PP Support Tour started in Rangoon


နိုင်ကျဉ်းကူညီမှု ခရီးစဉ် စတင်
မိုးမခ အထောက်တော်၊ ရန်ကုန်ဇန်န၀ါရီ ၈၊ ၂၀၁၂
နိုင်ငံရေး အကျဉ်းသားအများစု ယခုလ ၃ ရက်နေ့တွင် မလွတ်မြောက်လာသည့် အတွက် ယနေ့ နံနက်ပိုင်းက နိုင်ငံရေး အင်အားစုများ ပူးပေါင်း၍ နိုင်ကျဉ်းမိသားစုဝင် များ၏ နေအိမ်သို့ သွားရောက်ကာ အားပေးစကားနှင့် ၎င်းတို့ရဲ့ ဆန္ဒ၊ ခံစားချက်တို့ကို နားထောင်ခဲ့ကြသည်။


 
          ယနေ့ပြုလုပ်သည့် နိုင်ကျဉ်းမိသားစုနေအိမ် ခရီးတွင် ၈၈ မျိုးဆက်၊ နိုင်ကျဉ်းအကျိုးဆောင် ကွန်ရက်၊ နိုင်ကျဉ်းဟောင်း၊ ဗကသ၊ ဂျီဒဗလျူ စသည့် အဖွဲ့များ ပါဝင်ကြသည်။ စုစုပေါင်း အရေအတွက် ၆၀ နီးပါး ပါဝင်သည်ကို တွေ့ရသည်။ တာမွေမြို့နယ်တွင်ရှိသည့်  နိုင်ငံရေး အကျဉ်းသားမိသားစုဝင် အိမ်များမှ ယနေ့စတင်လိုက်ပြီးနောက် သီတင်းပတ် တနင်္ဂနွေတွင်လည်း ထပ်မံလုပ်ဆောင်ဦးမည်ဖြစ်သည်။





ယနေ့ သွားရောက်သည့် နိုင်ကျဉ်း မိသားစုများထဲတွင် စီအာပီပီအဖွဲ့ဝင် ဦးကျော်မင်းမိသားစု၊ ဦးအုန်းသန်း၊ ဟန်နီဦး၊ ကျော်ကိုကို၊ မသင်းသင်းအေး ခေါ် မမီးမီး၊ ကိုပြေကျော်၊ ကျော်ကိုကို၊ ကိုပြုံးချို စသည့်နိုင်ငံရေး အကျဉ်းသားများပါဝင်သည်။
ယနေ့ခရီးစဉ်အတွင်း မဟန်နီဦး၏ နေအိမ်သို့ ရောက်ရှိစဉ် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အီတလီနိုင်ငံ ပါလီမန်အမတ်တဦးက လာရောက်လေ့လာကာ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များကို နှုတ်ဆက်စကားပြော၍ ၎င်းသည် အီတလီလွှတ်တော်တွင်းရှိ  မြန်မာနိုင်ငံနိုင်ငံရေး အခြေအနေများကိုလေ့လာ စောင့်ကြည့်ရေး အဖွဲ့မှဖြစ်ကြောင်း ၎င်းတို့အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များလည်း လာရောက်ဦးမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးကို ယခုလပိုင်း၊ ရက်ပိုင်းတွင် စိတ်ဝင်တစားစောင့်ကြည့်နေကြောင်း ပြောဆိုသွားသည်။


မြန်မာနိုင်ငံတွင် ဦးသိန်းစိန် အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသည်ဆိုသော်လည်း  နိုင်ငံရေး အကျဉ်းသား ၁ထောင်ကျော် အကျဉ်းထောင်များထဲတွင် ကျန်ရှိနေသေးပြီး ယင်းပြဿနာကို လျင်မြန်စွာကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းရော ပြည်ပအစိုးရနှင့် အဖွဲ့အစည်းများကပါ တိုက်တွန်းလျှက်ရှိသည်။

Comments