လွတ်လပ်ရေးမှ ဒီမိုကရေစီရေးသို့
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၄၊ ၂၀၁၁
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၄၊ ၂၀၁၁
ဘုံဘေဘားမားသစ်ခိုးမှုကို အကြောင်းပြု၍ ဗြိတိသျှနယ်ချဲ့သမားတို့သည် တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲကို ၎င်းတို့သိမ်းပိုက်ထားသော အောက်မြန်မာနိုင်ငံမှ ချီတက်တိုက်ခိုက်ကာ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် တနင်္ဂနွေနေ့တွင် သီပေါမင်းနှင့် မိဘုရားခေါင်ကြီး စုဘုရား လတ်၊ မိဘုရားငယ် ရမည်းသင်းစုဘုရား၊ သမီးတော်နှစ်ပါး၊ အထိန်းတော်၊ အပျိုတော်၊ သံတော်ဆင့်၊ ဘဏ္ဍာစိုးစာရေးတို့ကို မန္တလေးရတနာ ပုံမြို့တော်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်လေသည်။ ယင်းနောက် တစ်လကျော်အကြာ ၁၈၈၆ ခု၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဘုရင်ခံလော့ဒ်ဒါဖရင်က သိမ်းပိုက်ခြင်းပြန်တမ်းထုတ်ပြန်၍ မြန်မာနိုင်ငံတ၀ှမ်းကို တရားဝင်ကျွန်ပြုအုပ်ချုပ်ခဲ့လေသည်။
ဗြိတိသျှတို့ မြန်မာတပြည်လုံးကို သိမ်းပိုက်ကျွန်ပြုအုပ်ချုပ်သည့်နေ့မှစ၍ သူ့ကျွန်မခံလိုသော မြန်မာတိုင်းရင်းသားခေါင်းဆောင်တို့သည် ရရာလက်နက်စွဲကိုင်ကာ တပြည်လုံးတွင် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တို့၏ တွန်းလှန်တိုက်ခိုက်မှုကို နယ်ချဲ့အစိုးရတို့သည် ၁၀နှစ်ကျော်ကြာ နှိမ်နင်းခဲ့ရသည်။ သို့သော် သူ့ကျွန်မခံလိုသောစိတ်ဖြင့်သာ ဒေသအလိုက် တော်လှန်တိုက်ခိုက်ခြင်း၊ ရရာလက်နက်ကိုသာ စွဲကိုင်တိုက်ခိုက်ခြင်း၊ လူထုတရပ်လုံး နိုးကြားတက်ကြွစွာပါဝင်လာအောင် စည်းရုံးနိုင်ခြင်း မပြုနိုင်ခဲ့သောကြောင့် နယ်ချဲ့ခေတ်ဦးတော်လှန်ရေးမှာ ခေတ္တငုပ်လျှိုးသွားခဲ့ရသည်။
ထို့နောက်ပိုင်းတွင် နိုင်ငံရေးနည်းဖြင့် အသင်းအဖွဲ့များဖွဲ့စည်းကာ လှုပ်ရှားလာကြသည်။ ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၊ ကုမ္မာရီအသင်း၊ ဂျီစီဘီအေခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး၊ တို့ဗမာအစည်းအရုံး စသည့်အသင်းအဖွဲ့များသည် အမျိုးသားစိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး ၀ံသာနုစိတ်ဓာတ်တို့ကို နိုးကြားတက်ကြွအခြေခိုင်မာလာစေရန် အများဆုံးလှုံ့ဆော်ပေးနိုင်ခဲ့ သော အဖွဲ့ကြီးဖြစ်ပေသည်။
ထို့နောက် ၁၉၂၀ ဒီဇင်ဘာလ ၅ရက်နေ့တွင် ကိုလိုနီပညာရေးအက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့သော ပထမကျောင်းသား သပိတ်သည် ဗြိတိသျှနယ်ချဲ့အစိုးရအား ပထမဆုံးအကြိမ် ကန့်ကွက်ဆန္ဒပြခဲ့သော နိုင်ငံရေးအုံကြွမှုကြီးဖြစ်ပြီး ပြည်သူလူထုတရပ်လုံးအား နိုင်ငံရေးစိတ်ဓာတ်များ နိုးကြားစေခဲ့သည်။ ထိုနည်းတူစွာ ရန်ကုန်မြို့ ဗဟန်းအရပ်၌ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့ သခင်ဘသောင်း ဦးဆောင်ဖွဲ့စည်းခဲ့သော တို့ဗမာအစည်းအရုံးသည် မျိုးဆက်သစ်လူငယ်များအား နိုင်ငံချစ်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး အမျိုး သားလွတ်လပ်ရေးတိုက်ပွဲကြီးကို ဦးဆောင်မှုပေးနိုင်ခဲ့သည်။
ထို့အပြင် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သုပဏ္ဏက ဂဠုနရာဇာဘွဲ့ခံ ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမား အရေးတော်ပုံ၊ ၁၉၃၈ ခုနှစ်တွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများပါဝင်သည့် နယ်ချဲ့ဆန့်ကျင်ရေး ၁၃၀၀ပြည့် အရေးတော်ပုံကြီး၊ ၁၉၃၉ စက်တင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတို့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် ရာဇ၀င်ပြောင်ခဲ့ပေသည်။
ထို့နောက် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ စစ်မီးကူးလာချိန်တွင် `အင်္ဂလိပ်အခက် ဗမာ့အချက်´ ဟူသော ကြွေးကြော်သံနှင့် လွတ်လပ် ရေးအတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ကြမည့် မျိုးချစ်လူငယ်တို့ကို သခင်အောင်ဆန်းသည် ဦးဆောင်ကာ ဂျပန်တို့အကူအညီဖြင့် ဂျပန်တို့သိမ်းပိုက်ထားသော ဟိုင်နန်ကျွန်း စန်းယ စစ်သင်တန်းကျောင်း၌ စစ်ပညာရပ်သင်ကြားခဲ့ကြသည်။ နောင်တွင် ယင်းမျိုးချစ် လူငယ်များကို ရဲဘော်သုံးကျိပ်ဟု ခေါ်တွင်ခဲ့ကြသည်။
သို့သော် ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင် အေ) စတင်ဖွဲ့စည်းစဉ်ကပင် မြန်မာနိုင်ငံ မော်လမြိုင်မြို့ကို သိမ်းပိုက်ပြီးပါက မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးမည်ဟု ကတိပြုခဲ့ ကြသည့် ဂျပန်တို့သည် ကတိဖောက်ကာ မြန်မာ့လွတ်လပ်ရေးအတွက် လေသံမျှပင်မဟတော့ဘဲ ရန်ကုန်ကိုသိမ်းပိုက်ပြီးမှသာ ကြေညာ မည်ဟုဆိုလာပါသည်။ တဖန် ရန်ကုန်ကိုသိမ်းပိုက်ပြီးသောအခါလည်း အထက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးမှဟု ဆိုပြန်သည်။
ဂျပန်တို့သည် မြန်မာပြည်တွင်းသို့ဝင်ရောက်စဉ်ကပင် မင်းသားရုပ်ဆောင်းထားသော ဘီလူးဇာတိရုပ်ကို ပြသလာခဲ့သည်။ မြန်မာ့ ယဉ် ကျေးမှုမလျော်ညီသောအပြုအမူများကို ပြုကျင့်ကာ ဒေသခံတိုင်းရင်းသားတို့အား လက်နက်အားကိုးဖြင့် နည်းမျိုးစုံနှိပ်စက်ညှဉ်းပမ်း အဓမ္မ အနိုင်ကျင့်လာခဲ့သည်။ အဆိုးဝါးဆုံးမှာ ဂျပန်တပ်နှင့်အတူပါလာသော ဂျပန်စစ်ပုလိပ်ခေါ် ကင်ပေတိုင် (Kempeitai) အဖွဲ့ပင်ဖြစ်သည်။ ကင်ပေတိုင်သည် နယ်တွင် သူလျှိုဟု သတ်မှတ်စွပ်စွဲခံရသူများအား နည်းမျိုးစုံ နှိပ်စက်ညဉ်းပမ်း သတ်ဖြတ်သည်သာမက မြန်မာတိုင်းရင်း သား မိန်းမပျိုးများအား မုဒိမ်းကျင့်ခြင်းပင်ဖြစ်သည်။
ဤသို့ ဂျပန်တို့အပေါ်စိတ်ကုန်လာပြီဖြစ်သော မြန်မာလူထုနှင့် တနေ့တခြားအင်အားကြီးမားလာသော ဗမာ့လွတ်လပ်ရေးတပ်မတော် အပေါ် ဂျပန်တပ်မတော်သည် စိုးရိမ်မကင်းဖြစ်လာခဲ့သည်။ ဤသို့ဖြင့် မြန်မာ့လွတ်လပ်ရေးမပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်စစ်အာဏာ ပိုင်တို့သည် တပ်သားအရေအတွက် ၅၀၀၀ ခန့်သာထားရှိသော ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ၁၉၄၂ခု ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအားလည်း ဗိုလ်ချုပ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်အဖြစ် လျှော့ချလိုက်သည်။
ယင်းနောက် ၁၉၄၂ သြဂုတ်လ ၁ရက်နေ့တွင် ဂျပန်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီဒါး၏ စစ်အုပ်ချုပ်ရေး ကွပ်ကဲမှုအောက်တွင် ဗမာပြည်ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ထိုမှတဖန် ၁၉၄၃ မေလ ၈ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ကို ဖွဲ့စည်း၍ နှစ်လအကြာတွင် ရွှေရည်စိမ်လွတ်လပ်ရေးကို ၁၉၄၃ သြဂုတ်လ ၁ ရက်တွင် ပေးခဲ့လေသည်။ လွတ်လပ်ရေးပေးပြီး နောက် လေးလအကြာ ၁၉၄၃ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဘီဒီအေကို ဗမာ့အမျိုးသားတပ်မတော် Burma National Army (B.N.A) ကို ပြောင်းလဲဖွဲ့စည်း၍ စစ်ဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယစစ်ဝန်ကြီးအဖြစ်ဗိုလ်စကြာ၊ ဖွဲ့စည်းရေးဌာနကြီးမှူးအဖြစ် ဗိုလ်လင်္ကျာ၊ စစ်သေနာပတိအဖြစ် ဗိုလ်နေ၀င်း၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ဇေယျတို့ကို တာဝန်ပေးအပ်ခဲ့သည်။
ဂျပန်ပေးသော လွတ်လပ်ရေးမှာ အတုအယောင်မျှသာဖြစ်ပြီး တတိုင်းပြည်လုံးဖက်ဆစ်စနစ်အောက်တွင် အမျိုးမျိုးညှဉ်းပမ်းနှိပ်စက်မှုဒဏ် ကို မခံမရပ်နိုင်သည့်နောက်ဆုံး ဖက်ဆစ်ဂျပန်တို့ကို ပြန်လည်တွန်းလှန်ရန် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးစီး၍ ၁၉၄၄ ခုနှစ် သြဂုတ် ၄ ရက်မှ ၇ ရက်နေ့ တွင် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ (ဖတဖ) ကို ပဲခူးမြို့ ဗမာ့တပ်မတော်စံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇောနေအိမ်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းရန် သဘောတူခဲ့သည်။
ထို့နောက် ၁၉၄၄ သြဂုတ် ၂၃ တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခု နတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ် အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များတွေ့ဆုံ၍ မြန်မာနိုင်ငံတ၀ှမ်း၌ စစ်တိုင်းကြီးရှစ်တိုင်း ဖွဲ့စည်းခဲ့သည်။ သို့ဖြင့် သရက်မြို့နယ် ပုဏ္ဏားရွာ၌ ဖွင့်လှစ်ထားသည့် ပထမယာယီမျိုးချစ်ဗမာ့ တပ်မတော်ဌာနချုပ်မှ နေ၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးဆောင်၍ ဖက်ဆစ်ဂျပန်တို့ကို ၁၉၄၅ မတ် ၂၇ တွင် တော်လှန်တိုက်ခိုက်ခဲ့ပေသည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသောအခါ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကိုသာ ဆောင်ရွက်ရန်လိုအပ် တော့သဖြင့် ၁၉၄၅ ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ဖတပလအဖွဲ့အား ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ဟူ ၍ အမည်ပြောင်းလဲခေါ်ဆိုစေခဲ့သည်။
ဤသို့ဖြင့် ဖဆပလအဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ဖွဲ့စည်းပြီး လွတ်လပ်ရေးအတွက် လူထုတိုက်ပွဲများဆင်နွှဲလာခဲ့သည်။ နောက် ဆုံးတွင် မြန်မာ့လွတ်လပ်ရေးအတွက် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအား လန်ဒန်မြို့သို့ ဖိတ်ခေါ်၍ ၁၉၄၇ ဇန်န၀ါရီ ၁၇တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁၀ ၀န်ကြီးချုပ်ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့်ရစ်ချတ်အက်တလီတို့ `အောင်ဆန်း-အက်တလီ´ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အောင်ဆန်းအက်တလီစာချုပ် အပိုဒ် (၁) အရ တိုင်းသူပြည်သားများ သည် မိမိတို့ကံကြမ္မာကိုဖန်တီးနိုင်ရန်အတွက် တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ဧပြီလ ၉တွင် ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင် ဆန်းဦးဆောင်သော ဖဆပလအဖွဲ့က ၁၇၂ နေရာ၊ ကရင်တိုင်းရင်းသားပါတီက ၂၄ နေရာ၊ ဗမာပြည်ကွန်မြူနစ်ပါတီက ၇ နေရာ၊ အင်္ဂလိပ် ကပြားမျာက ၄ နေရာ၊ တသီးပုဂ္ဂလက ၃ နေရာ၊ အသီးသီးရွေးချယ်ခံရသည့် လွှတ်တော်အမတ် ၂၅၅ နေရာတွင် ဖဆပလက ၂၄၃ နေရာ အနိုင်ရသောကြောင့် ၉၅ ဒဿမ ၃ ရာခိုင်နှုန်း ရွေးကောက်ခံရသည်ဟု ဆိုနိုင်သည်။
ထို့နောက် ဖဆပလအဖွဲ့သည် ပထမအကြိမ် တိုင်းပြည်ပြုလွှတ်တော်ညီလာခံကို ၁၉၄၇ ဇွန်လ ၁၀ရက်နေ့တွင်ခေါ်ယူ၍ အဖွဲ့ဝင် ၇၅ ဦး နှင့် ဆပ်ကော်မတီဝင်များ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကို ရွေးချယ်ပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့ဝင် ၁၁၁ ဦး ပါဝင်သော စိစစ်ရေးကော်မတီက စိစစ်ပေးရသည်။
ပထမအကြိမ် တိုင်းပြည်ပြုလွှတ်တော်ညီလာခံကျင်းပပြီးနောက် တလအကြာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် စနေနေ့နံနက် ၁၀း၃၅ နာရီ တွင် ဂဠုန်ဦးစော၏စေခိုင်းချက်အရ မသမာသူလူသတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့ရလေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကျဆုံးပြီးနောက် ၁၀ ရက်အကြာတွင် ဒုတိယအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ် တော်ညီလာခံကိုကျင်းပပြီးနောက် လစ်လပ်သွားသော လွှတ်တော်ဥက္ကဌနေရာတွင် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်အား တင်မြှောက် ခဲ့ကြ သည်။
ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားသည့်အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပအပြီး ၅ လခွဲအကြာတွင် ၁၉၄၇ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ၁၉၄၇ ခု၊ စက်တင်ဘာလ ၂၄ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃နာရီ ၂၉မိနစ်တွင် တတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံမှ တညီတညွတ်တည်း အတည်ပြုပေးခဲ့သည်။
ယင်းနောက် ၁၉၄၇ အောက်တိုဘာလ ၁၇ရက်နေ့တွင် ဗြိတိသျှ နန်းရင်းဝန်အက်တလီနှင့် မြန်မာပြည်ယာယီအစိုးရ ၀န်ကြီးချုပ် သခင်နု တို့သည် သမိုင်းဝင် မြန်မာ့လွတ်လပ်ရေးစာချုပ် (၀ါ) နု-အက်တလီစာချုပ်ကို လန်ဒန်မြို့၌ ချုပ်ဆိုခဲ့ကြသည်။
နု-အက်တလီစာချုပ်တွင် လွတ်လပ်သောနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်ရာ၌ ပေါ်ပေါက်လာမည့်အပြောင်းအလဲများအတွက် လိုအပ်သည့် အစီအစဉ်များကို အသေးစိတ်ဖော်ပြထားသလို အချက် ၁၅ ချက် ပါရှိသည်။ အချက်များတွင် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ သံတမန်လဲ လှယ်ရေးကိစ္စ၊ စာချုပ်စာတမ်းများကိစ္စ၊ နိုင်ငံသားဖြစ်မှုကိစ္စ၊ ကာကွယ်ရေး၊ ငွေကြေး၊ အစိုးရအမှုထမ်းများ၏ ပင်စင်နှင့် ဆုငွေကိစ္စ၊ ကူးသန်းရောင်းဝယ်ရေးနှင့်ရေကြောင်းခရီး သွားလာမှု၊ လေကြောင်းသွားလာရေးကိစ္စနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ပါဝင်သည်။
ထို့နောက် ၁၉၄၈ခု ဇန်န၀ါရီလ ၃ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကိုကျင်းပရာ စစ်တွေကျေးလက် အလယ်ပိုင်းအမတ် ဦးစံထွန်းအောင်အား လွှတ်တော်သဘာပတိအဖြစ်တင်မြှောက်ခဲ့ကြသည်။ သဘာပတိက လွှတ်တော်ဥက္ကဌသစ် အဖြစ် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နေရာတွင် ရမည်းသင်းမြောက်ပိုင်းအမတ် ပျော်ဘွယ်ဦးမြအား တင်မြှောက်ခဲ့ကြသည်။ ညီလာ ခံ၌ ၀န်ကြီးချုပ်သခင်နုဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ တာဝန်ထမ်းဆောင်ကြတော့မည့် ၀န်ကြီး ၁၈ ဦး၏ အမည်စာရင်းကို ကြေညာခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက် နံနက် ၄း ၂၀ နာရီတွင် မြန်မာနိုင်ငံလုံးဝလွတ်လပ်သော အချုပ်အခြာပိုင်နိုင်ငံတော်အဖြစ် ကြေညာခဲ့သည်။ ရန်ကုန်မြစ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဘာမင်ဟမ်စစ်သင်္ဘောမှ အမြှောက်ပစ်ဖောက်အချက်ပေးစဉ် ဘင်ခရာအဖွဲ့၏ တီးမှုတ်သံ နှင့်အတူ တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့ရှိ အလံတိုင်ပေါ်မှ တဖြည်းဖြည်း ဗြိတိသျှယူနီယံဂျက်အလံကိုဖြုတ်ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အလံကို လွှင့်ထူခဲ့သည်။
ယင်းနောက်နံနက် ၄ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်ယာယီသမ္မတကြီး စ၀်ရွှေသိုက်သည် ၀န်ကြီးချုပ်သခင်နု၊ ပါလီမန်လွှတ်တော်ဥက္ကဌ ပျော်ဘွယ်ဦးမြတို့နှင့် လွှတ်တော်ခန်းမထဲသို့ ၀င်ရောက်နေရာယူပြီး နိုင်ငံတော်အာဏာလွှဲပြောင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ထို့ နောက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် အလုံလမ်း ဘုရင်ခံအိမ်တော်ဝင်းအတွင်း၌လည်း အာဏာလွှဲပြောင်းသည့်အထိမ်းအမှတ်ပွဲကို ကျင်းပ ခဲ့သည်။ ဘုရင်ခံဆာဟူးဘတ်ရန့်ခ်သည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးအပြီး ရန်ကုန်ဆိပ်ကမ်း၌ဆိုက်ကပ်ထားသော စစ်သင်္ဘောပေါ်မှ အ မြောက် ၁၇ ချက်ပစ်ဖောက်လိုက်စဉ်မှာပင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက်နှင့် ဘုရင်ခံတို့သည် အလံတိုင်ရှေ့ရှိ စင်မြင့်ပေါ်တွင် နေရာ ယူခဲ့ကြသည်။ ယင်းနောက် နံနက် ၆နာရီ ၅၈မိနစ်တွင် ဗြိတိသျှ ယူနီယံဂျက်အလံကို တိုင်ထိပ်ဖျားမှ တဖြည်းဖြည်းချင်း ချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူလိုက်သည်။ မကြာမီမှာပင် ဘုရင်ခံသည် မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးများအား လိုက်လံနှုတ်ဆက်ပြီး အသင့်စောင့်ဆိုင်းနေသည့် ဘာမင်ဟမ်သင်္ဘောပေါ်သို့ တက်သွားပြီး နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်ခံတစ်ဦးအနေဖြင့် အပြီးအပိုင်ထွက်ခွာသွားလေတော့သည်။ ဤသို့ဖြင့် သူ့ကျွန်ဘ၀တွင် တတိုင်းပြည်လုံး နှစ်ပေါင်း ၁၂၂ ကျော် နေခဲ့ရပြီးနောက် လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ရပေသည်။
ယခုအခါ ၂၀၁၂ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည်မှ (၆၄) နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း မြန်မာပြည်သူ လူထုအပေါင်းသည် ယနေ့တိုင် ကောင်းကျိုးချမ်းသာကို လက်ဝယ်ပိုင်ပိုင်ဆုပ်ကိုင်ကာ အပြည့်အ၀မခံစားရသေးပေ။ မဟာဗန္ဓုလပန်းခြံ အတွင်း၌ စိုက်ထူထားသော လွတ်လပ်ရေး မော်ကွန်းကျောက်စာ၌ ဖော်ပြထားသည့် “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်၊ တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်၏ တဖွဲ့တသင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ယောက် တဖွဲ့ တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံတော်မဟုတ်။ အတိတ်ကာလလည်းကောင်း၊ ယခုမျက်မှောက်တွင်လည်း ကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ အခြားသစ္စာတော်ခံ၊ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်ပိုင် ပစ္စည်းအကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့် အညီ၊ ကမ္ဘာဦးကာလ လူတို့၏ သဘောဆန္ဒအရ၊ လူအ၀ှမ်း၏အကျိုးကို ကောင်းစွာရွက်ဆောင်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန်၊ မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်ညီစွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီ´ ဟူသောအချက်များကား စာသားအဖြစ်သာတည်ရှိပြီး မည်သူမျှ ယနေ့မခံစားရသေးပေ။ လက်တဆုပ်စာ အာဏာပိုင်တို့သာ ခံစားစံစားနေကြပေသည်။
ထို့ကြောင့် ပြည်သူတို့သည် လွတ်လပ်ရေးကြေညာစာတမ်းပါ နိုင်ငံရေးလွတ်လပ်ခွင့်၊ စီးပွားရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့် စ သည့် အခွင့်အရေးများ အပြည့်အ၀ရရှိခံစားနိုင်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်မှာ လူတိုင်း၏တာဝန်ဖြစ်ပေသည်။ သို့မှ သာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ မျှတခြင်း စသည့် လောကပါလတရား၏ အနှစ်သာရဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မိမိတို့ အပြည့်အ၀ ရရှိ၍ ခံစားစံစားရမည်မှာ မလွဲဧကန်ပင်တည်း။
Comments