ငွေရတုအကြို (၂၄)နှစ်မြောက် ၈.၈.၈၈ အရေးတော်ပုံအခမ်းအနား ဆီယက်တဲလ်တွင်ကျင်းပ
ကျော်ဟုန်း ။ သြဂုတ် ၁၁ ၊ ၂၀၁၂
ငွေရတုအကြို (၂၄)နှစ်မြောက် ၈.၈.၈၈ အရေးတော်ပုံအခမ်းအနားကို 9600,College way, North Seattle, WA 98103 ရှိ Cafeteria ခန်းမ၊ ဆီယက်တဲလ်၊ ဝါရှင်တန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စုတွင် သြဂုတ် ၁၁ ၊ ၂၀၁၂ က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မနက်ပိုင်းတွင် ရှစ်လေးလုံးအရေးတော်ပုံအတွင်းနဲ့  ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားသော သူရဲကောင်း ရဲဘော်အပေါင်းကိုရည်စူးကာ အာရုဏ်ဆွမ်းနဲ့ နဝကမ္မအလှူငွေများကို ဓမ္မဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာမှ ဆရာတော် အရှင်တိက္ခညာဏအား ကပ်လှူပူဇော်ပြီး ABSDF ရဲဘော်တချို့ က တရားနာ ဆုတောင်း အမျှဝေခဲ့ကြပါတယ်။
အခမ်းအနားပွဲမှာတော့ ကြွရောက်လာတဲ့ ပိရိသတ်များကို မုံ့ ဟင်းခါးဖြင့်တည်ခင်းဧည့်ခံပြီး ညနေ(၅:၃၀)မှာ အခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ ရဲဘော်အောင်ထွန်းထွန်းမှဦးဆောင်ပြီး တက်ရောက်လာကြတဲ့ရဲဘော်များက တိုက်ပွဲဝင်ဒီမိုကရေစီအလံတော် အားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူ၊ ကျောင်းသား ၊ ပြည်သူ သူရဲကောင်းအပေါင်းအား အလေးပြုခြင်းနဲ့  (၁)မိနစ်ငြိမ်သက် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
(၂၄)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်နဲ့  ရှစ်လေးလုံးစိတ်ဓာတ်အကြောင်းများကို ကိုဇေယျာကျော်နဲ့ ကိုသန်းဝင်းတို့ မှ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်ဦးစီးသော (၈၈)မျိုးဆက်ကျောင်းသားအဖွဲ့ မှ သဘောထားကြေညာချက်ကို အော်ရီဂွန်ပြည်နယ်က ကိုထွန်းထွန်း၊ ABSDF ကျောင်းသားတပ်မတော် သဘောထား ကြေညာချက်ကို ဆီယက်တဲလ်-ဝါရှင်တန်ပြည်နယ်မှ ကိုအောင်ထွန်းထွန်း၊ ဆီယက်တဲလ်၊ ပို့ လန်း၊ ဗန်ကူးဗား(ကနေဒါ) ရဲဘော်များရဲ့သဘောထားကြေညာချက်ကို ကနေဒါမှ ကိုတင်နွယ် စတဲ့ ABSDF ရဲဘော်ဟောင်းများက အသီးသီးဖတ်ကြားခဲ့ကြပါတယ်။
ကဗျာဆရာမောင်လေးအောင်ရဲ့ ‘တော်လှန်ရေး’ အမည်ရှိကဗျာကို ရဲဘော်ကိုဝေလင်း(ဖို့ ဝိန်း)မှလည်းကောင်း၊ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ‘နီရဲသောနှင်းဆီပွင့်’ ကဗျာကို ရဲဘော်ဌေးအောင်( ကနေဒါ )မှ လည်းကောင်း၊ ကဗျာဆရာ ကျော်ဟုန်းရဲ့ ‘၈၈ လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့် ’ ကဗျာကို ရဲမေ မရီရီနွဲ့ (မမီးမီး)မှလည်းကောင်း အသီးသီး ရွတ်
ဆိုခဲ့ကြပါတယ်။
တော်လှန်ရေးရဲဘော် အဆိုတော် ကိုသီရိညွန့် နဲ့  ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများဖြစ်တဲ့ ကိုရဲ၊ ကိုထွန်းထွန်း (ကနေဒါ)၊ ကိုအပုလေး၊ ကိုထွန်းထွန်း(အော်ရီဂွန်)တို့ က တာဝန်ယူတီးခတ်ပြီး ကျောင်းသားတပ်မတော် ရဲဘော်-ရဲမေဟောင်း များမှ တော်လှန်ရေးသီချင်းများကို တဦးချင်းသီဆိုမှု၊ အုပ်စုလိုက်သီဆိုမှုများဖြင့် မပြီးဆုံးသေးတဲ့ မြန်မာ့ဒီမိုကရေစီအရေးကို တပ်လှန့် နှိုးဆော်တဲ့အနေဖြင့် ပရိသတ်များကို ဖြေဖျော်ခဲ့ကြပါတယ်။ မျိုးဆက်သစ်လူငယ် မမဉ္ဖူကျော်မှလဲ ပါဝင်တီးခတ် သီဆို ကူညီသွားပါတယ်။
ထို ငွေရတုအကြို (၂၄)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားမှ မြန်မာပြည် အစိုးရကို တောင်းဆိုလိုက်တဲ့ သဘောထားကြေညာချက်များကတော့ ...
(၁) ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊
(၂) ပြည်တွင်းစစ် အမြန်ဆုံး ရပ်ဆိုင်းလျှက် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်၊
(၃) တတိုင်းပြည်လုံးရှိ တိုင်းရင်းသား လူထုလူတန်းစား အသီးသီးပါဝင်သည့် စစ်မှန်သော ညီလာခံကြီးတရပ် ကျင်းပပြီး အမျိုးသားပြန်လည်သွေးစည်းညီညွတ်ရေး တည်ဆောက်ရန်၊
(၄) မြန်မာနိုင်ငံသမိုင်းကို တဆစ်ချိုးပြောင်းလဲစေခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းကျဆုံးသွားသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ ၊ အာဇာနည် သူရဲကောင်းအပေါင်းတို့ အား ဂုဏ်ပြုသည့်အနေဖြင့် သြဂုတ် ( ၈ )ရက်နေ့ ကို “မြန်မာ့ဒီမိုကရေစီနေ့ ” အဖြစ် တရားဝင်အတည် ပြုပြီး နိုင်ငံတော်ရုံးပိတ်ရက် သတ်မှတ်ပေးရန်နှင့် အခမ်းအနားများ နိုင်ငံတဝှမ်း လွတ်လပ်စွာ ကျင်းပနိုင်ရန် .... တို့ ကို တောင်းဆိုလိုက်ပါတယ်။
အခမ်းအနားဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသော ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများဖြစ်ကြတဲ့ ကိုထွေးကို၊ ကိုရဲဝင်းအောင်၊ ကိုအောင်ထွန်းထွန်းတို့ မှ (၂၄)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို သြဂုတ်(၁၁)ရက်မှာ အမေရိကန်ပြည်ထောင်စု ရုံးပိတ်ရက်နဲ့ ကိုက်ညီ စီစဉ်ကျင်းပခဲ့ရတဲ့အတွက် ပြည်တွင်း(၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ှ့မှ နားလည်ပေးပါရန်လဲ တောင်းပန်ခဲ့ပါတယ်။
နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ခဲ့သော ဆီယက်တဲလ်မှ ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို ဝါရှင်တန်၊ အော်ရီဂွန်၊ ဗန်ကူးဗား(ကနေဒါ)မှ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများအပြင် ဆီယက်တဲလ်ရှိ မြန်မာနိုင်ငံသား မြို့ ခံများလဲ ပါဝင်ခဲ့ပြီး ပရိသတ်(၁၀၀)ခန့် တက်ရောက်ကာ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။ ။
Comments