7Day talk with Zaw Thet Htway

ကိုဇော်သက်ထွေးနှင့် တွေ့ဆုံခြင်း
အေးမြကျော် - 7daynewsjournal.com
ဇန်န၀ါရီလ ၂၂၊ ၂၀၁၂

နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို ဇာဂနာ(ဦးသူရ)တို့နှင့်အတူဆောင်ရွက်ခဲ့စဉ် အင်တာနက်မှ မမှန်သတင်းများ ပေးပို့ဖြန့်ဝေသည် ဟူသော စွပ်စွဲချက် အီလက်ထရွန်နစ်အက်ဥပဒေ(က)ဖြင့်ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခြင်းခံခဲ့ရသော အားကစားအယ်ဒီတာ ဦးဇော်သက်ထွေးသည် တောင်ကြီးထောင်တွင် ထောင်ဒဏ်သုံးနှစ်ခုနစ်လကျခံပြီးနောက် ဇန်န၀ါရီ၁၂ရက်က ကြေညာခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်
လွတ်မြောက်လာခဲ့သည်။ မိသားစုနှင့် ပြန်လည် ဆုံစည်းခွင့်ရပြီ ဖြစ်သော ဦးဇော်သက်ထွေးနှင့် သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည် ဝေမျှလိုက်ပါသည်။

ထောင်ထဲမှာ နေထိုင်စဉ်က ဂျာနယ်တွေလည်း တောက်လျှောက်ဖတ်ခဲ့ရတယ်ဆိုတော့ အစိုးရသစ်လက်ထက် အပြောင်းအလဲတွေထဲကမှ ဦးဇော်သက်ထွေးအနေနဲ့ ကျေနပ်အားရမှုရှိတဲ့ အပြောင်းအလဲကိုပြောပါဆိုရင်ဘာများဖြစ်မလဲ။

အပြောင်းအလဲထဲက ဆိုရင်တော့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းသွားတဲ့ကိစ္စ။ အဲဒီ့ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းတဲ့ ဆုံးဖြတ်ချက်ရဖို့ကို ပြည်တွင်းမှာရှိတဲ့ အင်န်ဂျီအိုအဖွဲ့တွေ၊ မီဒီယာတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ တကယ့်ကို တက်တက် ကြကြနဲ့ ပြောဆိုနိုင်ခဲ့တဲ့အဲဒီ့ Mood ဟာ ကျွန်တော်တွေ့ခဲ့ရတဲ့လှုပ်ရှားမှုထဲမှာ အင်အားအကောင်းဆုံးနဲ့ အလှပဆုံးလှုပ်ရှားမှုပါပဲ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးတဲ့နောက်မှာ အခုဆိုရင် အမေရိကန်၊ ဗြိတိန်စတဲ့အင်အားကြီးနိုင်ငံတွေက ဆက်တိုက်ဆိုသလိုလာပြီး တွေ့ဆုံဆွေးနွေးတာတွေလုပ်ဆောင်နေကြတယ်။ အခုဆိုရင်စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ဖို့ အချိန်တန်ပြီလို့ထင်ပါသလား။

အခု အစိုးရသစ်တက်တာ တစ်နှစ်ပြည့်လုပြည့်ခင်ပေါ့။ အဲဒီအချိန်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကလည်း မြန်မာပြည်ကိုလာနေပြီ။ လေ့လာနေပြီ။ လေ့လာတယ်ဆိုတာ သူတို့ သတ်မှတ်ထား တဲ့ ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေ မီတယ်ဆိုရင်တော့ သူတို့ရဲ့ အကူအညီတွေလာမှာပေါ့။ နိုင်ငံတကာ အကူအညီတွေဟာ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက်ကတော့ တကယ့်ကို အရေးကြီးတဲ့သွေးကြောတစ်ခုလိုဖြစ်နေတယ်။ ထောင်ထဲမှာနေတဲ့အခါမှာ ရိုးရိုး
ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသားလေးတွေရဲ့ ထောင်ဝင်စာထုပ်ကို ကြည့်လိုက်ရင် တိုင်းပြည်ရဲ့ အခြေအနေကိုခန့်မှန်းလို့ရတယ်။ ထောင်ဝင်စာထုပ်တစ်ထုပ်မှာ ကော်ဖီမစ်လေးငါးထုပ်ပါတယ်။ပဲကြီးလှော်လေးတစ်ထုပ်ပါတယ်။ ငါးပိကြော်လေးတစ်ထုပ်ပါတယ်။အဲလောက်ကလေးနဲ့ လာတွေ့ပြီးတော့ စားသောက်နေရတဲ့ မိသားစုတွေ အများကြီးတွေ့ခဲ့ရတယ်။ တိုင်းပြည်ကို ဆင်းရဲမွဲတေမှုက ပပျောက်အောင် ဆောင်ရွက်မယ်ဆိုရင် လယ်သမားတွေကို ငွေလေးသုံးသောင်းလောက် ချေးပေးရုံနဲ့တော့ လုံလောက်မှာမဟုတ်ဘူး။ အစိုးရတစ်ခုတည်းကိုချည်း သူ့တာဝန်ပဲကွာလို့ တာဝန်မဲ့ပြော ကြားလို့မရဘူး။ ကျန်တဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေ၊ နောက်ပြီး
ပရဟိတအဖွဲ့အစည်းတွေအကုန် ရော နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ တက်ညီလက်ညီလုပ်မှ အခြေအနေကောင်းမယ်။

ရန်ကုန်မြို့နဲ့ကာလအတန်ကြာ ကင်းကွာပြီး ပြန်လာတဲ့အခါ ဘာတွေထူးခြားတာတွေ့မိလဲ။

ရန်ကုန်မြင်ကွင်းကတော့ သုံးနှစ်နဲ့ခုနစ်လဝေးကွာနေပြီး ပြန်ကြည့်တဲ့အခါ လူတွေက မျဉ်းကြားက မဟုတ်ဘဲ ကြုံတဲ့နေရာက လမ်းတွေ ဖြတ်ကူးမြဲ။ ဘတ်စ်ကားတွေက စည်းမဲ့ကမ်းမဲ့ရပ်မြဲပဲ။သုံးနှစ်ခွဲဆိုတာ ပြုပြင်မယ်ဆိုရင်တော့ လုံလောက်တဲ့အချိန်ကာလဆိုပေမယ့် ဘာမှတော့ မပြောင်းလဲသေးဘူး။ ထူးခြားတာ တစ်ခုကတော့ ရန်ကုန်လေဆိပ်က ကျွန်တော်ထွက်လာတဲ့အချိန်မှာ ကျွန်တော်တို့ကိုမေးဖို့ ကင်မရာတွေနဲ့ လူငယ်လေးတွေ ၂၀၀ လောက်တွေ့လိုက်ရတဲ့အခါမှာတော့ ဒီ သုံး နှစ်ခွဲအတွင်းမှာ မီဒီယာရဲ့အင်အားနဲ့ တော်တော်ကိုကြီးမားတဲ့ထုနဲ့ထည်နဲ့ တော့ဖြစ်နေပြီ။ သူတို့တွေက အရေအတွက်တော့များနေပြီ။ ဒါပေမဲ့ Capacity Building မြှင့်ဖို့ အရည်အသွေးမြင့်မားဖို့အတွက်တော့ ဖြည့်ရဦးမယ်။ သူတို့မေးတဲ့ မေးခွန်းလေးတွေကို ကြည့်တဲ့အခါမှာ တစ်ခါတလေကျတော့ ရယ်ချင်တယ်။ ဒါပေမဲ့ သူတို့တွေက ငယ်လည်း ငယ်ရွယ်တော့ အပြစ်ပြောလို့တော့မရဘူးပေါ့။ လွတ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ ဥပဒေပုဒ်မနဲ့ လုပ်ပိုင်ခွင့်တွေကိုတောင် တိတိကျကျ နားမလည်သေးဘဲနဲ့ မေးခွန်းမေးနေတာတွေ့နေရတယ်။ အရည်အသွေးကို ဖြည့်ဆည်းကြပါလို့ တိုက်တွန်းချင်ပါတယ်။

သိပ်မကြာခင်တုန်းက အစိုးရက KNU နဲ့ အပစ်အခတ်ရပ်ရေး သဘောတူညီမှုရခဲ့တယ်။ တစ်ဖက်မှာလည်း ကချင်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပြီး ပစ်တာခတ်တာတွေ ရှိနေတုန်းပဲ။ မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို ဘယ်လိုများ မှတ်ချက်ပေးချင်ပါလဲ။

ကျွန်တော် မြင်တာကတော့ လက်ရှိသမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့ကတော့ ငြိမ်းချမ်းရေးအတွက်ကျားကုတ်ကျားခဲ ကြိုးပမ်းနေတယ်လို့မြင်တယ်။ သူ့ရဲ့ဘော်ဒီဖြစ်တဲ့ ရထားဝန်ကြီးတို့တစ်တွေကတော့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ တောက်လျှောက်လုပ်နေတယ်လို့ မြင်တယ်။ တချို့မှာလည်း သဘောတူညီမှုတွေ ရတယ်ဆို တာတွေ့ရတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်မှာတော့ ကျွန်တော်တို့ ကျေနပ်လောက်စရာ ငြိမ်းချမ်းရေးကို မတွေ့ခဲ့ရဘူး။ နိုင်ငံတော် သမ္မတကြီးက စစ်ဆင်ရေးကို ရုပ်သိမ်းဖို့ ညွှန်ကြားထားတယ်။စစ်ပြေးဒုက္ခသည်တွေရှိနေလို့လည်း စစ်ပြေးဒုက္ခသည်တွေကို သွားပြီးတော့ ကူညီနေရတာတွေတွေ့နေရတယ်။ အဲလိုမျိုးဘာကြောင့်တွေ ဖြစ်နေလဲဆိုတာတွေရဲ့ အဓိကအားနည်းချက်ကို အစိုးရအဖွဲ့ကရော တပ်မတော်ကရော ပြတ်ပြတ်သားသား ရှာဖွေဖို့လိုတယ်။ နောက်တိုင်းပြည်မှာ အစိုးရအဖွဲ့ဆိုတာ ကျွန်တော်တို့ရဲ့ ဥသျှောင်အဖွဲ့ပဲ။ ဒီအဖွဲ့က ဘယ်လိုနိုင်ငံရေး Trend ချပြီး ဘယ်လိုလုပ်ထားလဲ။ အဲဒီထရန်းကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေနဲ့နိုင်ငံကို ချစ်တဲ့လူတွေက ဘယ်လိုအ ကောင်အထည်ဖော်ရမလဲ။ ဘယ်လို သစ္စာစောင့်သိရမလဲဆိုတာကတော့ အားလုံးရဲ့ တာဝန်ပါပဲ။ ကျန်တဲ့လူအားလုံးက ဒီအပေါ်မှာ ဟန်ချက်ညီညီ လိုက်ပါနိုင်ဖို့လိုတယ်။

သမ္မတဦးသိန်းစိန်နဲ့သူ့ရဲ့လုပ်ဆောင်ချက်တွေကိုရော ဘယ်လိုမြင်မိပါလဲ။

ပြည်လူထုက တင်မြှောက်ထားတယ်ဆိုတဲ့ အစိုးရတစ်ရပ် လက်အောက်မှာ နေထိုင်နေရပြီ။ ဒီလိုမျိုး ဒီမိုကရက်တစ်နိုင်ငံတစ်ခုမှာဆိုရင် နိုင်ငံတော်သမ္မတကြီးနဲ့တကွ အစိုးရအဖွဲ့တွေက လူမှုရေးလုပ်ငန်းတွေရော၊ တိုင်းပြည်တာဝန်တွေရော မနေမနားဆောင်ရွက်ရတယ်။ အဲဒီလိုပဲ တစ်နွယ်ငင်တစ်စင်ပါဆိုသလို နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ဇနီးတွေ သားသမီးတွေ မိသားစု တွေလည်း ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာတွေ တခြားနိုင်ငံတွေမှာမြင်နေရတယ်။ ကျွန်တော်အမြင်ချင်ဆုံးက သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးတွေ ကို အားသွန်ခွန်စိုက်လုပ်သလို နိုင်ငံတော်သမ္မတကတော်ကလည်း ပရဟိတလုပ်ငန်းတွေ၊ အင်န်ဂျီအို လုပ်ငန်းတွေ ဦးဆောင်ဦးရွက်ပြုရင်တော့ ကျွန်တော်ဟာ အဲဒီလုပ်ငန်းဆောင်တာတွေကို ဘယ်ထောင့်ဘယ်နေရာက အားပေးကူညီဆောင်ရွက်ရမလဲဆို တာ မျှော်လင့်စောင့်စားလျက်ရှိပါတယ်။

အခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို အားမလို အားမရဖြစ်တဲ့ လူတွေရဲ့ ပြောကြားချက်တွေကိုရောဘယ်လိုမြင်မိပါလဲ။ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး သဘောထားမှတ် ချက်တစ်စုံ တစ်ရာပေးလိုပါသလား။

ကြားပါတယ်။ အန်တီကအဆိုတော်တွေ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ပဲ တွေ့နေတယ်တို့။ ပြည်သူလူထု ခံစားနေရတဲ့ဒုက္ခသုက္ခတွေကို မပြောရတော့ဘူး မီဒီယာကိုပဲ အားကိုးရတော့မယ်ဆိုတဲ့ ဆောင်းပါးလေးတွေဖတ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အန်တီဟာ Short Term (ရေတို)ကိုပဲမြင်တဲ့ အမျိုးသမီးတစ်ဦး၊ ခေါင်းဆောင်တစ်ဦးမဟုတ်ပါဘူး။ ရေရှည်ကို မြင်တတ်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ အန်တီက တရားဥပဒေစိုးမိုးရေးကိုပြောတယ်။ နောက်လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မယ်။ အန်တီဟာတကယ်လို့ လွှတ်တော်ထဲကို ရောက်ရှိသွားမယ်ဆိုရင် တချို့က ပြောတယ်အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့ သတ်မှတ်ထားတာ ဘာလို့ လွှတ်တော်ထဲကို ၀င်မှာလဲ။ လွှတ်တော်မှာရော ဘယ်လောက်လုပ်နိုင်မှာလဲလို့ သံသယရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အန်တီ အလုပ်နိုင်ဆုံးအရာ တစ်ခုကို သွားတွေ့တယ်။ အဲဒါ ဘာလဲဆိုတော့ အန်တီဟာ အမျိုး သားသွေးစည်းညီညွတ်ရေးကို တော့လုပ်နိုင်လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အန်တီဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်ဦးတည်းသော နိုင်ငံရေးမျိုးဆက်ဖြစ်တယ်။ အန်တီ့အနေနဲ့ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားတွေကလည်း လက်မခံနိုင်စရာမရှိဘူး။ ရှေ့မှာ သူတို့ အကြိမ်ကြိမ်အလှည့် စားခံခဲ့ရ၊ အနိုင်ကျင့်ခံခဲ့ရတာတွေလည်း အန်တီနဲ့သာ စကားပြောမယ်ဆိုရင် သူတို့အနေနဲ့ မေ့ပျောက်နိုင်မှာဖြစ်တယ်။

Comments