စုနိုင်မှ ဒီမိုကရေစီရမည်
သန်းဝင်းလှိုင် ။ ဒီဇင်ဘာ ၁၂၊ ၂၀၁၂
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်၊
ငြိမ်သက်နေသော NLD သည် အသက်ဝင်လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံးတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင်
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် လက်မခံနိုင်သည့် အချက်များ အဖြစ်
ပါဝင်နေသော ပါတီဝင်များသည် ထောင်ဒဏ်ကျခံနေရသူများ မဟုတ်ခြင်းဟူသော ကန့်သတ်ချက်ကို
ပယ်ဖျက်ပေးခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို `ထိန်းသိမ်းစောင့်ရှောက်ရေး´
ဟူသော စကားရပ်အစား `လေးစားလိုက်နာရေး´ ဟု ပြင်ဆင်ပေးခြင်း၊ နိုင်ငံရေးပါတီတစ်ခုသည်
အနည်းဆုံးမဲဆန္ဒနယ်သုံးခု၌ ပါဝင်ယှဉ်ပြိုင်ရမည်ဆိုသည့် အချက်တို့ကို
ပြင်ဆင်ပေးလိုက်သဖြင့်၊ နိုဝင်ဘာလ ၁၈ရက်နေ့၌
အဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့အစည်းအဝေးခေါ်ယူကာ အဖွဲ့ချုပ်၏မူများဖြစ်သော
အာဃာတကင်းစင်သော အထွေထွေသဟဇာတ ဖြစ်မှုကိုရှေးရှုရေး၊ ငြိမ်းချမ်းချောမွေ့သော နည်းကို
အသုံးချရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးမူဝါဒတို့ကို စွဲကိုင်လျက် နိုင်ငံရေး
ပါတီများမှတ်ပုံတင်ခြင်းနှင့် အညီ မှတ်ပုံတင်၍ ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်တို့အပါအ၀င် ပါတီခေါင်းဆောင်အချို့သည် ၂၀၁၁ ဒီဇင်ဘာလ
၂၃ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ကာ
ပါတီမှတ်ပုံတင်လျှောက်ထားခြင်းကို ပြုလုပ်ခဲ့ကြသည်။ ပါတီမှတ်ပုံတင်အပြီး
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့်
ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးသိန်းဌေး တို့နှင့် တွေ့ဆုံခဲ့သလို
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးအောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ
သူရဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။
လွှတ်တော်အသီးသီးတွင်
လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို
၂၀၁၂ခုနှစ် ဧပြီလ ၁ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပသွားမည်ဟု
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၆၁/၂၀၁၁)ဖြင့် ၂၀၁၁ ဒီဇင်ဘာလ
၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်နှင့်အတူ လစ်လပ်မဲဆန္ဒနယ်များကိုလည်း
ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်အရေအတွက် ၄၀၊ အမျိုးသားလွှတ်တော်လစ်လပ်မဲဆန္ဒနယ်
အရေအတွက် ၆နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၂နေရာတို့ကို ဖော်ပြခဲ့သည်။
ယခုအခါ မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေးပါတီ (၃၇)
ပါတီရှိပြီး ၂၀၁၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြီးနောက်
ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီပေါင်းမှာ (၁၀)ခု ရှိပြီး ယင်းတို့မှာ
ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး
ပါတီ၊ ဒီမိုကရက်တစ်မဟာမိတ်ပါတီ၊ ၈၈ပြည်သူ့အင်အားစုပါတီ၊ မြန်မာအမျိုးသားကွန်ကရက်၊
ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။ ယင်းနောက် အဖွဲ့ချုပ်အား
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ကို
ခွင့်ပြုလိုက်ကြောင်း ကော်မရှင်က ဒီဇင်ဘာ ၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၂)
ဖြင့် ထုတ်ပြန်ခဲ့သည်။
သို့သော် အချို့က NLD ပါတီမှတ်ပုံတင်ခြင်းနှင့်
ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းအပေါ် မိမိတို့`အမြင်အမျိုးမျိုး ဝေဖန်သုံးသပ်ကြသည်။
တရားဝင်ပါတီဖြစ်မှ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လို့ရမည်။ မဟုတ်ရင်
အကြောက်တရားတွေရှိလာမှမို့ လှုပ်ရှားလို့ ရမှာ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ
ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်။ နှစ်ပေါင်း ၂၀ ကျော်
ပေးဆပ်ခဲ့ရပြီဆိုတော့ လွှတ်တော်နိုင်ငံရေးအရပဲ ပျော့ပြောင်းညင်သာတဲ့ အပြောင်းအလဲကို
ဖော်ဆောင်ရမှာပဲ ၄၈ နေရာသာရွေးရာတာမို့ နိုင်ခဲ့ရင်တောင် အာဏာရမယ့်
အုပ်စုမဟုတ်ပေမယ့် လူထုအတွက် ပြောရေးဆိုခွင့် ရလာမှာဖြစ်ပါတယ်။ အချို့ကမူ
ထူးခြားသောရလဒ်တစုံတရာထွက်ပေါ်လာစရာ မရှိဟု ရှုမြင်ကြသည်။
ဤနေရာ၌ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ်နေရာ
၄၈မျှသာရှိသည်ဟူ၍ အရေအတွက်ကို ချည်း တွက်၍ မရ။ လွှတ်တော်တွင်
အခြားဒီမိုကရေစီအတိုက်အခံ ပါတီများနှင့် ပေါင်းဖွဲ့နိုင်သော်
အင်အားအကြီးဆုံးအတိုက်အခံအဖွဲ့ ဖြစ်လာနိုင်သလို ၂၀၁၅ ပါတီစုံရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေအထားလည်း
ဖြစ်ပေသည်။
နိုင်ငံရေးဆိုသည်မှာ အလွန်သိမ်မွေ့နက်နဲသော
ပညာရပ်ဖြစ်ရာ စဉ်ဆက်မပြတ် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို သိဖို့လိုသလို၊
မိမိ၏အကန့်အသတ်နှင့် အခြေအနေကို မတွက်ဆမိပါက ရေရှည်တွင် အောင်မြင်မှုမရရှိဘဲ
ကျရှုံးတတ်ပေသည်။ အနာဂတ်အားလုံးကောင်းစားရေးအတွက် ထားရှိအပ်သော အမြော်အမြင်ကို
မေ့လျော့ကာ ပစ္စက္ခပုဂ္ဂလိက စိတ်ခံစားမှုကိုသာ တူရှု၍ ပြုလုပ်ပါက
အမှားကြီးမှားတတ်သည်ကို သင်ခန်းစာယူသင့်ပေသည်။ လူတိုင်းသည် သမိုင်းသင်ခန်းစာကို
ယူတတ်ရန်လိုပေသည်။ ခေတ်၏အတက်အကျ ပြောင်းလဲနေသည့် အလှည့်အပြောင်း၊ လက်ရှိအခြေအနေတို့ကို
မှန်ကန်စွာနားလည်သဘောပေါက်ခြင်းမရှိပါက သမိုင်းလမ်းကြောင်းပေါ်၌ လူ အ,များ၊
လူညံ့များအဖြစ်နောက်ကျကျန်ခဲ့မည်သာ ဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်က
ပါတီပြန်လည်မှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရခြင်းကို-
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ပြန်လည်မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ဘာပေါ်မှာ
အခြေခံလဲဆိုတော့ ကျမတို့အရေးအကြီးဆုံး ဘာတွေမြင်လဲဆိုတာ ကျမ တင်ပြသွားပါ့မယ်။
သုံးချက်ပါ။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး။ ဒီလိုကြိုးစားနေတာဟာ ကျမတို့
အဖွဲ့ချုပ်အတွက် မဟုတ်ပါဘူး။ ကျမတို့ ယုံကြည်တဲ့ ဒီမိုကရေစီပြည်ထောင်စု ကြီး
အတွက်ဖြစ်ပါတယ်။ အဲဒီစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကြီးကို ထူထောင်သွားနိုင်ဖို့
လုပ်သင့်တယ်လို့ ထင်လို့ ကျမတို့အဖွဲ့ချုပ်ကို ပြန်လည်ပြီးတော့ မှတ်ပုံတင် ပြီးတော့
ရွေးကောက်ပွဲတွေမှာ ၀င်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်” ဟူ၍ ရှင်းပြခဲ့သည်။
ထို့အပြင်မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရာ၌
ဥပဒေစိုးမိုးရေးကို အရင်ဦးဆုံး အဓိကထားလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဘာဖြစ်လို့ဥပဒေစိုးမိုးရေးကို ပထမဆုံးထားသလဲဆိုတော့
တခြားကိစ္စတွေက အဲဒါနဲ့ဆက်နွှယ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာ
ဥပဒေစိုးမိုးရေးနဲ့ ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေးရှိရင် နိုင်ငံရေးအကျဉ်းသားတွေ
ရှိစရာမလိုတော့ပါဘူး။ ဥပဒေစိုးမိုးမှု မရှိလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့
ဆိုတာလည်း ခက်ပါတယ်။ ကျမတို့တိုင်းရင်းသားနယ်မြေတွေမှာ
လူ့အခွင့်အရေးချိုးဖောက်တာတွေကို စုံစမ်းပြီးတော့ သေသေချာချာထိန်းနိုင်မှာပါ။
အဲဒီတော့ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲလို့
မေးတာတွေဟာ ဒီဟာနဲ့ ဆက်စပ်ပါတယ်။ ဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ
ဆက်စပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆိုတာ ဆက်စပ်နေပါတယ်။
ဒါကြောင့်မို့ ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို အလေးထားရမှာပါ။”
မှန်ပေသည်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃၀ရက်မှ ဒီဇင်ဘာလ
၂ရက်နေ့အထိ သုံးရက်တိုင်တိုင် လာရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး
ဟီလာရီကလင်တန်ကလည်း သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များအား
တွေ့ဆုံပြီးနောက်-
“သူ(ဦးသိန်းစိန်)ရဲ့ အစိုးရအဖွဲ့ထဲမှာ
သူသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ထောက်ခံတဲ့လူတွေ ရှိသလို
အပြောင်းအလဲအတွက် ပူပန်နေတဲ့လူတွေ၊ ဆန့်ကျင်နေတဲ့လူတွေ ရှိနေတဲ့အပြင် ဘာလုပ်ရမလဲ
စဉ်းစားရင်း အလယ်ကနေ ခြံစည်းရိုးခွထိုင်နေတဲ့လူတွေလည်း ရှိတယ် ဆိုတာ
ကျမကောင်းကောင်းသိလိုက်ရတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားလေသည်။
လက်ရှိ ပထ၀ီနိုင်ငံရေးအနေအထားအရ မြန်မာနိုင်ငံသည်
အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသည်တို့ပါဝင်သည့် တောင်အာရှဒေသ၊ ထိုင်း၊
မလေးရှား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊
ဘရူနိုင်းစသည့် နိုင်ငံများပါဝင်သည့် အရှေ့တောင်အာရှဒေသနှင့်
ကမ္ဘာ့ထိပ်သီးအင်အားကြီး ထွားလာနေသည့် တရုတ်နိုင်ငံတို့ ဆက်စပ်ထိတွေ့ရာ သုံးပွင့်ဆိုင်လမ်းဆုံတွင်
မဟာဗျူဟာအရ အရေးပါတည်ရှိနေသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်၌
လူဦးရေအများဆုံးလည်းဖြစ်၊ အချင်းချင်းပြိုင်ဆိုင်နေသူများလည်းဖြစ်သည့်
တရုတ်နှင့်အိန္ဒိယ ကြားတွင် ရောက်ရှိနေပြီး ၄င်းတို့အသီးသီး၏
အကျိုးစီးပွားတိုးတက်ရေးအတွက် မြန်မာနိုင်ငံကို နိုင်ငံရေးအရ၊ စီးပွားရေးအရ
လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အကွက်ချစီမံနေသည့် အန္တရာယ်ကို
သတိပြုမိရန်လိုပေသည်။
ထို့ကြောင့် မိမိအချင်းချင်း
ကြက်ခြင်းတောင်းအတွင်း၌ ခွပ်နေမှုကို အမြန်ဆုံးရပ်တန့်ကာ ကမ္ဘာ့မိသားစုအလယ်တွင်
ဝံ့ဝံ့ကြွားကြွား ဂုဏ်သိက္ခာရှိစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်
တည်ဆောက်ရန်အတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီ
နိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရန် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းရပေမည်။
လက်ရှိအနေအထားလေ့လာ သုံးသပ်ကြည့်ပါက ၁၉၈၈ က
စတင်ခဲ့သော ဒီမိုကရေစီရေးလှုပ်ရှားမှုသည် ရည်မှန်းချက်သို့မရောက်သေးချေ။
ပြည်သူလူထုကလည်း ဤသည်ကို မျက်ခြည်မပြတ်ပါ။ ထို့ကြောင့် လူထုတရပ်လုံး
မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီပန်းတိုင်အရောက် ချီတက်နိုင်ရေးအတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတရပ်ဖြင့် မှတ်ပုံတင်ပြီး
ပိုမိုကျယ်ပြန့်သော နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ရေးပင်ဖြစ်သည်။ သို့မှသာ
ပြည်သူလူထု၏ နိုင်ငံရေးပါဝင်လှုပ်ရှားမှုမှာ ပိုမိုကျယ်ပြန့်အားကောင်းလာမည်ဖြစ်သည်။
ဤကဲ့သို့ အဖွဲ့ချုပ်အင်အားကြီးမားလာသည်နှင့် အတူ ရင်ဆိုင်တွေ့ကြုံနေရသော
နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ပေမည်။
အနှစ် ၂၀ ကျော် အတွေ့အကြုံများကို အခြေခံကာ
ပါတီအင်အား ခိုင်မာတောင့်တင်းရေးအတွက် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်သစ်များ
ပေါ်ထွန်းလာစေရေးအတွက် ယုံကြည်ချက်ခံယူချက် ခိုင်မာသော လူငယ်များကို
စည်းရုံးလေ့ကျင့်ပညာပေး ပျိုးထောင်ကာ ကျစ်လျစ်ခိုင်မာသည့် ကေဒါများ
မွေးထုတ်ရေးသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီပန်းတိုင်ကို
တဗိုလ်ကျ တဗိုလ်တက် ဦးဆောင်ကာ ကြုံတွေ့လာနိုင်သည့် အခက်အခဲအကျပ်အတည်းများ
စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရပ်တည်ကာ အောင်မြင်စွာ ဆောင်ရွက်နိုင်ပေမည်။
လူတိုင်းသည် အတိတ်၏တွေ့ကြုံခဲ့သော
သမိုင်းသင်ခန်းစာကို ယူ၍ ပြုပြင်သင့်သည်များကို ပြုပြင်သွားရပေမည်။
သမိုင်းသင်ခန်းစာများသည် မိမိတို့၏ နောက်၌ ကျန်ရစ်ခဲ့သော်လည်း မိမိတို့ဟ၏
အနာဂတ်၌လည်း စောင့်ကြိုလျက် ရှိသည်ကို သတိချပ်သင့်ပေသည်။
သို့မှသာ မိမိတို့ မျှော်လင့်တောင့်တနေသော
ဒီမိုကရေစီပန်းတိုင်ကို မိမိကိုယ်တိုင်ပြဋ္ဌာန်းနိုင်ပေမည်။ မိမိတို့ကံကြမ္မာကို
မိမိတို့ ကိုယ်တိုင် စနစ်တကျ မပြဋ္ဌာန်းနိုင်ခဲ့ပါက မိမိတို့၏ ကံကြမ္မာကို
အာဏာရှင်တို့က ၄င်းတို့ အလိုအတိုင်း ပြဋ္ဌာန်းသွားသည်ကို ခံရပေလိမ့်မည်။
ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ပြောဆိုခဲ့သည့် “အရေးကြီးလျှင် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း
ထထကြွကြွနှင့်ဝိုင်းကြပေရော့” ဟူသောစကားအတိုင်း မကြာမီ ကျင်းပတော့မည့်
ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် `စုနိုင်မှ
ဒီမိုကရေစီရမည်´ ဟူသော အသိစိတ်ကို နှလုံးသွင်းကာ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်အားခိုင်မာတောင့်တင်းရေးနှင့်
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်အနိုင်ရရှိရေးအတွက် အားလုံး
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ရန် အထူးလိုအပ်နေပေသည် မဟုတ်ပါလော။
Comments