NLD ပြောရေးဆိုခွင့်ရှိသူ ထောင်ဒဏ် ချမှတ်ခံရဖွယ်ရှိ
AFP သတင်းကို မိုးမခက ဘာသာပြန်သည်
ဇွန် ၁၈၊ ၂၀၁၂
ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် တွေ့ရသော ဦးဥာဏ်ဝင်း (ဓာတ်ပုံ - Getty Images)
AFP သတင်းကို မိုးမခက ဘာသာပြန်သည်
ဇွန် ၁၈၊ ၂၀၁၂

မြန်မာပြည်၏ အဓိကအတိုက်အခံအင်အားစု ပြောရေးဆိုခွင့်ရှိသူသည် ဧပြီလ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု စွပ်စွဲပြောဆိုမှုဖြင့် ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရနိုင်သည်ဟု အရာရှိတဦးက ယနေ့ ပြောဆိုလိုက်သည်။
မဲလက်မှတ်များပေါ်ရှိ NLD ကိုယ်စားလှယ်လောင်းများအား မဲပေး ရေးခြစ်ရမည့် နေရာတွင် ဖယောင်းသုပ်ထားသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စွပ်စွဲပြောဆိုခဲ့မှုဖြင့် လာမည့် ၂၆ ရက်နေ့တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
"ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်အောင် ကျင်းပပေးခဲ့တဲ့ ကော်မရှင်ကို ထိခိုက်စေတဲ့အတွက်" သူ့စွပ်စွဲချက်တွေ ပြန်ရုပ်သိမ်းဖို့ ဦးဥာဏ်ဝင်းကို အကြောင်းကြားပြီးပါပြီ ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသောင်းလှိုင်က ပြောသည်။
သို့သော်လည်း ထိုအကြောင်းကြားချက်ကို NLD က တုံ့ပြန်ခြင်း မရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်ရှိ ဇမ္ဗူသီရိ တရားရုံးတွင် တရားစွဲဆိုထားသည်ဟု သူက ဆက်ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ကိုယ်စားလှယ်အများအပြား ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပထမဆုံးအကြိမ် လွှတ်တော်တွင် တနေရာ ရရှိခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အား စုံစမ်းစစ်ဆေးပြီးနောက် မဲမသမာမှု အထောက်အထား မတွေ့ခဲ့ရကြောင်း အာဏာပိုင်တို့က ဆိုသည်။
"ကျနော့်မှာ အပြစ်မရှိဘူး ဆိုတာပဲ ကျနော် ပြောချင်ပါတယ်" ဟု ဦးဥာဏ်ဝင်းက AFP ကို ပြောသည်။ သူ၏ရှေ့နေများက တရားရုံးတွင် အမှုဆိုင်ရန် ပြင်ဆင်နေပြီဟု ဆိုသည်။
သူ့အား အစိုးရ၀န်ထမ်းနှင့်ပတ်သက်ပြီး မမှန်မကန် ပြောဆိုသတင်းပေးမှု ပုဒ်မ ၁၈၂ ဖြင့် တရားစွဲထားရာ ထိုအမှုမှာ ငွေဒဏ် ကျပ် တထောင် နှင့် ထောင်ဒဏ် ၆ လ အထိ အပြစ်ပေးနိုင်သော အမှုဖြစ်သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်၏ နိုင်ငံရေးအင်အားစုများ အနိုင်ရခဲ့သည်။ ထိုရွေးကောက်ပွဲသည် မသမာမှုများ ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့် မရစေရန် တားမြစ်မှုများ ရှိခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။
၇ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်ပွဲအပြီး မကြာမီ ပြန်လည် လွတ်မြောက်လာသည်။
ထိုအချိန်မှ စပြီး အမည်ခံ အရပ်သားအစိုးရသစ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
Comments