မြောက်ပိုင်းဒေသ ၀မ်းနည်းဖွယ်ဖြစ်ရပ်အတွက် ABSDF ထပ်မံ ကြေညာချက်ထုတ်ပြန်
မိုးမခအထောက်တော် အမှတ် ၀၀၁
မတ် ၇၊ ၂၀၁၂
မကြာသေးမီက ကချင်ဒေသတွင် တွေ့ရသော KIA နှင့် ABSDF ခေါင်းဆောင်တချို့ (ဓာတ်ပုံ - Myo Win/facebook)
မိုးမခအထောက်တော် အမှတ် ၀၀၁
မတ် ၇၊ ၂၀၁၂

မြန်မာပြည်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုမှုများ အပါအ၀င် "လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်း ကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်" ဖြစ်စဉ်များတွင် "နစ်နာခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမည်" ဟု ABSDF က ယနေ့ ကြေညာလိုက်သည်။
အချက်အလက်စုပြီး အစီရင်ခံစာ ရေးသားခြင်းကို တနှစ်ကျော် အချိန်ယူ ဆောင်ရွက်မည်ဟု သိရသည်။
"အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့၏ အချက်အလက် စုဆောင်းခြင်း နှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်" ဟု ကြေညာချက်တွင် ရေးထားသည်။
၁၉၉၁/၉၂ ကာလက ကချင်ပြည်နယ်တွင် ABSDF အဖွဲ့အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ကာလကြာရှည်စွာ ဖမ်းဆီး နှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။
ထိုဖြစ်ရပ် ပေါ်ပေါက်ပြီး အနှစ် ၂၀ အကြာတွင် ထိုပဋိပက္ခအတွင်းမှ လွတ်မြောက်လာသူတချို့က ဖွင့်ချခဲ့ကြပြီး လူသိထင်ရှားဖြစ်လာသည်။
ဖြစ်ရပ်မှန်ဖော်ထုတ်ရေးအတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဟု ABSDF က ကြေညာခဲ့ပြီး ယခု အလုပ်အဖွဲ့၏ လုပ်ငန်းများ အကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ABSDF ကို ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး နယ်စပ်ဒေသို့ တိမ်းရှောင်သွားသော ကျောင်းသား၊ လူငယ်များက တည်ထောင်ခဲ့သည်။
ယခင်က အင်အားကောင်းသည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော်လည်း ယခု လက်နက်ကိုင်အင်အား အနည်းငယ်သာ ကျန်ရစ်သည်။
မကြာသေးမီက အစိုးရ၀န်ကြီးတဦးက ABSDF နှင့် ဆက်သွယ် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်။
ထိုသဘောတူညီချက်အရ ယနေ့နံနက်ပိုင်းတွင် ABSDF ကိုယ်စားလှယ်တချို့ အစိုးရနှင့် ဆွေးနွေးရန် မြန်မာပြည်အတွင်းသို့ ၀င်ရောက်သွားကြသည်။
ဆက်စပ် ဖတ်ရှုရန်
ABSDF ကြေညာချက် -
ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က
ကျနော်လူကက်ဆက်
လွတ်မြောက်တဲ့ အနုပညာ
Comments