ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၂၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၂၊ ၂၀၁၂
၂၉၊ ၁၂၊ ၂၀၁၁ ရက်နေ့ ညသန်းခေါင်ယံ၌ ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ မီးလောင် ပေါက်ကွဲမှုကြောင့် ကမ္ဘာပျက်သလို အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ကြရပြီး မျက်ရည်ပင်လယ်ဝေကာ အတိဒုက္ခရောက်နေကြသော ဒုက္ခသည် များအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူဦးဆောင်သော အသင်းသူ/သားများက စာနာကရုဏာစိတ်ထားဖြင့် သွားရောက်အားပေးခဲ့ကြပြီး ၎င်းဒုက္ခသည်များအတွက် ဆေးဝါးနှင့်ထောက်ပံ့ငွေများ လိုအပ်သောကယ်ဆယ်ရေးပစ္စည်းများကို ရန် ကုန်ဆေးရုံကြီးနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
ယနေ့ ၃၀၊ ၁၂၊ ၂၀၁၁ ရက်နေ့များမှာတော့ ၎င်းအဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ကာ ပျော်ရွှင်စရာ မိသားစုဘ၀လေး ရုတ်တရက်ပျောက်ဆုံးပြီး ၀မ်းနည်းကြေကွဲစရာ သေကွဲကွဲခဲ့ကြရရှာသော မိသားတစ်စု၏ နောက်ဆုံးခရီးကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဌ ဦးကျော်သူနှင့် အသင်းသူ/သားများ စိတ်မကောင်းစွာဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြရပြန်ပါသည်။
မိသားစု (၆) ယောက်ရှိသည့်အနက်မှ ဖခင်ဖြစ်သူနှင့် အစ်မအကြီးဆုံးဖြစ်သူတို့သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သနားစဖွယ် အပြစ်မဲ့ ကလေးငယ်များဖြစ်ကြသော မောင်ဖိုးအော် (၁၃) နှစ်၊ မောင်သိန်းဇော် (၉) နှစ်၊ မနွယ်လေးဟန် (၇) နှစ်နှင့် မောင်စိုင်းမောင်မောင် (၃) နှစ်တို့ကတော့ ဖခင်နှင့်အစ်မဖြစ်သူတို့အား နှုတ်မဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ကြရှာသည်။
ဖခင်နှင့် အစ်မဖြစ်သူတို့၏ ပဋာမြေလူးသလို ရင်ကွဲမတတ် ကြေကွဲထိခိုက် ငိုရှိုက်သံများက ရန်ကုန်ဆေးရုံကြီး အအေးတိုက်ဝင်းထဲမှာ ခြေချစရာမရှိအောင် ပြည့်ကြပ်တိုးဝှေ့ရောက်ရှိနေကြသောပရိသတ်များ၏ ရင်ထဲသို့ အဆီးအတားမရှိ စိမ့်ဝင်ကူးစက်ကာ သနားဂရုဏာ စိတ်ဖြင့် အားလုံး၏မျက်ဝန်းများမှာ မျက်ရည်ကြည်များပင် ဝေသီလာခဲ့ကြလေသည် ။
ကံဆိုးရှာသော ကလေးငယ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တစ်ဦးလျှင် ဈာပနယာဉ် တစ်စီးစီဖြင့် (၃) နှစ်သားလေး မောင်စိုင်း မောင်မောင်၏ ရုပ်ကလာပ်ကိုတော့ ကလေးဈာပနသယ်ပို့ယာဉ်ဖြင့် ရေဝေးသုသာန်အအေးခန်းသို့ ဂရုတစိုက်ဖြင့် စည်စည်ကားကား ခမ်း ခမ်းနားနား သယ်ပို့ပေးခဲ့ကြပါသည်။
လာမည့်နှစ်သစ် (၂၀၁၂) ခုနှစ်မှာတော့ မြန်မာပြည်သူ/သားများအားလုံး “ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ။”
Comments