တိုင်းသိပြည်သိ တန်းတူရည်တူ တိုက်ရိုက်ဖိတ်ခေါ်မှုက
စတင်ရမယ်
တူမောင်ညို ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ တွေ့နေရာကနေ
“ဒီမိုကရေစီအင်အားစု”တွေဘက်ပါ ဦးလှည့်လာတယ်။
သဘောထားနဲ့လုပ်နည်းလုပ်ဟန်က “ခရီးသွားဟန်လွဲ ကြုံတုန်းတွေ့ကြရအောင်
အသင့်ပြင်ထားကြ”ဆိုတာကို အကျိုးဆောင် (ကြားပွဲစား)က တဆင့် နှုတ်နဲ့ကမ်းလှမ်းတာမျိုးဖြစ်နေပါတယ်။
သဘောရိုးနဲ့ နိုင်ငံရေးပြဿနာတွေကို
နိုင်ငံရေးနည်းအရတန်းတူရည်တူ ဖြေရှင်းဆွေးနွေးလိုတယ်ဆိုရင်ဖြင့် (သတင်းစာ၊ ရေဒီယို၊
ရုပ်သံ) နိုင်ငံပိုင် မီဒီယာတွေကနေ တာဝန်ရှိသူကိုယ်တိုင် တာဝန်ရှိရှိ ကမ်းလှမ်းရမှာပါ။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တဲ့
ကြေညာချက်အမှတ် (၁/၂၀၁၁) “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုတဲ့ ဖိတ်ခေါ်ချက်ဟာ
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ” ကို ဦးတည်ချက်ထားရှိတာဖြစ်ပါတယ်။
“ဒီမိုကရေစီအင်အားစု” တွေကို ဦးတည်ဖိတ်ခေါ်လိုတယ်ဆိုရင်
တိုင်းသိပြည်သိ ကြေညာချက်ထုတ်ပြန် ဖိတ်ကြားရမှာဖြစ်ပါ တယ်။ ဒါဟာ ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။
တကယ်တော့ “ဒီမိုကရေစီအင်အားစု”
ဆိုတာဟာ “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”ကနေ မွေးဖွားလာတဲ့ “၈၈ မျိုးဆက်နိုင်ငံရေးအင်အားစု”
ဖြစ်ပါတယ်။“ဒီမိုကရေစီအင်အားစု”ထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
(ABSDF) ကတော့ လက်နက်ကိုင်ထားတဲ့ “၈၈ မျိုးဆက်နိုင်ငံရေးအင်အားစု” ပဲဖြစ်ပါတယ်။
“၈၈မျိုးဆက်နိုင်ငံရေးအင်အားစု”တွေဟာလက်တွေ့လှုပ်ရှားမှုတွေအရ
ပြည်တွင်းပြည်ပ ကွဲကွာနေပေကြမယ့်၊ “ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေးနဲ့တန်းတူသွေး စည်းညီညွတ်ရေး” ဘုံရပ်တည်ချက်ကတော့ တစ်ခုတည်းသာဖြစ်ပါ တယ်။
စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်ဖြစ်တယ်။ ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာရဲ့
အဆက်ဖြစ်ပါတယ်။
ပြည်တွင်း
နိုင်ငံရေးပြဿနာဆိုတာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှရှည်ကြာခဲ့ရတဲ့ ဒီမိုကရေစီနဲ့တန်းတူရေးမရှိတဲ့
နိုင်ငံရေး ပြဿနာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့တန်းတူမှုမရှိတဲ့အခါမှာ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပျက်ပြားရပြီး
တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံ ပြည်သူ တွေ အဘက်ဘက်က ထိခိုက်နစ်နာခဲ့ရတယ်။ ဒါတွေအားလုံးကို
“ပြည်တွင်းစစ်” ဆိုတဲ့စကားလုံးနဲ့စုစည်းဖေါ်ပြထားပါတယ်။ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့တန်းတူသွေးစည်းညီညွတ်ရေးဆိုတာ
လူမျိုးပေါင်းစုံပြည်သူများ နှစ်နှစ်ကာကာ လိုလားနေတဲ့ ဆန္ဒဖြစ်ပါတယ်။
ဒါကြောင့် တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို သဘောရိုးဖြင့်ဖြေရှင်းလိုတယ်၊
အဖြေရှာလိုတယ်ဆိုရင်ဖြင့် တန်းတူ ရည်တူသဘောထားနဲ့တိုက်ရိုက်ကမ်းလှမ်း၊ ဖိတ်ခေါ်ဖို့
ပထမအချက်အနေနဲ့လိုအပ်လှပါတယ်။ တဆင့်ခံနှုတ်နဲ့ပြောဆိုတာဖိတ်ကြား တာ ဟာဖြင့် အပြန်အလှန်အသိအမှတ်ပြုမှုကိုထိခိုက်စေပါတယ်။
ကျိုးကြောင်းဆီလျော်မှုမရှိပါဘူး။ ဒါ့အပြင် “ဖိတ်ခေါ်မှု” ကိုယ်၌က တစ်ဖက် သတ်နှိမ့်ချဆက်ဆံတဲ့
သဘောထား ထင်ရှားပေါ်လွင်နေပါတယ်။
တဆင့်ခံပွဲစားကနေနှုတ်နဲ့မှာလို့ “တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူအကျိုးအတွက်
ရည်ရွယ်ပြီး” သဘောရိုးနဲ့ သွားတွေ့ကြသူတွေကို “ချာတိတ်”တွေလို့ သဘောထားပြီး ၊ အိမ်ပြန်လာခဲ့ကြ
ဆိုတဲ့ “လက်ချာရိုက်” သွားတာမျိုးတော့လည်း ဘယ်ဖြစ်သင့်မှာလဲ။
ဘယ်နည်းနဲ့ခေါ်ခေါ်၊ ခေါ်တုန်းသွားလိုက်မယ်၊ မူနေလို့မဖြစ်ဘူးဆိုတဲ့
ရောင်းသူဝယ်သူ အသံတူနေကြတာမျိုးဆိုရင်တော့ မည်သို့မျှမှတ်ချက်ပေးစရာမရှိပါ။
တန်းတူရည်တူဆွေးနွေးလိုတယ်ဆိုရင်ဖြင့် တိုင်းပြည်နဲ့ပြည်သူကိုတည်ကြည်စွာအသိပေးပြီး
တန်းတူရည်တူ၊ တိုက်ရိုက် ဖိတ် ကြားတဲ့အဆင့်က စတင်ရပါလိမ့်မယ်။
ပြီးမှ သင့်တော်တဲ့နေရာမှာ နှစ်ဦးနှစ်ဖက်အပြန်အလှန်တွေ့ဆုံကြပြီး
စကားပြောဆိုမှုတွေ တဆင့်ပြီးတဆင့်စတင်ရမှာပါ။
Comments