Zawaree - How to chose the right candidates in Burma and Beyond ...

လွှတ်တော်ကိုယ်စားလှယ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့
ဇာဝါရီ။ မတ် ၇၊ ၂၀၁၂

အနောက်နိုင်ငံများမှာ April Fool ဧပြီအရူးနေ့လို့ လူသိများတဲ့ ဧပြီလ () ရက်နေ့မှာ မြန်မာနိုင်ငံမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မယ်ဆိုတော့ ရက်သတ္တပတ် () ပတ်လောက်ပဲ အချိန်ရှိတော့တယ်။

အများပြည်သူများကတော့ ဒီတခေါက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒနေရာအားလုံးကို အနိုင်ရမယ့်လို့ ယုံကြည်နေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ရယူသွားခဲ့တဲ့ ပြည်သူမထောက်ခံ ကြံ့ဖွံ့ပါတီဝင်များအတွက်တော့ ဒီတကြိမ် အခြေအနေ မကောင်းလှဘူးပေါ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်လို့ ဟစ်ကြွေးနေတဲ့ ကြံ့ဖွံ့အစိုးရခေါင်းဆောင်များလည်း သူတို့ပါတီ ကိုယ်စားလှယ်များ မဲရရှိရေးကို ဘယ်လို ကြံစည်နေကြသလဲဆိုတာကို
တော့ အများက သတိနဲ့ စောင့်ကြည့်နေကြတယ်။

အတင်းအဓမ္မ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းများကို မြန်မာပြည်သူများ စိတ်မဝင်စားခဲ့။ သူတို့အကြောင်းကိုလည်း ဘာမှမသိခဲ့ရ။ အထူးသဖြင့် သူတို့ရဲ့  နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံနဲ့ပြည်သူအကျိုးအတွက် ဘာတွေလုပ်ဆောင်ကြမလဲဆိုတဲ့ ဦးတည်ချက်၊ မူဝါဒများကိုလည်း ပြည်သူများကို ဘာမှတင်ပြစရာမလိုဘဲ ပြည်သူများ မဲပေးပေး မပေးပေး ဗိုလ်သန်းရွှေ စီစဉ်ထားတဲ့အတိုင်း ကြံ့ဖွံ့ပါတီ အနိုင်ရရှိသွားခဲ့တယ်။ တနှစ်အကြာမှာတော့ ရွေးချယ်ခံရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ ဟစ်ကြွေးသံများအောက်မှာတော့ ဘာမှထူးထူးခြားခြား လုပ်ဆောင်နေတာကိုတော့ မတွေ့ရသေး။

အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်များကို သိရှိရပေမယ့် သူတို့အနေနဲ့လည်း တိုင်းပြည် နဲ့ ပြည်သူ့အကျိုးအတွက် ဘာတွေလုပ်ဆောင်သွားမလဲ၊ သူတို့၏ နိုင်ငံရေး မူဝါဒ ရပ်တည်ချက်များက ဘာတွေလဲဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မသိရှိကြပါ။ ယနေ့ ပြည်တွင်းပြည်ပ မီဒီယာများကလည်း အမျိုးသားဒီမိုကရေစီပါတီ နဲ့ တခြား ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများထက် ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားလဲ၊ ဘာတွေပြောသလဲဆိုတဲ့ သတင်းများသာ အလေးပေးဖော်ပြနေ (နိုင်) ကြတယ်။

မဲဆန္ဒရှင်ပြည်သူများကလည်း အစိုးရနဲ့ ကြံ့ဖွံ့ပါတီအား မုန်းတီမှု၊ တခြား ပါတီကိုယ်စားလှယ်များကို အထင်မကြီးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပြော၊ မျက်နှာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်များကိုသာ မဲပေးဖို့ ပြင်ဆင်နေကြတယ်။ ဝင်ရောက်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအားလုံး အနိုင်ရရေးကလည်း ပါတီနဲ့ ပြည်သူများအတွက် အရေးကြီးတယ်လို့ ယုံကြည်ထားကြတာကြောင့် အန်အယ်လ်ဒီ ကိုယ်စားလှယ်ဆိုရင်ပြီးရော မဲပေးကြလို့ တိုက်တွန်းနေမှုကို စောဒက တက်နေလို့ မရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါပေမဲ့ သတင်းမီဒီယာများအနေနဲ့ မျှမျှတတ၊ ပွင့်ပွင့်လင်းလင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ တခြား ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပါတီ ကိုယ်စားလှယ်လောင်းများအကြောင်း ရေးသားဖော်ပြပြီး မဲဆန္ဒရှင်များကို အသိပညာပေး လုပ်ဆောင်ဖို့ လိုပါတယ်။

တဖက်မှာလည်း နေညဆက် တမြို့ ဝင်တမြို့ ထွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေများကို သွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအား တခဲနက်မဲပေးကြဖို့ မဲဆန္ဒရှင် ပြည်သူလူထုကို တိုက်တွန်းနှိုးဆော် လုပ်ကိုင်နေရတယ်။ ဒီနေရာမှာ သတိထားမိတာက မဲဆန္ဒနယ်မြေများက ပြည်သူလူထုဟာ သူတို့ မဲပေး ရွေးကောက်တင်မြောက်ရမယ့် ကိုယ်စားလှယ်လောင်းများထက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ဖို့၊ သူ့ပြောဆိုချက်များကို နားထောင်ဖို့ အဓိကဖြစ်နေပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း၊ နိုင်ငံရေး ရပ်တည်ချက်၊ ဦးတည်ချက်များ၊ ပြောဆိုချက်များကို စိတ်မဝင်စားကြသလို၊ ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းများအများစုအနေနဲ့ နယ်မြေဒေသ၊ တိုင်းပြည်၊ ပြည်သူအကျိုး ရွေးကောက်ခံရရင် ဘယ်လို ရပ်တည်လုပ်ဆောင်သွားကြမယ်၊ ဘာတွေ ပြင်ဆင်ထားကြသလဲဆိုတာကို ပြည်သူများထံ တင်ပြပြောဆိုခြင်း မရှိတာကို တွေ့ရတယ်။

ဒါတွေကို တွေ့မြင်ရပြီး အကြောင်းသင့်လို့ လက်ရှိ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲ လှုပ်ရှားမှုများကို လေ့လာနိုင်ဖို့ တင်ပြလိုပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီထွန်းကားနေတဲ့ တိုင်းနိုင်ငံများမှာ လက်ရှိ သမ္မတ၊ သမ္မတဟောင်းများ၊ အထင်ကရ ပါတီခေါင်းဆောင်များက မဲဆန္ဒရှင် ပြည်သူတွေ မဲပေးရမယ့် သူတို့ကိုယ်စားလောင်းများအနေနဲ့ ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံလို့ ရွေးချယ်တင်မြောက်သင့်ကြောင်း မိတ်ဆက်စကား အတိုချုပ်ပြောဆိုပြီး အမတ်လောင်းကိုယ်တိုင်က သူဘယ်သူဘယ်ဝါ၊ မိမိအနေနဲ့ ဘယ်လို မူဝါဒ၊ ရပ်တည်ချက်၊ ယုံကြည်ချက်၊ လုပ်ငန်းစဉ် မူဝါဒများနဲ့ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လူထု စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူတဦးချင်း ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနိုင်ငံခြားရေး မူဝါဒများနဲ့ နိုင်ငံအကျိုး ထမ်းရွက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး (ရက်ပေါင်းများစွာ) မဲဆွယ်လုပ်ဆောင်ရသည်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ဝင်ရောက်ရွေးချယ်ကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများမှာ ဒီလို တင်ပြလုပ်ဆောင်မှုများ ရှိစရာမလိုဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်သွားမည်ပုံစံ ဖြစ်နေတယ်။ တချိန်တည်းမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်း အားလုံးကိုယ်စား ပြောဆိုနေရတာကို တွေ့ရှိရပြီး ကိုယ်စားလှယ်လောင်းများ က နှုတ်ဆက်ပြောတာလောက်ပဲ ရှိကြတယ်

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို ဦးနေဝင်း အစိုးရကို ရှုတ်ချပြောဆိုကြသူ အများစုကို တင်မြောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးအချုပ်ခံရချိန်မှာ ဘာမှမလုပ်နိုင်၊ အလုပ်မဖြစ်ကြတဲ့ အရည်အချင်းမပြည့်ဝ ကိုယ်စားလှယ်မျိုးတွေ ထပ်မံ မတင်မြောက်ကြဖို့ အရေးကြီးပါတယ်။
ပြည်သူများအနေနဲ့လည်း မိမိတို့ ရွေးချယ်တင်မြောက်ကြမယ့် ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင် ပြည်သူများအကျိုး၊ နိုင်ငံကောင်းကျိုးအတွက် ဘယ်လိုကြိုးပမ်းလုပ်ဆောင်သွားကြမလဲ၊ သူတို့၏ မူဝါဒဆိုင်ရာ ရပ်တည်ချက်၊ ယုံကြည်ချက်၊ လုပ်ငန်းစဉ်များကို မေးမြန်း ကတိကဝတ် ရယူပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းများမှမဟုတ် မူဝါဒဆိုင်ရာများကို တိတိကျကျ ချမှတ်ပြောဆို၊ ကတိကဝတ် ပြုနိုင်သူ၊ အရည်အချင်းရှိသူ - တခြားပါတီမှ ကိုယ်စားလှယ်လောင်းများကိုလည်း မဲပေးရွေးချယ်တင်မြောက်ဖို့ အရေးကြီးပါတယ်။

အများသိကြတဲ့အတိုင်း အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲတွေမှာဆိုရင် ကိုယ်စားလှယ်လောင်းများ အဓိက ဖြေဆိုရှင်းလင်းရတဲ့ မေးခွန်းကတော့
“If you are elected, what would your official/specific policies on economy, education, health care, environment, immigration, abortion etc?”

အကယ်၍ လူကြီးမင်းအနေနဲ့ ရွေးကောက်တင်မြောက်ခံရမယ်ဆိုရင် လူကြီးမင်းရဲ့  ချမှတ်လုပ်ဆောင်သွားမယ့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ၊ လူဝင်မှု့ကြီးကြပ်ရေး၊ အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ စတဲ့ မူဝါဒပေါ်လစီဆိုင်ရာများက ဘာလဲဆိုတဲ့ မေးခွန်းကို အဓိက အမေးခံရပြိး ဒီအကြောင်းအရာတွေကို ရှင်းလင်းပြောဆို တင်ပြပြီး မဲဆွယ်ရပါတယ်။

မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ လေ့လာစောင့်ကြည့်ရင် လာမယ့် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘာရက် အိုဘားမား (ဒီမိုကရက်တစ်ပါတီ) အား စိမ်ခေါ်ယှဉ်ပြိုင်မယ့် ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ပဏာမရွေးကောက်ပွဲအတွက် ဒီနေ့ Super Tuesday (မတ် ၆ ရက်) နေ့အထိ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ပါတီကိုယ်စားလှယ်များ တရားဝင်ထုတ်ပြန်ထားတဲ့ တဦးချင်း မူဝါဒဆိုင်ရာ အကြောင်းအရာတချို့ ကို နှိုင်းယှဉ် လေ့လာကြည့်ရအောင်ပါ။


() လက်ရှိ ရှေ့ တန်းမှ ပြေးနေတဲ့ မန်ဆာချူးဆက် (Massachusetts) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း (၂၀၀၃-၂၀၀၇) မစ်ထ် ရွန်မနီ (Mitt Romney) ရဲ့  မူဝါဒရေးရာများမှာ
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - နယ်စပ်ဒေသ ဖြတ်ကျော်ရေးကို ပိုမိုလုံခြုံတင်းကြပ်စွာ လုပ်ကိုင်သွားမည်။

တရားမဝင် ၊ အထောက်အထား လက်မှတ်မရှိ အလုပ်သမားများကို ငှားရမ်းခိုင်းစေတဲ့ အလုပ်ရှင်များကို အရေးယူနှိမ်နှင်းသွားပြီး။ အလုပ်ရှင်များအကျိုး ဆောင်ရွက်ပေးနိုင်တဲ့ ပညာတက် နိုင်ငံခြားသား အလုပ်သမားများ တရားဝင်နေထိုင်ခွင့် (
green card) ရရှိရေးကိုတော့ ထောက်ခံလုပ်ဆောင်သွားမည်။

ပညာရေးဆိုင်ရာ - ဖယ်ဒရယ်အစိုးရ ပညာရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိပြီး ပညာရေးအတွက် ကျောင်းသားတဦးတယောက်မှ နောက်မကျန်ရေး ပေါ်လစီ လုပ်ဆောင်ချက်ကို ဆက်လိုက် လုပ်ဆောင်သွားမည်။ တခြား ယှဉ်ပြိုင်ဖက်များလို မဟုတ်ဘဲ ချို့ တဲ့ဆင်းရဲနွမ်းပါး ကျောင်းသားများ အခမဲ့ ပညာသင်ကြားခွင့် ပြေစာလက်မှတ် (Voucher) ရရှိ သင်ယူရေး ကို ခွင့်ပြုပြီးပြောင်းရွှေ့ လာသူများ အင်္ဂလိပ်စာ သင်ကြားနိုင်ရေး၊ charter ကျောင်းပညာရေး (အစိုးရအထောက်အပံ့ နဲ့ ပြင်ပအလှူငွေယူပြီး ဖယ်ဒရယ်အစိုးရ ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းများ အတိအကျမလိုက်နာဘဲ ကိုယ်ပိုင်ပုံစံနဲ့ သင်ကြားပေးခြင်း) စနစ် တိုးချဲ့ ရေး၊ စာမေးပွဲ စီစစ်လုပ်ကိုင်ခြင်း နဲ့ အသင်အပြကောင်းတဲ့ ဆရာ၊ ဆရာမများအား အပိုဆုကြေးပေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - အစောပိုင်း ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ယူချိန်မှာ အမျိုးသမီးများ သန္ဓေသားဖျက်ချမှု အခွင့်အရေး ရပိုင်ခွင့်ကို ထောက်ခံခဲ့ပြီး Roe v. Wade (၁၉၇၃) ဆုံးဖြတ်ချက် ဥပဒေကို ပြင်ဆင်ဖျက်သိမ်းခြင်းက နိုင်ငံအတွက် အမှားတခု ဖြစ်လိမ့်မယ်ဟု သတိပေးပြောဆိုခဲ့ပြီးနောက် အခုအခါမှာတော့ အမျိုးသမီးများ သန္ဓေသားဖျက်ချမှု အခွင့်အရေးကို ဆန့်ကျင်နေပြီး၊ Roe v. Wade ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ပြောဆိုတိုက်တွန်းနေသည်။

ကျန်းမာရေးဆိုင်ရာ - လက်ရှိ သမ္မတ အိုဘားမား လုပ်ဆောင်နေသော အိုဘားမား ကျန်းမာရေးစောင့်ရှောက်ရေး ပေါ်လစီ (ObamaCare) ပြဌာန်းချက်မျိုး ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ချိန်က ချမှတ်လုပ်ကိုင်ခဲ့ပေမယ့် အခုအခါမှာ အိုဘားမား ကျန်းမာရေး စောင့်ရှောက်ရေးကို ဆန့်ကျင်ပြောဆိုနေပြီး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေါ်လစီများကို ဈေးကွက် အခြေခံစနစ်နဲ့ ပြန်လည်ဖွဲ့စည်းပြီး၊ ဖယ်ဒရယ်အစိုးရ ထိန်းချုပ်မှုအစား ပြည်နယ်အလိုက် ချမှတ်လုပ်ဆောင်သွားရန်၊ မှားယွင်းဆေးကုသမှုအပေါ် တရားစွဲဆိုမှုကို တားမြစ်သွားရန်၊ ကိုယ်ပိုင် ကျန်းမာရေးအာမခံ ဝယ်ယူသူများအား အခွန်လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း။
() ဒုတိယနေရာ လိုက်နေတဲ့ ပန်ဆေလ်ဗေနီယား (Pennsylvania) ပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း (၁၉၉၅-၂၀၀၇) ရစ်ခ် ဆန်တိုရမ် (Rick Santorum) ရဲ့  မူဝါဒရေးရာများမှာ …
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - အီတလီနိုင်ငံမှ ပြောင်းရွှေ့ လာကြတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စု နဲ့ မက်စီကို နိုင်ငံ နယ်နမိတ်ခြား တံတိုင်း နှစ်ထပ်ခတ်ဖို့ လွှတ်တော်မှာ မဲပေးတိုက်တွန်းခဲ့သူ ဖြစ်သည်။ အစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာသူများ၊ တရားဝင် နေထိုင်ခွင့်လက်မှတ် မရှိသူများအား လူမှုရေးထောက်ပံ့မှုများ၊ ပညာသင်ကြားခွင့် နဲ့ ကျန်းမာရေးထောက်ပံ့မှုများ ပေးနေမှုကို ရပ်ဆိုင်းဖို့ တိုက်တွန်းနေပြီး ပြောင်းရွှေ့ အလုပ်သမားများ ယာယီအလုပ်လုပ်ခွင့် ရရှိရေးအစီအစဉ်ကို ဆန့်ကျင်သည်။

ပညာရေးဆိုင်ရာ - ဖယ်ဒရယ်အစိုးရ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ပြည်နယ်အလိုက် ကိုယ်ပိုင်ပညာရေးစနစ်နဲ့ ထိန်းချုပ်ဆောင်ရွက်သွားရန်။ အခြေခံ၊ အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်းမှာ ဘာသာရေးဆိုင်ရာ သမ္မာကျမ်းစာအခြေခံ လောကကို ဖန်တီးခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားရေးကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျောင်းသင်ခန်းများတွင် ဝတ်ပြုဆုတောင်းခြင်း လုပ်ဆောင်သွားမည်။ တဖတ်မှာ ချို့ တဲ့ကျောင်းသားများ ဘောက်ချာ ပြေစာလက်မှတ် ကင်းလွတ်ခွင့် ရရှိရေး နဲ့ ချာတာကျောင်းများ တိုးချဲ့ ရေးကို ထောက်ခံသည်။

အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - အမျိုးသမီးသန္ဓေသား ဖျက်ချ၊ တားမြစ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အထက်လွှတ်တော် တာဝန်ထမ်းဆောင်ချိန် ကာလတလျှောက်လုံး မဲပေးကန့်ကွက်ခဲ့သည်။ အမျိုးသမီးတဦးအနေနဲ့ ယုတ်စွအဆုံး အဓမ္မပြုကျင့်ခံရ၊ သွေးသားရင်း စပ်ယှက်ကျူးလွန်မှုမှ ကိုယ်ဝန်ရရှိခဲ့သည်တိုင် ကိုယ်ဝန်ဖျက်ချခြင်းကို မပြုသင့်ကြောင်း။ လူ့ဘဝအစ သန္ဓေတည်ခြင်းကလို့ ယုံကြည်သူဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ - သမ္မတ အိုဘားမား၏ ကျန်းမာရေးဝန်ဆောင်မှုကို ဖျက်သိမ်းပစ်ဖို့ ကတိပြုထားသည်။ အစောပိုင်းမှာ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကူညီပေးမှု အစီအစဉ်ကို ထောက်ခံခဲ့ပြီး လက်ရှိ အဲဒီ အစီအစဉ်ကို ကန့်ကွက်ပြီး တိုက်ရိုက် ဆေးဝါးကူညီပေးမှုအစား ကင်းလွတ်ခွင့် ဘောက်ချာပြေစာနဲ့ ပြင်ပ ကျန်းမာရေးအာမခံကို ဝယ်ယူသွားနိုင်ဖို့ကို ပြင်ဆင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

() တတိယနေရာမှာ ရှိနေတဲ့ အောက်လွှတ်တော် သဘာပတိဟောင်း (House Speaker. ၁၉၉၅-၁၉၉၉) ဂျော်ဂျီးယား (Georgia) ပြည်နယ်သား နယူးတ် ဂင်းဂရစ်ခ်ျ (Newt Gingrich) ရဲ့  မူဝါဒဆိုင်ရာများမှာ
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - အမေရိကန်ပြည်ထောင်စု နဲ့ မက်စီကို နှစ်နိုင်ငံကြား နယ်နမိတ်ကို ပိုမိုလုံခြုံစွာ စီစဉ်လုပ်ဆောင်သွားရန်။ အင်္ဂလိပ်စကားကို နိုင်ငံတော် ဘာသာစကားအဖြစ် တရားဝင်ပြဌာန်းသွားရန်။ ပြည်နယ်ဒေသအလိုက် နိုင်ငံသားစီစစ်ရေးကော်မတီအဖွဲ့ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကနေ တရားမဝင် ဝင်ရောက်လာသူများ နေထိုင်ခွင့်ကို ဆုံးဖြတ်လုပ်ကိုင်သွားရန်။ အမေရိကန်အစိုးရအနေရဲ့  လူဝင်မှုကြီးကြပ်ရေး ဥပဒေဆိုင်ရာများကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။

ပညာရေးဆိုင်ရာ - လက်ရှိ ဖယ်ဒရယ်အစိုးရ ပညာရေးဝန်ကြီး Arne Duncan နဲ့ လူမဲခေါင်းဆောင် Al Sharpton တို့နဲ့ ပူးပေါင်းပြီး ပညာရေးဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းရေးဆိုင်ရာများကို ထောက်ခံဆောင်ရွက်နေသည်။ ချာတာကျောင်းများ တိုးချဲ့ ရေးကို ထောက်ခံပြီး ကျောင်းများမှာ လွတ်လပ်စွာ ဝတ်ပြုရှစ်ခိုးခြင်း၊ ဆင်းရဲကျောင်းသားများ ပြေစာကင်းလွတ်ခွင့်နဲ့ ပညာသင်ကြားနိုင်ရေး။ ဆရာ၊ ဆရာမများ သင်ကြားမှုစွမ်းဆောင်မှုအပေါ် အခြေခံပြီး ဆုပေးထောက်ပံ့ခြင်း နဲ့ စာတော်ကျောင်းသားများအား ငွေကြေးထောက်ပံ့ရေးတို့ကို ထောက်ခံသူဖြစ်သည်။

အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - အမျိုးသမီးများ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည်ဥပဒေကို လက်မှတ်ထိုး ထောက်ခံဖို့ ကတိပြုထားသည်။ အစိုးရအထောက်အပံ့ ရရှိနေသည့် အမျိုးသမီးသန္ဓေသား ဖျက်ချရေး လုပ်ဆောင်နေတဲ့ ဆေးခန်း၊ အသင်းအဖွဲ့များကို ထောက်ပံ့ကြေး ရပ်ဆိုင်းပစ်ရန်။ မူရင်း အခြေခံဥပဒေအတိုင်း စွဲကိုင်လုပ်ဆောင်နိုင်ဖို့ ကွန်ဆာဗေးတစ် ရှေးရိုစွဲဝါဒရှိသူ နိုင်ငံတော်တရားသူကြီးချုပ်များကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကြောင်း။

ကျန်းမာရေးဆိုင်ရာ - သမ္မတ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်ရေး စီမံကိန်းကို ဖျက်သိမ်းမည်။ ပြည်နယ်များ ဖြတ်ကျော်ပြီး ကွဲပြားခြားနားတဲ့ ကျန်းမာရေးအာမခံများကို ရောင်းဝယ်ခွင့် ပြုမည်။ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကူညီပေးမှု နဲ့ ဆင်းရဲ့ ချို့ တဲ့သူများအတွက် ကျန်းမာရေးစောင့်ရှောက်ကူညီပေးမှု ထောက်ပံ့ကြေးများကို လျှော့ချသွားမည်။ ကျန်းမာရေးအာမခံ ဝယ်ယူသူများအတွက် အခွန်လျှော့ချပေးပြီး ကျန်းမာရေးစုငွေ စီမံကိန်းကို တိုးမြှင့်ပေးခြင်း နဲ့ မှားယွင်းဆေးကုသမှုအပေါ် တရားစွဲဆိုမှု ဥပဒေကို ပြင်ဆင်ရေးဆွဲသွားမည်။

() စတုတ္ထနေရာမှာ ရှိနေပြီး နောက်ဆုံးအခြေအနေအထိ ယှဉ်ပြိုင်သွားမယ်လို့ ကြွေးကြော်နေသူ၊ အမေရိကန် နိုင်ငံခြားရေးမူဝါဒ၊ စစ်ပွဲများနဲ့ နိုင်ငံတကာမှာ အမေရိကန်စစ်တပ်များ ထားရှိမှုအပေါ် ပွင့်ပွင့်လင်းလင်း ပြစ်တင်ရှုတ်ချပြောဆိုပြီး မဲဆွယ်နေတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး တက်ဆက် (Texas) ပြည်နယ် အောက်လွှတ်တော်အမတ် (၁၉၉၇- လက်ရှိ) ရွန် ပေါလ် (Ron Paul) ကတော့
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - ပြောင်းရွှေ့ အလုပ်သမားများ လူမှုဖူလုံရေး၊ နေထိုင်ရေး၊ ပညာရေး ထောက်ပံ့ကူညီမှု (DREAM Act) အက်ဥပဒေကို ဆန့်ကျင်ထားပြီး နယ်ခြားလုံခြုံရေးကို တိုးမြှင့်လုပ်ကိုင်သွားရန်။ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသူများအား လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ရပိုင်ခွင့်များ ရရှိရေးကို ကန့်ကွက်သည်။ အလုပ်ရှင်များအနေနဲ့ အွန်လိုင်းမှတဆင့် တရားမဝင် အလုပ်သမားများ မှတ်ပုံတင်လျှောက်ထားခွင့် အစီအစဉ်ကို ပယ်ဖျက်သွားမည်။

ပညာရေးဆိုင်ရာ - ကျောင်းသားတဦးတယောက်မှ နောက်မကျန်စေရ ပညာရေးစီမံကိန်း မှာ နိုင်ငံအတွက် အကျိုးမရှိကြောင်း။ ဖယ်ဒရယ် ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြစ်ပြီး အစိုးရကျောင်းများမှာ ပညာမသင်ကြားဘဲ ကိုယ်ပိုင်ကျောင်းများနဲ့ အိမ်ပညာရေး သင်ကြားမှုများကို အခွန်လျှော့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း။

အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - သားဖွားဆရာဝန်တဦးဖြစ်ပြီး အနည်းဆုံး ခလေး လေးထောင်ကျော် မွေးဖွားပေးခဲ့သူဖြစ်ပေမယ့် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည်။ လူ့ဘဝအစ သန္ဓေတည်ခြင်းကလို့ ယုံကြည်သူဖြစ်ပြီး တရားဝင် ကိုယ်ဝန်ဖျက်ချမှု ဆုံးဖြတ်ချက်ကို ပြည်နယ်အလိုက် ဆုံးဖြတ်လုပ်ကိုင်သွားဖို့ ပြဌာန်းလုပ်ကိုင်သွားမည်။

ကျန်းမာရေးဆိုင်ရာ - သမ္မတ အိုဘားမား ကျန်းမာရေးအစီအစဉ် ကို အောက်လွှတ်တော်မှာ မဲပေးကန့်ကွက်ခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကုသ ကူညီပေးမှုအတွက် ပြည်သူများအလိုက် ရွေးချယ်ခွင့် ထားရှိခြင်း၊ ကျန်းမာရေးအာမခံကို ပြည်နယ်များဖြတ်ကျော် ဝယ်ယူရောင်းဝယ်နိုင်ခြင်း။ ကျန်းမာရေးဆိုင်ရာစုငွေအတွက် တိုးချဲ့ လုပ်ကိုင်သွားပြီး သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကူညီပေးမှု စီမံကိန်းအစား ဆေးကုသမှု မပေးနိုင်သူများအနေနဲ့ ရှေ့ နေများနဲ့ ဆေးကုခကို ပယ်ဖျက်နိုင်ရေး အစီအစဉ်ကို ပြင်ဆင်ပြဌာန်းသွားမည်။
အထက်ဖော်ပြပါ ရီပတ်ဘလင်ကန် ကိုယ်စားလှယ်လောင်းများမှာ အခြေခံအားဖြင့် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်မူဝါဒများကို လက်ကိုင်စွဲထားကြသူများ ဖြစ်ကြပေမယ့် တဦးချင်း မတူကွဲပြားတဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ ယုံကြည်ချက်၊ ရပ်တည်ချက်များ ရှိတာကို မဲဆန္ဒပေးမယ့်သူများအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ရွေးချယ်နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ စကားစစ်ထိုးပွဲမျာ၊ အင်တာဗျူးများ၊ ကြော်ငြာများ၊ အင်တာနက်၊ မီဒီယာများမှတဆင့် သိရှိနိုင်တယ်။
နှစ်ပေါင်း ၂၀၀ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တဲ့ (အမှန်မှာ လူတိုင်းမဲပေးပိုင်ခွင့် ရရှိခဲ့တာ ဆယ်စုနှစ်ပဲ ရှိပါသေးတယ်) သတင်းမီဒီယာ ကျယ်ပြန့်ထွန်းကား အမေရိကန်နိုင်ငံနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ပြောလို့ရပေမယ့် အခုအချိန်မှာ မြန်မာပြည် သတင်းမီဒီယာများလည်း အကန့်အသတ်လျှော့ပေါ့မှု အခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များခရီးသတင်းများကို လွတ်လပ်စွာ နေ့စဉ်ရေးသားတင်ပြနေကြတာကို ဖတ်ရှုနေရတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များအကြောင်း၊ အင်တာဗျူးလုပ် မေးမြန်းခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်တာကို တွေ့ရှိရတယ်။ ဒါကြောင့် ဒီနေ့အထိ ရွေးကောက်ခံကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကိုယ်စား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းများပဲ ကြားနေရပြီး အန်အယ်လ်ဒီ နဲ့ တခြားပါတီ ကိုယ်စားလှယ်လောင်းများ၏ အသံများကို မကြားရ၊ မသိရခြင်းက ဒီမိုကရေစီခရီးလမ်းအတွက် ကောင်းသောအရာ မဟုတ်ပါ
ပြည်တွင်းပြည်ပ မီဒီယာများအနေနဲ့လည်း အချိန်မီ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များကို ပြည်သူများကိုယ်စား အင်တာဗျူးလုပ် မေးမြန်းပြီး သူတို့ရဲ့  နိုင်ငံရေး ရပ်တည်ချက်၊ ပြည်သူ့အတွက် လုပ်ဆောင်သွားမည့် မူဝါဒဆိုင်ရာများ ကတိကဝတ်များကို မေးမြန်း မှတ်တမ်းတင် တင်ပြသင့်ပါတယ်

ကိုးကား ~ Christian Science Monitor News: Election 101

Comments