ဦးသိန်းစိန်က အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးပြန်ပြီ
မိုးမခအထောက်တော် အမှတ် ၀၀၂
ဇန်န၀ါရီ ၂၊ ၂၀၁၂
မိုးမခအထောက်တော် အမှတ် ၀၀၂
ဇန်န၀ါရီ ၂၊ ၂၀၁၂
မေလ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြုံးဝင်သူများကို မေလ ၁၇ ရက်နေ့က အင်းစိန်ထောင်တွင်းမှ ခေါ်ထုတ်လာစဉ် (ဓာတ်ပုံ - မိုးမခ)
လူအများ စောင့်စားနေကြသည့် ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့် ယနေ့ ထွက်ပေါ်လာသည်။အစိုးရပြန်ကြားရေးဌာန၏ ရုပ်သံ နှင့် ရေဒီယိုတို့တွင် ထိုအမိန့်ကြေညာချက် ယနေ့ညနေပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။
လွတ်ငြိမ်းသက်သာခွင့် အမိန့် အရ ပြောင်းလဲမှုများ
သေဒဏ် ကျခံထားသူများ - ထောင်ဒဏ် တသက် သို့ ပြောင်းလဲ
ထောင်နှစ် ၃၀ အထက် ကျခံထားသူများ - ထောင်ဒဏ် နှစ် ၃၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ မှ ၃၀ ကျခံထားသူများ - ထောင်ဒဏ် နှစ် ၂၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများ - ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတပုံကို သက်သာခွင့်ပြု
ထိုကြေညာချက်ကို ဦးသိန်းစိန် လက်မှတ်ထိုးထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုအမိန့်ကြောင့် အကျဉ်းသား မည်မျှ အကြုံးဝင်ပြီး ပြန်လည် လွတ်မြောက်လာမည်ကို မသိရသေးပေ။
ဇန်န၀ါရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖွယ်ရှိသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး မကြာသေးမီကာလကအထိ မင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဘက်တချို့ ပြန်လည် လွတ်မြောက်ဖွယ် ရှိသည်ဟု ထင်ကြေးပေးမှုများလည်း ပေါ်ထွက်ခဲ့သည်။
မင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဘက်များမှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသူများ ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဖိအားပေးခံနေရသော ဦးသိန်းစိန် အစိုးရသည် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတိုင်း နိုင်ငံရေး အကျဉ်းသား အနည်းငယ်နှင့် သာမန်အကျဉ်းသား အများအပြား ပါဝင်လေ့ရှိသည်။
Comments