအားလုံး ပြန်လည်လွတ်မြောက် လာမယ်ဆိုရင် ပိုပြီး လှပသွားမှာပါ။

မေး။ ။ အမျိုးသမီးတယောက်အနေနဲ့ ထောင်ထဲမှာ အကြာကြီး ဘယ်လို ဖြတ်သန်းခဲ့လဲ။

ဖြေ။ ။ ကျမတို့ကတော့ ဘယ်လို အခက်အခဲအကျပ်အတည်းပဲ တွေ့ကြုံတွေ့ကြုံ ကိုယ့်ရဲ့ ယုံကြည်ရာဟာ ခွန်အားပဲ။ ယုံကြည်ရာကို ခွန်အားအဖြစ် ပြောင်းပြီး ကျမတို့ ထောင်ထဲက နေ့ရက်တွေကို ဖြတ်သန်းခဲ့ပါတယ်ရှင်။

မေး။ ။ အခုလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးလိုက်တဲ့အတွက် အစိုးရကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျမ အများကြီး ကျေးဇူးတင်ပါတယ် ရှင်။


“နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး”
By featured, ဧရာဝတီ on January 13
ကိုကိုကြီး အင်တာဗျူး

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် ၂၀၀၇ သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ တခြားသော၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များနှင့်အတူ အဖမ်းအဆီး ခံခဲ့ရသည်။ မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် မိုင်းဆတ် အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည့် ကိုကိုကြီးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ကိုကိုကြီးအား ဧရာဝတီသတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထား သည်ကို ဖော်ပြလိုက်ပါသည်။

ကိုကိုကြီးနှင့် ကိုမင်းကိုနိုင်ကို ၂၀၀၇ ခုနှစ်အတွင်းက စာနယ်ဇင်းတွေ့ဆုံပွဲ ကျင်းပစဉ် ယခုကဲ့သို့ မြင်တွေ့ရသည် (ဓာတ်ပုံ - Getty Images)


မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေ အခုလို အများကြီး လွှတ်ပေးလိုက်တာကို ကိုကိုကြီးအနေနဲ့ ဘယ်လို ရှုမြင် သုံးသပ်လဲ။

ဖြေ။ ။ လွတ်လာတာ အပေါင်းလက္ခဏာပဲ၊ ဖမ်းလိုက်တာကတော့ အနုတ်လက္ခဏာပေါ့။ အဲဒီလိုပဲ ပြောရမှာပဲ။ အမှန် ကတော့ အနုတ်လက္ခဏာနဲ့ ဖမ်းထားပြီးတော့ ပြန်လွှတ်လို့ ဇီးရိုးဖြစ်သွားတယ် ဆိုတာတောင်မှ အဲဒီကာလကြီး တခုလုံး ဆုံးရှုံးသွားတယ်လို့ မြင်ပါတယ်။ အရေးကြီးတာကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ခဏထားလို့ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်ဖို့ အတွက်ကို သူများ ခြေတလှမ်း လှမ်းရင် ကျနော်တို့က ခြေလှမ်း ၁၄၊ ၁၅ လှမ်းလောက် လှမ်းရမှာဆိုတော့ အချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခတွေကို ရပ်သင့်ပြီ၊ တော်သင့်ပြီ။ တကယ်ပြုပြင်ပြောင်းလဲ လိုတဲ့ စိတ်ဓာတ်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပြီလို့ပဲ ကျနော် ပြောချင်တယ်။

မေး။ ။ တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ကချင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ တပြိုင်တည်းမှာပဲ မနေ့ကတင် KNU နဲ့ ငြိမ်းချမ်းရေးသဘော တူညီတာတွေ ရှိတယ်။ အဲဒီ အဖြစ်အပျက်တွေကိုကော ဘယ်လို ပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား ပြဿနာဟာ တကယ့် အခြေခံအကျဆုံး ပြဿနာပါ။ အဲဒီတော့ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာလည်း တကွက်စီ ဖြေရှင်းနေလို့ မရပါဘူး။ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနဲ့ တပြိုင်တည်း ပြေလည်အောင် ဖြေရှင်းရမှာဖြစ်ပါတယ်။ လက်ရှိ ကချင်နဲ့ မပြေလည်တဲ့ ကိစ္စဟာ ကချင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေ၊ ကချင်ပြည်သူ တွေတင် မကဘဲနဲ့ နိုင်ငံတနိုင်ငံလုံး နစ်နာနေတာလို့ ကျနော်တော့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆိုတာဟာ တနေရာတည်း၊ တဒေသတည်း ကွက်ပြီး လုပ်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး၊ အားလုံး တပြိုင်တည်း တပြေးညီ လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။

မေး။ ။ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီဆိုတော့ အဲဒီ ကိစ္စတွေကို ခြုံငုံပြီး သုံးသပ်ပါဦး။

ဖြေ။ ။ ပြုပြင် ပြောင်းလဲမှုကို အုပ်ရိုးလေးဘက် ကြားထဲမှာ ကျနော်တို့ အငွေ့အသက်လောက်ပဲ ခံစားခဲ့ရပါတယ်။ တခါတလေ ဝင်လာတဲ့ ဂျာနယ်တွေ၊ သတင်းတွေကတဆင့် အငွေ့အသက် ရခဲ့တယ်။ အခုကတော့ ကိုယ်တွေ့မျက်မြင် လေ့လာဆန်းစစ် ကြည့်ရဦးမှာပါ။

မေး။ ။ နိုင်ငံတကာ ပရိသတ်တွေနဲ့ နိုင်ငံသူနိုင်ငံသားတွေကို ကိုကိုကြီးအနေနဲ့ ဘာ သတင်းစကား ပါးချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး ဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေး ကြောင့်ဖြစ်တယ်၊ နိုင်ငံရေးဟာ အခြေခံဖြစ်တယ်၊ကျနော်တို့ နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး၊ ကိုယ်ကိုယ်တိုင် တပိုင်တနိုင် ပါဝင်ကြမှ ဖြစ်မယ် ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေကို ပြောချင်ပါတယ်။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်၊ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ထူထောင်မယ် ဆိုတာမျိုးကော ကိုကိုကြီး အနေနဲ့ စဉ်းစား ထားပါသလား။ ဘာတွေ ဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ။ ။ အဲဒါတွေကတော့ ကျနော်တို့က လက်ရှိဒီမှာဖြစ်နေတဲ့ နိုင်ငံရေးရာသီဥတု၊ အခြေအနေ တွေကို ၈၈ မျိုးဆက် သူငယ်ချင်းတွေ အားလုံး ပြန်ဆုံ၊ တိုင်ပင်ပြီးတော့မှ ဆုံးဖြတ်မှာပါ။

လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ
By featured, ဧရာဝတီ on January 13,
နေဘုန်းလတ် အင်တာဗျူး

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့်စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ကိုနေဘုန်းလတ်ကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။ ဘားအံထောင်မှ လွတ်မြောက်လာသော ဘလော့ဂ်ဂါ နေဘုန်းလတ်ကို လာရောက်ကြိုဆိုသည့် ဆွေမျိုးသားချင်းများနှင့် တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)

မေး ။ ။ အခုလို အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်လာတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ပျော်တော့ပျော်ပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်က ပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၁ ကိုဖတ်ပြတယ်။ ထောင်ကြွေးကျန် ရှိသေးတယ်ပေါ့ဗျာ။ အဲဒီတချက်ကတော့ စိတ်ကသိကအောက်ဖြစ်စရာပေါ့။

မေး ။ ။ ကိုနေဘုန်းလတ်ကို အီလက်ထရောနစ်ပုဒ်မနဲ့ ဆွဲတယ်လို့ သိရတယ်။ အဲဒီအဖြစ်အပျက်ပြောပြပေးပါလား။

ဖြေ ။ ။ တကယ်တော့ အီလက်ထရောနစ်ပုဒ်မဆိုတာကို အာဏာပိုင်လည်း သေချာမသိဘူး။ ကျနော် အီးမေးလ်ထဲမှာ ပြင်ပကပို့တဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ရုပ်ပြောင်ပုံတွေကိုတွေ့တော့ ရမယ်ရှာပြီး အီလက်ထရောနစ်ပုဒ်မ ၃၀၃ ဆိုပြီး တရားစွဲတာ။ ဒီပုံတွေကို ကျနော်ကလည်း ဖျက်မထုတ်မိလိုက်ဘူး။ အဲဒီပုဒ်မက ကျနော်အရင်ဆုံး အဆွဲခံရတာထင်တယ်။ နောက်တော့ ကိုမင်းကိုနိုင်တို့ကိုရော၊ ကိုသူရတို့ကိုရော ဆက်ဆွဲတာ။ တကယ်တော့ ဒီ အီလက်ထရောနစ်ပုဒ်မဆိုတာက ဟက်ကာတွေ၊ အွန်လိုင်းကနေ ငွေခိုးတဲ့လူတွေ၊ နောက် အွန်လိုင်းကနေ ပြစ်မှုကျူးလွန်တဲ့ Cyber Crime တွေကို  အပြစ်ပေးဖို့ ဖြစ်သင့်တဲ့ပုဒ်မဗျ။ အားလုံးဝိုင်းဝန်းကန့်ကွက်ရမယ့် ဥပဒေပါပဲ။

မေး ။ ။ ဘလော့ဂါတယောက်အနေနဲ့ ထောင်ထဲမှာ ဖတ်ရတဲ့သတင်းဂျာနယ်တွေ၊ စာတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်ရှိပြီလို့ ထင်လား။

ဖြေ ။ ။ စာပေစိစစ်ရေးက ရှိနေတုန်းလေ။ နောက်တခုက ဘလော့ဂါတွေကို ဘယ်လိုသဘောထားမလဲ။ ကျနော်တို့က ကိုယ်ဖာသာကိုယ် လွတ်လွတ်လပ်လပ်ရေးပြီး တင်တာလေ။ အဲဒီတော့ ရေးကြည့်ရမှာပဲ။ ထပ်ဖမ်းလည်းဖမ်းပေါ့။ အဲဒီကျမှပဲ လွတ်လပ်ခွင့်ရှိမရှိသိရမှာပဲ။

မေး ။ ။ အခု ထောင်ကထွက်လာပြီ။ အခုအပြင်မှာဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်ပြီး ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ။ ဘလော့ဂါအနေနဲ့တော့ ဆက်ရပ်တည်မှာပါ။ နိုင်ငံရေးအရတော့ ဘယ်လိုပုံစံနဲ့ ရပ်တည်မလဲဆိုတာတော့ စဉ်းစားရမယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုကို အပြည်အ၀ ယုံကြည်တယ်။ လုပ်ကိုင်နေတာတွေကို အပြည့်အ၀ ထောက်ခံတယ်။ တတ်နိုင်တဲ့ဘက်က ထောက်ပံ့သွားဖို့ စဉ်းစားထားတယ်။

မေး ။ ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။

ဖြေ ။ ။ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ အားလုံးလွတ်လာတာကို ကျေနပ်တယ်။ ဒါပေမယ့် ဖောက်ခွဲရေးပုဒ်မတွေ ကပ်ထားတဲ့ ကျနော့်မိတ်ဆွေတွေ ကျန်သေးတယ်။ စောစောကပြောတဲ့ ထောင်ကြွေးကျန်ဆိုတဲ့ ပုဒ်မလေးတပ်ပြီး ပြောခံရတာက လွဲလို့ အားလုံးကိုကျေနပ်ပါတယ်။

မေး ။ ။ အစိုးရကလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ရွေ့တော့ ရွေ့နေတာကို မြင်နေရတယ်။ ပထမခြေလှမ်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးတာကို တွေ့ရတယ်။ နောက်ပြန်ဆုတ်မသွားဖို့တော့ ပြည်သူရော နိုင်ငံရေးလုပ်ကို လုပ်နေသူတွေရော အားလုံး ၀ိုင်းဝန်းဖို့တော့ လိုမယ်။

မေး ။ ။ ပြင်ပမှာ ကိုနေဘုန်းလတ်ကို စောင့်မျှော်နေတဲ့ ဘလော့ဂါတွေ၊ ဓာတ်ပုံသမားတွေ၊ လူငယ်တွေ၊ စာပေသမားတွေနဲ့ တခြားပြည်သူတွေကို ဘာများပြောချင်လဲ။

ဖြေ ။ ။ ပြန်လာပြီပေါ့ဗျာ။ အစိုးရက ဒီမိုကရေစီလို့ ကြွေးကြော်ထားတော့ Freedom of Expression ပေါ့။ ကျနော့်မှာ Facebook ရှိတယ်။ ဘလော့ဂ်ရှိတယ်။ အဲ့ဒီတော့ လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာတွေ လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီဗျာ။ ကျနော်ထောင်ထဲမှာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်ဖို့ အားပေးကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီကို အထောက်အပံ့ပြုနေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ သူတို့တွေရဲ့ အသိအမှတ်ပြုမှုကိုသာ မခံရရင် ကျနော်တို့ဟာ ထောင်ထဲမှာ အထီးကျန်မှုကို ခံစားရမှာပဲလေ။ ဒီလို အသိအမှတ်ပြုမှုတွေဟာ ကျနော့်အတွက် ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တွေလို့ ခံယူထားတဲ့အတွက် အလုပ်တွေ အများကြီးလုပ်သွားမှာပါ။


“တကယ်ငြိမ်းချမ်းရေးရချင်ရင် အားလုံးနဲ့ စကားပြော”
By featured, ဧရာဝတီ on January 13,
ဦးခွန်ထွန်းဦး အင်တာဗျူး

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ယနေ့ လွတ်မြောက်လာသူထဲတွင် ရှမ်း အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ခေါင်းဆောင်ဦးခွန်ထွန်းဦးလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်၍ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ တောင်ငူအကျဉ်းထောင်မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားသည်။

SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး

မေး။ ။ ဦးခွန်ထွန်းဦး အနေနဲ့ ရှေ့ကို ဘာဆက်လုပ်ဖို့ အတွက် ရည်ရွယ်ထားပါသလဲ။

ဖြေ။ ။ ကျနော်က နိုင်ငံရေး လုပ်တဲ့ လူဆိုတော့ နိုင်ငံရေးပဲ ဆက်လုပ်ရမှာပေါ့။

မေး။ ။ အခုလွတ်မယ် ဆိုတာကို ကြိုသိသလား။

ဖြေ။ ။ မှန်းလို့တော့ ရတယ်။ ပူတာအိုက ပြောင်းလာရင်း မှန်းလို့တော့ ရတယ်။ ဒီနေ့ ဒီအခါတော့ ကြိုပြီး မသိဘူး။ နီးပြီဆိုတာ သိတယ်။ International Interest ကသိပ်များတော့ နီးစပ်မှု ရှိတယ်ဆိုတာ မှန်းလို့ ရတယ်။

မေး။ ။ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဆက်တိုက် မြန်မြန်ဆန်ဆန် ပြုလုပ်တာတွေကို ထောင်ထဲကနေ ကြားရ ပါသလား။

ဖြေ။ ။ ကြားရတယ်၊ ကျနော်တို့ ဂျာနယ်တွေ ဖတ်နေတာပဲ။ တော်တော်လေးကို အပြောင်းအလဲက ရှိတယ်ဆိုတော့ ၀မ်းသာပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်မယ်၊ နောက်ပြီးတော့ ရှေ့ကသွားမယ့် လမ်းက ရဲရဲတင်းတင်း မှန်မှန်ကန်ကန်နဲ့ သွားမယ် ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ကျနော် ၀မ်းလည်း သာတယ်၊ ကောင်းဖို့လည်း မျှော်လင့်ပါတယ်။

မေး။ ။ ဦးခွန်ထွန်းဦးတို့ လွတ်ပြီးတဲ့အချိန်မှာ တခြား နိုင်ငံရေး အကျဉ်းသားတွေကော ကျန်နေခဲ့သေးလား။

ဖြေ။ ။ ဥပမာ သဘောပြောပြမယ်။ လွှတ်မယ်လို့ ပြောတဲ့ လွတ်လပ်ရေးနေ့ မတိုင်ခင် စာရင်းကောက်တော့ သဘောက လွတ်ရန် ၆၀ ရှိတယ်ပေါ့။ လွတ်လပ်ရေးနေ့မှာ တချို့လွတ်သွားပြီ၊ ဒီနေ့လည်း တချို့လွတ်တယ် ဆိုတော့ နိုင်ငံရေး အကျဉ်းသားက ဘယ်နည်းနဲ့ မဆို ကျန်သေးတယ်။ မလွတ်သေးဘဲ ကျနော်တို့ကို လာနှုတ်ဆက်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါနေပါသေးတယ်။

မေး။ ။ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကော ဆက်လက် လုပ်ဆောင်မှာလား။

ဖြေ။ ။ ကျနော်တို့ ဆက်လုပ်ရမှာပေါ့ဗျာ။ ကျနော် လွတ်မြောက်ဖို့ကို အရင်က နောင်တော်တွေက လုပ်သွားပြီးပြီပဲ။ ကျနော်က ဒီအတိုင်း ပစ်ထားပြီး ငါလွတ်ရင်ပြီးရော ဘယ်ဟုတ်မလဲ။ ဒါ သမိုင်းပေးတာဝန်ပဲ ဆက်လုပ်ရမှာပေါ့။

မေး။ ။ အခု ကချင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတယ်၊ KNU နဲ့ကျတော့ မနေ့ကပဲ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ခဲ့တယ်။ တခြားဒေသတွေမှာလည်း တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နေတာ တွေ့ရတယ်။ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဦးခွန်ထွန်းဦး အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ မဖြစ်သင့်တဲ့ အရာပဲ။ အမှန်ဆိုရင်တော့ တကယ်ငြိမ်းချမ်းရေး ရချင်တယ် ဆိုရင်၊ အားလုံးနဲ့ စကား ပြောချင်ရင် ပြော၊ ဒီ တဖွဲ့နဲ့ စကားပြောမယ်၊ တဖွဲ့နဲ့ စစ်တိုက်နေမယ် ဆိုရင် မဖြစ်ဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ဒီလက်နက်ကိုင် တိုင်းရင်းသားတွေအပေါ်မှာ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးတော့ ဆွေးနွေးတာ ကောင်းတာပေါ့။ ကချင်ကိုလည်း တိုက်နေမယ့်အစား တခြားတိုင်းရင်းသားတွေလိုပဲ စကားပြောရင် ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အခု အလားအလာ တော်တော်လေးကို ကောင်းနေပြီပဲ။

မေး။ ။ ဦးခွန်ထွန်းဦး အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ဘယ်အခန်းကဏ္ဍကနေ လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားလဲ။

ဖြေ။ ။ ကျနော်ကတော့ တိုင်းရင်းသား ဘက်ကနေ ပြောရရင် ငြိမ်းချမ်းရေးကို မရမနေ ပြောသွားရမယ်၊ လုပ်ဆောင် သွားမယ်လို့ ရည်ရွယ်ထားတယ်။

မေး။ ။ ဦးခွန်ထွန်းဦးတို့ အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် လုပ်ဆောင်ရင်းနဲ့ အဖမ်းခံရတယ်လို့ သိရတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ ကျနော့်ကို ဖမ်းတာက ဘာ နိုင်ငံတော်ပုန်ကန်မှုမှ လုံးဝမရှိဘူး။ သက်သေလည်း တယောက်မှ မရှိဘူး။ ကျနော့် စကားကို ကျနော် တာဝန်ယူတယ်။ ကျနော် ပြောတာမှားတယ်၊ သက်သေပြစရာ ရှိတယ်ဆိုရင် ကျနော့်ကို ပစ်သတ်လိုက်ရုံပဲ ရှိတော့တယ်။ ကျနော် လုံးဝ မမှားခဲ့ဘူး၊ လုပ်လည်း မလုပ်ဘူး။ ကျနော့်လို တာဝန်တွေ အများကြီး ထမ်းဆောင်ထားပြီးတော့ ဒီလို အလုပ်မျိုးတော့ ကျနော် ဘယ်လုပ်မလဲဗျာ။ ကျနော်က လွှတ်တော် ကိုယ်စားလှယ်တယောက်ပဲ။ ဥပဒေ ပြုရမယ့်သူက ဘာလို့ ဥပဒေကို ဖောက်ဖျက်ရမှာလဲ။ နောက်ပြီးတော့ ပါတီဥက္ကဋ္ဌ တယောက် ဆိုတဲ့ မျက်နှာတွေကို ထောက်ထားရမှာပေါ့။ မလုပ်သင့် မလုပ်ထိုက်တဲ့ ဟာတွေပါ။ ကျနော် ဒီဟာ လုပ်လဲမလုပ်ခဲ့ဘူး။ လုပ်ခဲ့တယ်လို့ စွပ်စွဲတယ်ဆိုတာလဲ ကျနော့်ကို နှစ်ရှည် ထောင်ဒဏ် ချချင်လို့ပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို ဦးခွန်ထွန်းဦး အနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့က ကျနော်တို့နဲ့ ဟိုတုန်းကတည်းက စည်းရုံးရေး ထွက်ရင်း အတူတူလုပ်လာ ကြတာချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ မှန်ကန်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထောက်ခံချက် တွေကို ကျနော်တို့ ထောက်ခံရမှာပေါ့။ ကျနော်ကတော့ ဗဟိုကော်မတီနဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမှာပါ။ ကျနော်တို့ ဗဟို ကော်မတီကို ပြန်သွားမယ်၊ ပါတီကို ပြန်ဖွဲ့မယ်။ ကျနော်တို့ စုပေါင်းဆုံးဖြတ်ချက်နဲ့ လုပ်ကြပါမယ်။

မေး။ ။ တိုင်းရင်းသားတွေအားလုံးကလည်း ဦးခွန်ထွန်းဦးကို မျှော်လင့်နေကြတာဆိုတော့ တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့ တိုင်းရင်းသားတွေကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ဗျာ၊ သူတို့မျှော်လင့်သလို ကျနော် ကတော့ လုပ်ပေးရမှာပဲ။ နဂိုကလည်း တိုင်းရင်းသား အလုပ် လုပ်တာပဲ။ အမြင်လွဲမှားပြီးတော့ ကျနော်တို့ကို ထောင်ထဲ ထည့်ခဲ့ပြီပဲဗျာ။ ဒါပေမယ့် ဒါကြီးက ကျနော်တို့ အတွက် အနှောက်အယှက် မဖြစ်ဘူး၊ စိတ်ဓာတ်မကျပါဘူး။ လုပ်ရမယ့် ကိစ္စကို ကျနော်တို့ ဆက်လုပ်ရမှာပဲ။ တိုင်းရင်းသားတွေ ကိုလည်း ခပ်ရှင်းရှင်းပြောရရင် အခုမှ ကျနော်က ထွက်ခါစ၊ အချိန်ယူပြီးတော့ ကျနော့်ရဲ့ ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျနော် ရှင်းရမှာပေါ့။ အခုဟာက မရှိတဲ့ အမှုကို ရှိအောင်လုပ်တာ၊ ကျနော့် အပြစ်တွေ ရှင်းအောင် လုပ်ရမယ့် တာဝန်တွေက အများကြီးပဲ။ မရှင်းလို့လည်း မရဘူးဗျ။ ကျနော့် Personal လည်း ထိခိုက်တယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေကိုလည်း ထိခိုက်တာပဲဗျ။ ဒီတော့ အချိန်ယူပြီး ဒီကိစ္စကို ကျနော် လုပ်မယ်။

မေး။ ။ အခု သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဒုတိယ သမ္မတအဖြစ်နဲ့ ဒေါက်တာစိုင်းမောက်ခမ်း ဆိုတဲ့ ရှမ်း တိုင်းရင်းသား တယောက် ရွေးချယ် တင်မြှောက် ခံရတဲ့ အပေါ်မှာ ဦးခွန်ထွန်းဦး ဘာပြောချင်ပါသလဲ။

ခွန်ထွန်းဦး။ ။ အဲဒါတော့ ကျနော် မှတ်ချက် မပေးလိုပါဘူး။


ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား လုပ်ဆောင်မယ့်သူ
By featured, ဧရာဝတီ on January 13,
မင်းကိုနိုင် အင်တာဗျူး

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သရက် အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာပြီ ဖြစ်သည်။ကိုမင်းကိုနိုင်သည် ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လက လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြရာမှ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကာ ထောင်ဒဏ် ၆၅ နှစ် ကျခံရသူဖြစ်သည်။ ကိုမင်းကိုနိုင်ကို ဧရာဝတီ သတင်းထောက် ဝေမိုးက ဆက်သွယ်မေးမြန်းထားပါသည်။

အောင်လံမြို့သို့ရောက်စဉ် ဘုရားဖူးများကို နှုတ်ဆက်နေသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဓာတ်ပုံ - Ye Htut Win / Facebook)

မေး။ ။ ကိုမင်းကိုနိုင် ထောင်က လွတ်လာတဲ့ အချိန်မှာ အရင်ဆုံး ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ မြင်ရတာတော့ ပြည်သူလူထုက တော်တော်ကြီး နိုးကြားလာတဲ့ ခေတ်ကိုတော့ ရောက်လာပါပြီ။ အဲဒီလို နိုးကြားလာအောင်လည်း ကျနော်တို့ တော်တော်လေး ပေးဆပ်ခဲ့ရတယ်ပေါ့ဗျာ။ ထိုက်တန်တဲ့ ရလဒ်တခု ရလာတာလို့ ပြောလို့ရတယ်။ လမ်းလုံးကျွတ်အောင်ကြိုတာလည်း တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူ လူထုက ဒီထက်မက အများကြီး ထောက်ခံမှုပေးတာကို မြင်ရတယ်။ ပြောချင်တာကတော့ နိုင်ငံတကာ စံချိန်မီမှ ကျနော်တို့တိုင်းပြည် ဒီထက်မက ရှေ့ဆက်နိုင်မယ်လို့ ယုံတယ်။ နိုင်ငံတကာ စံချိန်မီဖို့ နိုင်ငံရေးအကျဉ်းသား မရှိတဲ့အထိ လွှတ်ပေးဖို့ လိုတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ကိုတော့ ကျနော် တော်တော်လေး ရင်လေးတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကချင်ဒေသတွေမှာ ကြားရတဲ့ သတင်းတွေနဲ့တင် ကျနော်တို့ တော်တော်လေး နေမထိ ထိုင်မသာဖြစ်ရတဲ့အထိ ခံစားရတယ်ဗျာ။ ပြည်တွင်း ငြိမ်းချမ်းရေး တကယ်လိုတယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ရမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ် ရောက်မယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ လုပ်ရမှာတွေကတော့ အများကြီးပေါ့။

မေး။ ။ လွတ်လာပြီးတဲ့ နောက်မှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာ ကြိုတင် စဉ်းစားထားတာ ရှိလား။

ဖြေ။ ။ ကျနော်တို့ ၈၈ မျိုးဆက်တွေ အကုန်စုပြီးတော့ မနက်ဖြန်၊ သဘက်ခါ ဆိုသလို ဝိုင်းပြီး တိုင်ပင်ကြမှာပါ။ တိုင်ပင်လိုက်ရင်တော့ အဖြေတခု ထွက်လာမှာပါ။ သေချာတာကတော့ အရင်လိုပဲ ပြည်သူလူထုနဲ့ ထပ်တူ နေပြီးတော့ ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒကို ဖော်ထုတ်ဦးမှာပါ။ ပြည်သူတွေသွားချင်တဲ့ လမ်းကို ရောက်အောင် ကျနော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ချီတက်ဦးမှာပါ၊ ဒါတော့ သေချာပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်လည်း အခု ရွေးကောက်ပွဲ ဝင်တော့မှာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော ဘာတွေ တွဲပြီး လုပ်ဆောင်ဖို့ ရှိလဲ။

ဖြေ။ ။ အရင်ကတည်းက ကျနော်တို့ မူရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဝိုင်းရံပေးရေးဆိုတဲ့ မူပါ။ ဒါကတော့ အခုထိ မပြောင်းသေးပါဘူး။ ဒီထက်ပိုပြီးတော့ အားကောင်းစေမယ့် နည်းလမ်းမျိုးရှိရင်လည်း သုံးမှာပါ။ ဒါလည်း မကြာခင် သိရမှာပါ။ သေချာတာကတော့ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD နဲ့ တွဲပြီး တူတာမှန်သမျှ ဝိုင်းလုပ်ကြမှာပါ။

မေး။ ။ လက်ရှိ နိုင်ငံရေးအခြေအနေကိုကော ဘယ်လို မြင်လဲ။ သမ္မတ ဦးသိန်းစိန်ကလည်း ကိုမင်းကိုနိုင်တို့ကို လွှတ်ပေးလိုက်ပြီ ဆိုတော့ သူနဲ့ ပတ်သက်လို့ကော ဘာပြောချင်လဲ။

ဖြေ။ ။ လူပုဂ္ဂိုလ်တဦးတည်းကို မူတည်ပြီး ဝေဖန်သုံးသပ်တာမျိုး၊ ဆုံးဖြတ်တာမျိုးတော့ ကျနော် တယ်ပြီး မလုပ်ချင် လှပါဘူး။ သူတို့မှာလည်း အထိုက်အလျှောက်တော့ စုပေါင်းဆောင်ရွက်မှု ရှိမယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။ တခုပဲ ရှိပါတယ်။ တကယ့်တကယ် နိုင်ငံတော် သမ္မတ အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ အာဏာတည်ရဲ့လား ဆိုတာတော့ ကျနော် စောင့်ကြည့်ဦးမယ်။ အခု တွေ့နေရတာက သမ္မတက ညွှန်ကြားထားတာတောင်မှ တပ်တွေက တကယ်တန်း မလိုက်နာတာ တွေ့နေရတယ်၊ ဒါပေမယ့် ဒီဟာ တခုတည်းကို ကွက်ကြည့်ပြီးတော့ ဆိုးလှပြီလို့တော့ ကျနော် မပြောနိုင်သေးဘူးပေါ့။ သို့သော်လည်းပဲ တကယ် သူဆုံးဖြတ်တဲ့အတိုင်း သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်တွေကကော တကယ်လိုက်နာရဲ့လား၊ ကျန်တဲ့ အာဏာသုံးရပ်ကို ဆွဲကိုင်ထားတဲ့ သူတွေကကော တကယ်လိုက်နိုင်ရဲ့လား ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ ဝေဖန်ချက်ကိုတော့ အများကြီး စောစောစီးစီး ကျနော် မပေးချင်သေးဘူးဗျာ။

မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ လိုတယ်ဆိုတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတယ် ဆိုတဲ့ သဘောလား။

ဖြေ။ ။ ကျနော်တို့ သရက်ထောင်မှာပဲ ကြည့်လေ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်သေးတယ်ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တချို့ အမှုမှားပြီး အဆွဲခံထားရတဲ့ သန်လျင်မြို့နယ် NLD က ကိုသန်းဇော်လို လူမျိုးတွေ ကျန်သေးတယ်ဗျာ။ အများကြီးပါပဲ။ ဒါ ကျနော်သိတဲ့ သရက်မှာတင် ကျန်သေးတာ။ တခြားနေရာတွေမှာ ဘယ်လောက် ကျန်သေးလဲ ကျနော်မသိဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကတော့ အငြင်းပွားစရာ ရှိချင်ရှိမယ်၊ ဒါပေမယ့် နိုင်ငံရေးအရ ဖြစ်တဲ့ အကျဉ်းသားတွေပါပဲ။

မေး။ ။ ကိုမင်းကိုနိုင် အနေနဲ့ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို အဓိက လုပ်ဖြစ်လာနိုင်မလား။

ဖြေ။ ။ တိုင်းရင်းသားအရေးဟာ အမျိုးသားရင်ကြားစေ့ရေးကို လုပ်မယ်ဆိုရင် ဒါ မပါဘဲနဲ့၊ ဒီအဆင့်ကို ကျော်ပြီးတော့၊ ရှောင်ပြီးတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ အဓိက လုပ်ငန်းစဉ်အဖြစ် ကျနော်ကတော့ ခံယူထားလိုက်ပါပြီ။ ကျန်တဲ့ လုပ်ငန်းစဉ်တွေကတော့ ကျနော်တို့ ၈၈ ခေါင်းဆောင်တွေ စုပေါင်းပြီး တိုင်ပင်ကြရပါမယ်။ ပြီးတော့ အားလုံး ဆုံးဖြတ်တဲ့အပေါ်မှာ ဝိုင်းပြီး လုပ်ကြရမှာပါ။

မေး။ ။ ကိုမင်းကိုနိုင် အနေနဲ့ ခြွင်းချက်မရှိ လွတ်မြောက်လာတာလား။

ဖြေ။ ။ ကျနော့်အနေနဲ့ အာမခံသဘောမျိုး၊ ခံဝန်ချက်သဘောမျိုး ဘာမှတော့ မထိုးခဲ့ရပါဘူး။

နောက်ဆုံး
ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို
By featured, ခင်ဦးသာ on January 13, ဧရာဝတီ
ယနေ့လွတ်မြောက်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ် အား ကြိုဆိုကြောင်း ပြောဆိုလိုက်သည်။

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သတင်းထောက်များနှင့် စကားပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကိုလည်း ကြိုဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားလို့ရှိ ရင်လည်း ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲတဲ့သူ တယောက်ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကောင်းမွန်လာမှာပါ” ဟု ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်က ၎င်း၏နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ယခုလက်ရှိ နိုင်ငံရေးအခြေအနေမှာ ကောင်းမွန်သည်ဟု မြင်သော်လည်း အသေးစိတ် လေ့လာ ကြည့်ရဦးမည်ဖြစ်ကြောင်း၊ လမ်းပြမြေပုံ ၇ ချက် ပြီးသွားပြီ ဖြစ်သောကြောင့် တိုင်းပြည်အတွက် လုပ်စရာရှိသည်များကို ဆက်လက် အကောင်အထည် ဖော်ရန် လိုကြောင်း သူက ပြောသည်။

“သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာပဲ။ နောက်ပြီး နိုင်ငံတကာကနေ လာကြတယ်ဆိုတာလည်း သိပ်ကောင်းပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာ ကောင်းကျိုးအတွက်၊ တိုင်းပြည် တိုးတက်မယ် လို့ပဲ မြင်ပါတယ်” ဟု ဦးခင်ညွန့်က ဆိုသည်။ ဆက်လက်၍ ၎င်းက ရှေ့ဆက် လုပ်ဆောင်ရန် ကိစ္စများကို မစဉ်းစားသေးကြောင်း၊ အပြင်လောက ပတ်ဝန်းကျင်နှင့်လည်း အဆက်အသွယ် မရှိသေးကြောင်း၊ အပြင်ကို လေ့လာပြီးမှ ဆုံးဖြတ်မည်ဖြစ်သော်လည်း နိုင်ငံရေးလုပ်ရန် အစီအစဉ် မရှိကြောင်း၊ တိုင်းပြည် ကောင်းရာကောင်းကျိုး၊ ပြည်သူလူထု ကောင်းရာ ကောင်းကျိုး ကိစ္စများသာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ မိသားစု စားဝတ်နေရေးအတွက် စီစဉ်လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်းလည်း ပြောသည်။

“မီဒီယာတွေ လွတ်လပ်ခွင့် ဒီထက်ပိုရရင် ကောင်းမယ်။ အဲဒါမှ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ပြောချင်ရင် မီဒီယာကနေ တဆင့်ပြောမယ်” ဟု သူက ဆိုသည်။

ယခင် နအဖ စစ်အစိုးရ လက်ထက် နိုင်ငံတော် ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် မိသားစု ၀င်များမှာ ယနေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။

“ဦးခင်ညွန့်နဲ့ ဇနီး၊ သားမက်၊ သားတွေနဲ့ ထောက်လှမ်းရေးအဖွဲ့ တချို့လွတ်မြောက်ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အတွက်လည်း အများကြီး ၀မ်းသာပါတယ်” ဟု ဦးခင်ညွန့်၏ ယောက်ဖ တော်စပ်သူ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။

ဦးခင်ညွန့်နှင့်အတူ ပြန်လည်လွတ်မြောက်လာကြသည့် ထောက်လှမ်းရေးအဖွဲ့ဝင်တချို့မှာ အာဏာအလွဲသုံးစား မှုဖြင့် သရက်ထောင်တွင် အနှစ် ၄၀ ကျော် ထောင်ဒဏ်ကျခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်၊ ရွှေဘိုထောင်မှ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်အောင်နှင့် ထောက်လှမ်းရေး အဖွဲ့ဝင် အများစုပါဝင်ကြောင်း သိရသည်။ လွတ်မြောက်လာသူများအထဲတွင် ဒေါက်တာသန်းငြိမ်း၏ တူတော်စပ်သူ ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း တဦးနှင့် ထောက်လှမ်းရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဟောင်း ဦးမြင့်ဇော်လည်း ပါဝင်သည်။

“ဘာပဲပြောပြော ဦးခင်ညွန့်တို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရပါတယ်၊ ကျန်နေသေးတဲ့သူတွေကိုလည်း လွှတ်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက် ပြောသည်။

ဦးခင်ညွန့် မိသားစုနှင့်တိုက်ရိုက် အဆက်အသွယ် မရသေးသော်လည်း မိသားစုဝင်များဖြစ်သည့်အတွက် တွေ့ဆုံရန် အစီ အစဉ် ရှိကြောင်း ဒေါက်တာ သန်းငြိမ်းက ဆိုသည်။ ၎င်းသည် ဦးခင်ညွန့်၏ ဇနီးဒေါ်ခင်ဝင်းရွှေ၏ အစ်ကိုဖြစ်သည်။

ယခု လွတ်မြောက်လာသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူနှင့်မှ ညှိနှိုင်းထားခြင်း မရှိကြောင်း၊ သမ္မတက လွှတ်သင့် လွှတ်ထိုက် သူများကို လွှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချခဲ့သည်။

ဦးခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၃၈ ဦးတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင် ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ် ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး တန်ပြန် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း သည် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ ချမှတ်ခံခဲ့ရသည်။

ဦးခင်ညွန့်၏ သားသမက်ဖြစ်သူ ဦးတင်ထွဋ်သည် စီးပွားရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ကျော် ချမှတ်ခံထားရာမှ လွတ်မြောက်လာခြင်း ဖြစ်သည်။ ဦးခင်ညွန့်၏ သားဖြစ်သူ ဗိုလ်မှူးဟောင်း ဇော်နိုင်ဦးနှင့် ဦးရဲနိုင်ဝင်းတို့လည်း လွတ်မြောက် လာသည်ဟု သိရသည်။  လွတ်မြောက်လာချိန်တွင် ဦးခင်ညွန့်သည် အစိုးရက တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ကို ကြိုဆိုကြောင်း၊ တနိုင်ငံလုံးငြိမ်းချမ်းရေးကို လိုလားကြောင်း ပြောသည်။

တိုင်းပြည် လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းရေးက အဓိကပဲ။ တိုင်းပြည် အေးချမ်းမှသာလျှင် ဖွံ့ဖြိုးတိုးတက်မယ်။ စီးပွားရေးလည်း အဲဒီအပေါ်မှာ အခြေခံတာပဲ။ သိပ်ကောင်းပါတယ်။ အောင်မြင်မယ်လို့ ယူဆပါတယ်။ အောင်မြင်ပါစေ လို့လည်း ဆုတောင်း ပါတယ်” ဟု သူက ဆိုသည်။

ယမန်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ စတင်လွတ်မြောက်လာသူ များထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အပြင် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးများဖြစ်သည့် ဇွဲနေဝင်း၊ ကျော်နေဝင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် ပူးပေါင်းရေးသားသည်။

(-  မိုးမခ  - )

Comments