Saung Luu - Poem

၂၀၁၂ ချင်ခြင်းတပ်ခြင်း …
ဆောင်းလူ
ဇန်န၀ါရီ ၁၀၊ ၂၀၁၂


၂၀၁၂ ဟာ …
မဲ့ပြုံးလေး ဟန်ဆောင်ဖုံးထားတဲ့
၂၀၁၁ မျက်နှာဖုံးကိုခွာ
အားလုံးကို နှုတ်ဆက် သိမ်သိမ်မွေ့မွေ့နဲ့ ကြိုဆိုလိုက်တယ် ….

နောက်တော့မှ …
အကြောင်းမတူသူတွေ … အကြောင်းတူသူတွေအကြောင်း …
တဖြည်းဖြည်း တဖြည်းဖြည်းနဲ့
တွေးတွေးဆဆ ပြောလာတယ် …။

၂၀၁၂ မှာ ..
ကဗျာဆရာတွေ ကဗျာရေးဖို့
စက္ကူစတွေက ရှားစ ပါးစပြုလာတယ် …

ပန်းချီဆရာတွေ ပန်းချီဆွဲဖို့
စုတ်စတွေက ပါးလွှ ပါးလျ ဖြစ်လာတယ် …

အင်အားချိနဲ့လာတဲ့ ဒီရပ်ဝန်းမှာ
ဂီတာကြိုးပြတ်ရတာကိုက တခမ်းတနား …

ဒါပေမယ့်
ဘာ့ကြောင့် … ဘာကြောင့်ဆိုတာတော့ ရေငုံနှုတ်ပိတ်နေလိုက်ကြတယ် ……. ။
…….
…….

၂၀၁၂ မှာ …
ဟိုနေရာသွား … ဒီနေရာလာနဲ့
အစာသစ် .. အိမ်အသစ်မှာ ပျော်မွေ့သူတွေ များများလာတော့မယ် ….။

၂၀၁၂ မှာ
သမတကြီး စကားတတ်လာတော့မယ်။
ကွန်မြူနစ်ကြီး (ပန်းရောင်) အခွံချည်းပဲ ကျန်ရစ်ရတယ် …။

၂၀၁၂ မှာ
ငှက်ကလေးတွေ ဒီဂျစ်တယ်အစာကောက်နည်းကို
ယောင်ယောင်နန သင်ယူကြတယ် …။

၂၀၁၂ မှာ
မျဉ်းကြားတွေ အပြာရောင်သန်းလာတော့မယ် …
ကမ္ဘာကြီးလည်း အရောင်တွေပြောင်းလာတော့မယ် …

၂၀၁၂ မှာ
ဖက်လှဲတကင်းနဲ့
အရိုင်းဆန်တဲ့ကတိစကားတွေ ဖောင်ဖွဲ့ကောင်း ဖောင်ဖွဲ့လာမယ် …

၂၀၁၂ ဟာ
ဧရာဝတီကို နှုတ်ဆက်
နွေဦးကို လက်ပြလိုက်ပြီ …

……… လမ်းခွဲလိုက်ပြီ
……… နှုတ်ဆက်လိုက်ပြီ

……… နှုတ်ဆက်လိုက်ပြီ
……... လမ်းခွဲလိုက်ပြီ

ထမင်းစား ကျွန်ခံခဲ့တဲ့ .. ၂၀၁၁ ကို
လွမ်းလွမ်းဆွေးဆွေး နှုတ်ဆက်လိုက်တယ် …

၂၀၁၂ ရဲ့ ချင်ခြင်းတပ်ခြင်းမှုဟာ
ချင်ခြင်းတပ်ခြင်းတခုမျှသာ ဖြစ်တယ် …။
ဖြစ်ခြင်း မဖြစ်ခြင်းက …
………… နဲ့သာ ဆိုင်တယ် ….။

၂၀၁၂ ကဗျာဟာ
ချင်ခြင်းတပ်လို့ ဟန်ဆောင်မှုသက်သက်သာဖြစ်တယ် …။

Comments