လှိုင်သာယာဆန္ဒပြမှု ၀ါဏိဇ္ဖခုံရုံးတက်ရန် အယူအဆ ကွဲလွဲမှုများရှိနေ
by Yangon Press International ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ (YPI)
ညှိနှိုင်းပြေလည်မှု မရရှိသေးပဲ ၁၅ ရက်ရှည်ကြာလာသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရှုံးသို့ တင်၍ အဆုံးအဖြတ်ခံယူမည့် အချက်အပေါ်တွင် အလုပ်သမားများ သဘောထား အမြင်ကွဲလွဲမှုရှိနေကြသည်ဟု အလုပ်သမား ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။
ခုံရုံးတင်ရန် အလုပ်သမားအရေး ဆောင်ရွက်သူနှင့် အလုပ်သမားကိုယ်စားလှယ်များက သဘောတူခဲ့ကြသော်လည်း အလုပ်သမား အများစုက တောင်းဆိုချက်မရပဲ ဆန္ဒပြခြင်းကို မရပ်ဆိုင်းလိုကြကြောင်း ပြောဆိုသည်။
၁၅ ရက်မြောက် ဆန္ဒပြနေသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံရှေ့မှ အလုပ်သမားများ
အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမျိုးမင်းသိန်းက “ ကျွန်တော်တို့မှာ ၂ လမ်းရှိနေပြီ၊ တလမ်းကိုရွေးရမှာပါ၊ ကျွန်တော်တို့က ၀ါဏိဇ္ဖရုံးကို တင်လိုက်မယ်ဆိုရင် အချိန်အကန့်အသတ်မရှိကြာနိုင်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲကိစ္စကို စဉ်းစားရမယ် ” ဟု YPI သို့ပြောသည်။
ယနေ့နေ့လည်ပိုင်းက အလုပ်သမား ခေါင်းဆောင် ၄၉ ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဖိုးဖြူတို့ ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရုံးသို့ တင်ပြရန် သွားရောက်မေးမြန်းကြသည်။
ယင်းနောက် ခုံရုံးတင်ထားစဉ် လုပ်ဆောင်ခွင့်ရှိသည့် အချက်နှင့် မရှိသည့်အချက်များအား ဆန္ဒပြ လုပ်သားများ၏ ဆန္ဒကိုမေးမြန်းရာတွင် ခုံရုံးတင်သည်နှင့် ဆန္ဒပြမှုရပ်ဆိုင်းရမည် ဖြစ်ကာ အလုပ်ပြန်ဆင်းလိုသူများအား တားဆီးခွင့်မရှိဆိုသည့် အချက်နှင့် ခုံရုံးတင်ထားစဉ် ဆန္ဒဆက်ပြပါက ထောင်ဒဏ်နှင့် ဒဏ်ငွေ အပြစ်ပေးခံရမည့် အချက်တို့ကြောင့် ခုံရုံးတင်ရန် အယူအဆ ကွဲလွဲလျှက်ရှိကြခြင်း ဖြစ်သည်။
ထို့ကြောင့် ၀ါဏိဇ္ဖခုံရုံးတင်မည်မတင်မည်ကို မနက်ဖြန်နှင့် သဘက်ခါ နံနက်ပိုင်းတွင် အလုပ်သမားများ၏ သဘောဆန္ဒကိုယူကာ ဆုံးဖြတ်သွားမည်ဟု အလုပ်သမား ခေါင်းဆောင် အချို့ကပြောသည်။
၎င်း ခေါင်းဆောင်က အလုပ်ရှင်ဘက်က ဆွေးနွေးညှိနှိုင်းလာသည်ကို အလုပ်သမားများ အနေဖြင့် လိုလားကြောင်း၊ တောင်းဆိုမှုများအနက် နာရီကြေး တနာရီ ၁၅၀ကျပ် အား အလုပ်ရှင်ဘက်မှ ကျပ် ၁၀၀ ထိသာတိုးပေးသဖြင့် အလုပ်သမားများက ဆက်လက်ဆန္ဒပြနေကြခြင်းလည်း ဖြစ်သည် ဟုပြောပြသည်။
တိုင်ရီ ရှုးဖိနပ်စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိကာ ယခုလက်ရှိ ရာထူးမြင့်သူ အလုပ်သမား အနည်းငယ်မှလွဲ၍ လုပ်သားအားလုံးနီးပါး ဆန္ဒပြလျှက်ရှိကြရာ အလုပ်သမား အရေးဆောင်ရွက်သူများက လာရောက်ကူညီ အကျိုးဆောင်ပေးကြကာ အလုပ်ရှင် သို့မဟုတ် အလုပ်သမားညွှန်ကြားမှု ဦးစီးဋ္ဌာနတို့နှင့် တွေ့ဆုံ ပြောဆိုရန် အလုပ်သမားများဘက်မှ လုပ်သားကိုယ်စားလှယ် ၄၀ ၀န်းကျင်ရွေးချယ်ထားသည်။ ။
အလုပ်သမ တဦးရဲ့ လစာဖြတ်ပိုင်း၊
တလမှာ အလုပ်ချိန် နာရီ ၂၇၀ လုပ်တယ်ဆိုတော့ တရက်ကို ၁၀ နာရီ တပတ် ၁ ရက်နား ပြီး လုပ်ရတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အဲဒီလိုလုပ်ရတဲ့ အတွက် လက်ဝယ်ရတဲ့ငွေက ၅ သောင်း ၄ ထောင်ပါ။
Comments
1 week working hours = 44hrs (Sunday & public holidays off)
S pass at least one month = S$2000
1 year 14days medical leave & we can claim back at least $25 from company.
How pitty Myanmar workers cannot get basic rules...where is the workers law....This is call clean government...