Daw Suu in Irrawaddy Division

ဒေါ်စု၏ ပုသိမ် မြောင်းမြ ခရီးစဉ် ပရိသတ်များစွာကြိုဆို
by Yangon Press International
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၂

ပုသိမ်မြို့တွင် ပုသိမ်ထီးနှင့် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် မြောင်းမြမြို့သို့ သွားရောက်သည့် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တလျှောက် မြို့များ ရွာများမှ လူပရိတ်သတ် ထောင်ပေါင်းများစွာ ကြိုဆိုကြပြီး ပုသိမ်မြို့တွင် ပြုလုပ်သည့် လူထုဟောပြောပွဲသို့လည်း လူပရိသတ် သောင်းနှင့်ချီ လာရောက် နားထောင်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့နံနက် ၅နာရီမှ စတင် ထွက်ခွာခဲ့ပြီး လမ်းခရီးမြို့များတွင် ကြိုဆိုလျှက်ရှိသည့် ပရိတ်သတ်များအား နှုတ်ဆက်နေခြင်းတို့ကြောင့် နဂို စီစဉ်ထားသည့်အတိုင်း ပုသိမ်မြို့၌ ၉ နာရီတွင် ဟောပြောပွဲ မစနိုင်ဘဲ နေ့လည် ၁၀နာရီ ၂၅ မိနစ်တွင် ပုသိမ်မြို့ထဲ စတင် ၀င်ရောက်ခဲ့သည်။

မြို့တွင်းဝင်သည့် လမ်းခွတ်လပ် ပုသိမ် ဂျီတီစီကျောင်းရှေ့၌ ကျောင်းဝတ်စုံများဖြင့် ထွက်ကြိုကြသည့် ဂျီတီစီကျောင်းသားများအား ခေတ္တရပ်၍ စကားပြောဆိုသည်။

ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အား မြင်တွေ့ကြိုဆိုလိုသဖြင့် ကျောင်းထဲမှ ထွက်လာခြင်းဖြစ်ကြောင်း စာမေးပွဲ မဖြေရတော့ကြောင်း ပြောကြသည်။

ထို့နောက် ၁၁နာရီ ၁၀ မိနစ်တွင် ကိုးသိန်းအားကစားကွင်းအတွင်း စတင် ၀င်ရောက်ပြီး စောင့်ဆိုင်းနေသည့် လူထုအား နာရီဝက်ခန့် စကားပြောဆိုသည်။

ထိုသို့ပြောဆိုရာတွင် လူထုပရိသတ် ယခုလောက် လာရောက် ထောက်ခံအားပေးကြသည်ကို မြင်နေလျှက်သားနှင့် လာမည့် ရွေးကောက်ပွဲတွင် မဲရှုံးလျင် တခုခု မှားယွင်းနေလိမ့်မည်ဟု ပြောဆိုသွားသည်။

ထို့ပြင် အန်အယ်လ်ဒီပါတီအား လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးရန် ပြောဆိုသွားသကဲ့သို့ လမ်းတွင် ကရင် တိုင်းရင်းသားများက ဒုံးယိမ်းအကဖြင့် ကြိုဆိုကြသည်ကို ၀မ်းသာကြောင်း၊ ယခုလို နေပူပြင်းပြင်းတွင် လာရောက် ကြိုဆိုကြသဖြင့် ခံနိုင်ရည်ရှိလိမ့်မည်ဟု ယူဆကြောင်း၊ ယင်းခံနိုင်ရည်ကို နိုင်ငံ့အရေးဘက်တွင် အသုံးချစေလိုကြောင်းလည်း ပြောဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမှ စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်လိမ့်မည်ဟုလည်း ပြောဆိုသွားသည်။ ပုသိမ်မြို့က သူတွေ တက်တက် ကြွကြွရှိကြတာကို တွေ့မြင်ရကြောင်း၊ စည်းကမ်းပိုင်းတွင် အားနည်းသည်ကိုလည်း သတိထားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

စီးပွားရေးနှင့် ပတ်သက်၍ ဆင်းရဲမွဲတေမှု ပပျောက်ရုံသာမက ချမ်းသာသည့်အဆင့် ရောက်အောင်လည်း လုပ်ရဦးမည်ဟု ပြောဆိုသည်။

ထို့နောက် နေ့ခင်း ၁၂ နာရီ ခွဲတွင် မြောင်းမြမြို့သို့ ထွက်ခွာသွားရာ ၃ နာရီ သာသာတွင် မြောင်းမြမြို့သို့ ၀င်ရောက်သွားပြီ ဖြစ်သည်။ မြောင်းမြမြို့ မီတာ ၄ရာ အားကစားကွင်းတွင် လူထုပရိသတ်အား ဟောပြောမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ လာရောက်မည့် နေ့နှင့် တိုက်ဆိုက်၍ တက္ကသိုလ်တွင် စာမေးပွဲ စစ်မေးခြင်း၊ ရပ်ကွက်ရုံးများတွင် စတုဒီသာ ကျွေးမွေးခြင်း၊ အိမ်ဂရန်များ ထုတ်ပေးမည်ဟု အကြောင်းကြားကာ အိမ်တွင် စောင့်ဆိုင်းနေဖို့ ဆော်သြခြင်းများကို သက်ဆိုင်ရာ အာဏာပိုင်တို့က လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။ ။

Comments

pink said…
နှစ်၂၀ကျော်ကြာမှ အစကနေပြန်စနေရတယ် ။
တကယ်ဆို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးဒေါ်အောင်ဆန်းစုကြည့် (သို.မဟုတ်) ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သင့်နေတာ လွန်ခဲ.တဲ.နှစ်၂၀ထဲကပါ။