ဝန်ထမ်းလစာတိုးရန် သူရဦးရွှေမန်း အဆိုတင်
Yangon Press International
ဖေဖေါ်ဝါရီ ၈၊ ၂၀၁၂
Yangon Press International
ဖေဖေါ်ဝါရီ ၈၊ ၂၀၁၂
ဝန်ထမ်းများ၏ လစာကို လာမည့် ဘဏ္ဍာနှစ်တွင် မဖြစ်မနေတိုးမြှင့်ပေးရေး၊ ပြည်သူအတွက် အကျိုးမရှိသော စီမံကိန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေ
အသုံးပြုခြင်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က “ဦးရွှေမန်းပြောတာတွေက ကောင်းပါတယ်။ အချို့စီမံကိန်းတွေက ပြည်သူတွေအတွက်အကျိုးမရှိဘဲ စီမံကိန်း ဖော်ဆောင်နေတဲ့သူတွေအတွက်ပဲ အကျိုးရှိနေတာတွေ ရှိတယ်။ သူပြောတာတွေကို လူကြိုက်များကြတယ် ” ဟု ပြောကြားသည်။
သူရဦးရွှေမန်း၏ အဆိုပြုချက်များကို ရုပ်မြင်သံကြားတွင် ပြန်လည်ပြသရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးဟွားကလည်း ယနေ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးချက်များသည် ပြည်သူ့အကျိုးအတွက် ဦးတည်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူအားလည်း အလုံးစုံ ကြားစေချင်ကြောင်း၊ ထို့ကြောင့် ရုပ်မြင်သံကြားတွင် တည်းဖြတ်ခြင်းမပြုဘဲ ပြန်လည်ပြသပေးရန် အဆို တင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
“ သူပြောတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကြိုက်ကြတယ်။ ဒီနေ့ အကယ်ဒမီကို ရုပ်ရှင်မင်းသားရမလဲ မသိပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အကယ်ဒမီကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ရသွားတယ် ဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြောနေကြတယ် ” ဟု ဒေါ်နန်းစေးဟွားက ယမန်နေ့က ပြောလိုက်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း “ မဲဆွယ်တယ် ဆိုတာ ၂၀၁၅ မှ ဆွယ်လို့ရတာ မဟုတ်ပါဘူး၊ သူက အခုကတည်းက အလုပ်တကယ် လုပ်ပြပြီး မဲဆွယ်တဲ့ ပုံစံပါ၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ မဲဆွယ်နေတယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။
စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း နိုင်ငံပိုင်ငွေကြေးများကို ထိရောက်စွာ အသုံး မပြုနိုင်ခြင်းကြောင့် ဘတ်ဂျတ်လိုငွေပြမှု များပြားလာသည့်အခါ တိုင်းပြည်၏ အနာဂတ် အတွက် အန္တရာယ်ရှိကြောင်း၊ လက်ရှိတွင်လည်း ထိရောက်စွာ လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများစွာ ရှိကြောင်း ပြောကြားသည်။
၎င်းက “ ဥပမာဗျာ မီးရထားလမ်းကို လူမရှိတဲ့တောထဲ သွားဖောက်တယ်။ တစ်နေကုန် သုံးမယ့်သူမရှိဘူး။ ကားလမ်းကို တောထဲ သွားဖောက်တယ် သုံးတဲ့သူ နည်းတယ်။ ဒါမျိုးတွေကလည်း အရှုံးပေါ်နေတဲ့ စီမံကိန်းတွေလို့ ပြောလို့ ရတယ်” ဟု ပြောကြားသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်လိုငွေပြမှုမှာ ကျပ်ငွေ ဘီလီယံပေါင်း ၂၃၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသည့် ရသုံးမှန်းချေစာရင်းတွင် ပါရှိသည်။
၁၉၈၉ ခုနှစ် မှ ယနေ့အထိ ၀န်ထမ်းလစာ ၅ ကြိမ် တိုးမြှင့်ပေးခဲ့ရာ နောက်ဆုံး တိုးမြှင့်ပေးသည့်အကြိမ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် ဖြစ်သည်။ ။
Comments