Maung Swan Yi - Poem

ငါတို့ရွာက သစ်ပင်များ
မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂




အညာကျေးလက်

ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ
ဆူးခက်ကာတဲ့ ရွာကလေး။
ရွာကလေးမှာ
ရွာပြင်ရွာတွင်း
သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်
သစ်ပင်ကြီးငယ်၊ ဖက်တွယ်ဆင်းတက်
ကိုင်းခက်နိမ့်မြင့် အဆင့်အဆင့်မှာ
ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင်
ဘယ်အပင်မှာ
ဘာရှိတာကို ငါမသိတာ မရှိခဲ့။

မြို့ပြနဲ့ဝေး၊ မြစံနဲ့ဝေး
ကျေးတော ကျောက်ကုန်း
သဲကျောက်တုံးတို့
ကျောက်ဖြုန်း စရစ်ဖွေး။

ကျောက်စရစ်ကုန်း
နုန်းမြေမတင်
ရှားစောင်း မိုးနံ
ဇီး ခံပင်
ပုတက်က၀င်၊ ဖွတ်ကထွက်
နွားကျောင်းသား တို့များသူငယ်ချင်း
ဝါးရင်းတုတ်နဲ့နှက်။

မိုးခေါင်ရေရှား၊ တို့များကျေးရွာ
မိုးအကျ၊ ပျိုးကြဲစိုက်ကြရှာ။
ပဲပြောင်းနဲ့ နှမ်း၊ ၀ါ
ယာရှိသူက ယာကိုစိုက်
ယာမရှိသူက အငှားလိုက်
မရှိလဲစိုက် ရှိလဲစိုက်
တရွာလုံး ရုန်းကြအစုလိုက်။

ထန်းပင်ရှိသူ ထန်းပင်တက်
အုန်းပင်ရှိသူ အုန်းပင်တက်
မရှိသူက ထန်လျှောက်ရက်
ထန်းဖူး အုန်းရွက် တောင်းနဲ့ခွက်။

ရွာ့အရှေ့ဖက် ညောင်ညိုပင်
တပင် နှစ်ပင် သုံးလေးပင်
အုတ်ပလ္လင်နဲ့ ရေချမ်းစင်။
ညောင်ပင်ရိပ်တွင် လူတွေနား
ညောင်သီး ကျေးငှက်စား။

အညာကတမာ၊ ၀ါတာတာ
ခါးသက်ဖန်ဆိမ့် အရသာ
ရွာအ၀င်လမ်း တမာတန်း
ရွက်နုဖူး ဦးသူခူးစတမ်း။

ရွယ်လယ်ရပ်က မန်ကျီးပင်
ရွက်နုသီးနု ဟင်းအချဉ်။
အသီးခြောက်ရင် လေခြွေကောက်
ဘုန်းကြီးဖျော်ရည်သောက်။

ရွာမြောက်ဖက်က ခံတက်ပင်
နွေဦးပေါက်လျှင် ရွက်နုလွင်
လက်ထည့်ချဉ် သူ့အရွက်
မြို့ကြီးသူတွေ လျှာရင်းမျက်။

ရွာတောင်ဖက်က ထနောင်းစု
စိမ်းလွင်ရွက်နု မေပျိုလု
ရွက်နုအသုပ် ဆွမ်းဟင်းခွက်
ဆရာတော်ကြီး အလွန်မက်။

ရွာ့အနောက်ဖက် သင်္ချိုင်းမြေ
ပဒိုင်းပင်တွေ တောထနေ။
ရူးချင်သူတွေ သွားလို့ခူး
မခူးခင်က ရူး။

ကဗျာဆရာ သူ့ရပ်ရွာ
နွေဦးပေါက်တိုင်း ပြန်ချင်ရှာ
တမာလဲခူး ထနောင်းဖူး
ပုတက်လဲတူး ဖွတ်လဲတူး
ပဒိုင်းပွင့်ဖူး သူမခူး။

မခူလဲရူး၊ ခူးလဲရူး
ရွာကိုလွမ်းလို့ ထွန့်ထွန့်လူး ...။

Comments