လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း
ဒေါက်တာဓမ္မပိယ(ITBMU)
မြန်မာပြည်သူ၊ ပြည်သား အများစုဟာ လွတ်လပ်ခွင့်နှင့် လွတ်လပ်ရေးတို့၏အဓိပ္ပါယ်များကို ရောရော ထွေးထွေး သိနေကြဆဲပါ။ လွတ်လပ်ရေးရရင် လွတ်လပ်ပြီလို့ အထင်ရှိနေသူတွေရှိနေသလို၊ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့ ပြောသူများလည်းရှိနေဆဲပါ။ ̏လွတ်လပ်ခြင်း˝ ရဲ့အဓိပ္ပါယ်နှင့် ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့ အဓိပ္ပါယ်တို့ကိုလည်း မသိသူတွေက များလွန်းနေသေးတယ်လို့ ထင်မြင်ယူဆမိခြင်းပါ။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးနှိုင်ခြင်း မရှိသေးတော့ ရဟန်းရှင်လူ အတော်များများဟာ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို အသိခက်နေကြခြင်းပါ။ အဓိပ္ပါယ်များ ရှင်းလင်းသွားစေချင်ရင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မည်သူတွေက ပြဋ္ဌာန်းပးထားသနည်း ဆိုတဲ့ အမေးကို ရှေးဦးစွာ စဉ်းစားကြည့်နိုင် ဖို့ပါ။
̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ လွယ်မယောင်ယောင်နဲ့ အသိခက်နေတဲ့ စကားမျိုးပါ။ ဒီစကားရဲ့ မူလဇစ်မြစ်အခြေခံကို သိမထားဘူးဆိုရင် တိကျတဲ့ အဓိပ္ပါယ်ကို ပြန်ဆိုဖို့ မလွယ်ကူနိုင်ပါ။ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ ဒီမိုကရေစီစနစ်နှင့် ဆက်နွယ်နေခြင်းဖြစ်လို့ ဒီမိုကရေစီရဲ့ သဘောတရားကို အထိုက်အလျှောက်သိထားဖို့ပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ ရွေးချယ်တင်မြောက် ထားတဲ့အစိုးရဖြစ်လို့ အစိုးရကလည်း ပြည်သူတွေကို ̏လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင်ခွင့်တို့ကို ပေးထားခြင်းပါ။ တစ်ဖက်မှ လည်း ပြည်သူတွေရဲ့ လူ့အခွင့်အရေးများကို ကာကွယ်ပေးထားခြင်းပါ။ ထို့ကြောင့် ဘာသာတရား၌ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ရှိတယ်ဆိုပေမဲ့ ပြည်သူတွေ ယုံကြည်ထားတဲ့ ကိုးကွယ်မှုဘာသာတရားဟာ တစ်ဦးနှင့်တစ်ဦး ယုံကြည်ထားတာခြင်းက မတူညီပါ။ အယူအဆများ၊ ယုံကြည်မှုများ မတူညီတဲ့အခါ ပြဿနာဆိုတာ ဖြစ်ပေါ်တတ်စမြဲပါ။ ဒီတော့ ပြည်သူတွေ ကြားမှာ ပြဿနာများ မဖြစ်ပွားရအောင် အစိုးရက ကာကွယ်ပေးထားရခြင်းပါ။ ဥပမာ၊ ဆိတ်ငြိမ်မှုကို လိုလားတဲ့ ဘာသာဝင်များ အတွက် ဆူညံခြင်းဆိုတာဟာ သူတို့အတွက် စိတ်အနှောက်အယှက်များ ဖြစ်စရာပါ။ ဒီအခါမှာ လူ့အခွင့် အရေးရှုဒေါင့်ကနေကြည့်ပြီး ဆိတ်ငြိမ်ရပ်ကွက်မှာ ဆူညံတဲ့ လူမှုရေးပွဲလမ်းသဘင်များ၊ ဘာသာရေးပွဲလမ်း သဘင်များ စည်းမဲ့ကမ်းမဲ့ ကျင်းပခြင်းမျိုးကို နိုင်ငံတော်မှ တားမြစ်ပိတ်ပင်ပေးရခြင်းပါ။ ဒါကို ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်တာဆီးတယ်လို့ စွပ်စွဲပြောဆိုလို့ မရနိုင်ပါ။ အမှန်တကယ်တော့
ထိုကဲ့သို့ပြုလုပ် ပေးခြင်းဟာ ပြည်သူများရဲ့ လူအခွင့်အရေးကို ကာကွယ်ပေးခြင်းပါ။ ကိုယ့်ဘာသာတရားရဲ့ ဓလေ့ထုံးစံမို့ ပျော်ပွဲရွှင်ပွဲတွေကို လွတ်လပ်စွာ ဆင်နွှဲနိုင်ခွင့်ရှိတယ် ဆိုပေ မယ်လို့ မိမိတို့ရဲ့ ပျော်ရွှင်မှုဟာ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်များဖြစ်နေခဲ့မယ်ဆိုရင် … ။ ဆူညံစွာ ကျင်းပတဲ့ ဘာသာရေးပွဲမျိုးကို တားဆီးပေးရန်မှာ နိုင်ငံတော်ရဲ့ တာဝန်ဖြစ်ကြောင်း ပြည်သူ၊ ပြည်သားများ သိရှိထားနိုင်ဖို့ပါ။ မြန်မာနိုင်ငံတွင်း၌ ကျင်းပနေတဲ့ ဘာသာရေးပွဲတော်များပဲဖြစ်ဖြစ်၊ လူမှုရေးပွဲတော် များပဲဖြစ်ဖြစ် ကျင်းပပြုလုပ်ခြင်းကို နိုင်ငံတော်မှ ကျင်းပခွင့်(ပါမစ်)မရပဲ ကျင်းပနေခြင်းမျိုးကို ရှောင်ရှားနိုင်ကြ ဖို့ပါ။ လူအခွင့်ရေးဆိုတာ ကိုယ့်အခွင့်ရေးချည်းမဟုတ်ပဲ သူ့များအခွင့်ရေးများလည်း ပါဝင်နေခြင်းကို သတိပြု နိုင်ကြဖို့ပါ။
မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်များကို တားဆီးပိတ်ပင်ခြင်းရှိတယ်ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စွပ်စွဲပြစ်တင်နေမှုကို အကြောင်းပြကာ အချို့ဘာသာဝင်များဟာ တစ်ခြားဘာသာဝင်များရဲ့ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို ကိုးကွယ်နေတဲ့သူများအား ယုံမှားသံသယတွေ ဖြစ်သွားစေချင်တဲ့ ဆန္ဒမျိုးတွေနဲ့ ဘာသာရေးဘောင်စည်းကိုကျော်ပြီး မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး ဟောပြောပို့ချ နေခြင်းမျိုးဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်ရေးများကို ဗြောင်ကျကျ ချိုးဖေါက်နေခြင်းပါ။ မကြာခင်က ကချင်ပြည်နယ်တစ်ဝိုက်မှာ ဗုဒ္ဓဘာသာကို တိုက်ခိုက်ဟောပြောနေတဲ့သူကို ဗုဒ္ဓဘာသာဝင်များက ပြန်လည်ချေပထားတဲ့ ̏ကမ္ဘာကျော်မည့် ဘာသာရေးလိမ်လည်မှုကြီး̋ စီဒီခွေကို ကြည့်လိုက်ရခြင်းပါ။
ထိုခွေထဲမှာ အက်စ်ဂွန်အောင် (ခေါ်) ကိုကိုလွင်လို့ခေါ်တဲ့ ခရစ်ယာန်တရားဟောဆရာတစ် ယောက်ဟာ သူ့ကိုယ်သူ ဘဒ္ဒန္တသုမနာလင်္ကာရ (ဗုဒ္ဓဘာသာကိုးဘွဲ့ရ) အမည်ခံပြီး၊ ဗုဒ္ဓစာပေများကို ရှင်ရဟန်းဝတ်နှင့် သင်ယူခဲ့ဖူးတဲ့အကြောင်း၊ ဘွဲ့တွေ (၉)ဘွဲ့ထိ ရရှိခဲ့ကြောင်း၊ သို့သော် ထိုဘာသာတရား၌ အားကိုးရာ အနှစ်သာရမရှိ၍ ခရစ်ယာန်ုဘာသာသို့ ကူးပြောင်းလာခဲ့ရပါကြောင်း စသည်ဖြင့် ဘုရားတရား တော်များကို အပုတ်ချ၍ ဟောပြောနေခဲ့ခြင်းပါ။ လူမှုရေးရှုဒေါင့်မှကြည့်လျှင် ဘာသာရေးကျူးကျော် ရန်စမှုမျိုးကို ကျူးလွန်နေခြင်းပါ။ သို့သော် မြန်မာနိုင်ငံတော်ဟာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဆဲကာလမို့ ဘာသာရေးအဓိကရုဏ်းများကို မဖြစ်ရလေအောင် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ ပူပေါင်းပြီး ထိုပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းပါ။
ထိုကဲ့သို့သောဘာသာရေးကျုးကျော်ရန်စမှုမျိုးဟာ နိုင်ငံတော်မှခွင့်ပြုထားတဲ့ ဘာသာရေး လွတ်လပ် ခွင့်ကို လွဲမှားစွာ အသုံးချပြီး လူ့အခွင့်အရေးများကို ဗြောင်ဗြောင်ကျကျ ခြိုးဖေါက်လိုက်ခြင်းပါ။ မှားမှား ယွင်းယွင်းဖြင့် မိမိလိုရာကို ဆွဲသွင်းပြီး ဟောပြောခြင်းများဟာ ဘာသာရေး ချိုးဖေါက်မှုကြီးဖြစ်နေခြင်းကို ထိုသူကိုယ်တိုင်ကတော့ သိဟန်မတူပါ။ ထိုကဲ့သို့ ဘာသာရေးချိုးဖေါက်မှု၊ ဘာသာရေးစော်ကားမှုမျိုးတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်၍ တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်များအားလုံး ̏ဘုတ်ကိုကျီးရိုသေ၊ ကျီးကိုဘုတ်ရိုသေ̋ အနေအထားမျိုးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြဖို့ပါ။
လူ့အခွင့်ရေးနှင့်ဆိုတာ ဘာသာရေးရှုဒေါင့်တစ်ခုတည်းကို ကြည့်ပြီး ပြောလို့မရနိုင်ပါ။ ရှုဒေါင့် အမျိုးမျိုးကနေ မျှမျှတတ ကြည့်တတ်ဖို့ပါ။ ဘာသာခြားတစ်ယောက်က အခြားဘာသာဝင် တစ်ယောက်ရဲ့ သားပျို၊ သမီးပျိုကို မိမိနှင့်အကြောင်းပါ၍ လက်ထက်ခွင့်ရထားတဲ့အခါမျိုးမှာ … ။ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးမှာဖေါ်ပြထားတဲ့ မည်သူမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်၊ မိမိတို့နှစ်သက်သူကို လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ရှိသည်˝ ဟု ထိုမူကို ဆုပ်ကိုင်ပြီး ကိုယ်ထင်ရာကို လုပ်လို့မရပါ။ ကိုယ်တိုင်က မိမိအခွင့်ရေးကို ကာကွယ်လို၍ ထိုလူ့အခွင့်ရေး ကြေညာစာတမ်းကြီးကို ကိုးကားပြောဆိုနေသော်လည်း လူ့အခွင့်ရေးများကို လိုက်နာရန် ထိုသူကိုယ်တိုင်က ပျက်ကွက်နေခြင်းပါ။
မိမိနှင့် အခြားဘာသာဝင်တစ်ယောက်ရဲ့သမီးပျိုနှင့် လက်ထပ်ပြီးတဲ့အခါ မိမိလက်ထပ်ယူထားတဲ့ အိမ်သူအား မိမိကိုးကွယ်ထားတဲ့ ဘာသာဝင်အဖြစ်သို့ သဘောဆန္ဒမပါပဲ သို့မဟုတ် အလိုမတူပဲ ဇွတ်အတင်း မိမိဘာသာအတွင်းသို့ သိမ်းသွင်းယူနေကြတဲ့ ကိစ္စမျိုးတွေဟာ သိန်းသောင်ချီ၍ ရှိနေခြင်းပါ။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ တိုင်းပြည်အတွင်းမှာ ဤကဲ့သို့ လူမှုရေးကျူးကျော်မှုမျိုးကို အပြုခံနေရခြင်းဟာ လူအခွင့် အရေးကို ဗြောင်ကျကျ ချိုးဖေါက်ခံနေရခြင်းပါ။ ဒါကို သိလို့ တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်ကို တိုင်ကြားတဲ့အခါ နိုင်ငံတော်မှ လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် အနေအားဖြင့် ထိုသူအား ခေါ်ယူ၍ သတိပေး တားဆီးခြင်းမျိုးကို ပြုရခြင်းပါ။ လူ့အခွင့်ရေးကို ကာကွယ်ပေးရမဲ့တာဝန်ဟာ နိုင်ငံတော်အစိုးရတိုင်းရဲ့ တာဝန်ဆိုတာ ပြည်သူများ သိနိုင်ဖို့ပါ။ ထိုအခါ ထိုသူနှင့် ထိုသူ၏အပေါင်းဖေါ်များက လွတ်လပ်စွာ ကိုးကွယ် ခွင့်ကို တားဆီးပိတ်ပင်ပါတယ်လို့ ကမ္ဘာသိအောင် ဟစ်အော်ပြခြင်းပါ။ ကိုယ်ထင်ရာမလုပ်ရတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တားဆီးပိတ်ပင်တယ်ဆိုတဲ့ စွဲချက်တင်ခြင်းဟာ လူ့အခွင့်အရေးကို ကိုယ်တိုင်က ချိုးဖေါက် နေသူဖြစ်ပါလျှက် ̏သူခိုးက လူဗျို့̋ ဟု ဟစ်အော်နေခြင်းမျိုးနှင့် တူနေခြင်းပါ။
ဒီမိုကရေစီကျင့်ထုံး၌ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတာ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအသင်းအဖွဲ့ဆိုင်ရမှာပဲဖြစ်ဖြစ်၊ တစ်ဦးချင်း အတွက်ပဲ ဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဘာသာတရား၌ ပါဝင်ဆောင်ရွက်မှုများကို စည်းမျဉ်းဥပဒေဖြင့် လူအခွင့်အရေးကို အထောက်အပံ့ပြုပေးထားခြင်းပါ။ တစ်ချိန်တည်းမှာပင် ထိုဥပဒေက လွတ်လပ်စွာ ဘာသာကူးပြောင်းခွင့်၊ မိမိယုံကြည်ထားတဲ့ ဘာသာတရားကို လွတ်လပ်စွာ ဆက်လက် ကိုးကွယ်ခွင့်တို့ကို ကာယကံရှင်၏ဆန္ဒအတိုင်း ပြုလုပ်ခွင့် ရနိုင်ရန် ကာကွယ်ပေးထားရခြင်းပါတဲ့။[1]
သို့သော် လူမှုရေးအမြတ်ထုတ်လိုမှု၊ အိမ်ထောင်ရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေးအမြတ် ထုတ်လို မှုနှင့် လူမျိုးရေးအမြတ်ထုတ်လိုမှုများကို ပြုနေသူတို့အား (၁)လူ့အခွင့်ရေးဆိုတဲ့ ဘောင်စည်းကို မကျော်ရန်၊ (၂) နိုင်ငံတော်မှ ဘာသာဝင်များအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရန်နှင့် (၃) လူ့အခွင့်အရေးများကို လေးစားလိုက်နာနိုင်စေရန်အတွက် မလွဲမသွေ နိုင်ငံတော်မှ ကာကွယ်ပေးရခြင်းပါ။ ဒီမိုကရေစနစ်အရ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အထောက်အပံ့ပြုပေးနေတယ်ဆိုတာ ဘာသာဝင်များအားလုံး သဘောဉာဏ်ဖြင့် သက်ဝင်နိုင်ကြဖို့ပါ။
လူ့အခွင့်အရေး ကြေညာစာတမ်းအရ ဘာသာရေးနှင့် နိုင်ငံရေးကိစ္စများသည် သိမ်မွေ့လှ၍ ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလှပါ။ အနောက်တိုင်း တက္ကသိုလ်တစ်ခု၌ စာရေးသူ ပညာသင်ကြားနေစဉ် အခါက ပရောဖက်ဆာတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို ယနေ့အထိ အမှတ်ရနေဆဲပါ။ သူပြောတာက စာပေဟောပြောပွဲမှာပဲဖြစ်ဖြစ်၊ လူမှုရေးဟောပြောပွဲတွေမှာပဲဖြစ်ဖြစ်၊ မလွဲသာ၊ မရှောင်သာလို့ စကားပြောရတော့မည်ဆိုရင် ဘာသာရေးနှင့် နိုင်ငံရေးအကြောင်းကို ပြောဖို့ရှောင်ပါတဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီဘာသာရပ်တွေမှာ အငြင်းပွားစရာ အချက်တွေ များစွာပါဝင်နေလို့ပါတဲ့။ လက်ခံနိုင်စရာပါ။ ဘာကြောင့်လဲဆိုရင် ဘာသာတရားဆိုတာ ယုံကြည်လက်ခံတဲ့ သူများအပေါ်မှာသာ မူတည်နေလို့ သူတို့ယုံကြည်ချက်ကို မှားတယ်၊ မှန်တယ်ပြောဖို့ဆိုတာ ခက်ခဲခြင်းတစ်ရပ်ပါ။ ထိုဘာသာဝင်များ အတွက် သူတို့ယုံကြည်ချက်ဟာ အမှန်တရားဖြစ်နေပေမဲ့ အခြားဘာသာဝင်များအတွက် အမှန်တရား ဖြစ်ချင်မှ ဖြစ်နိုင်တာပါ။
ဥပမာ၊ အတ္တဟာ ဟိန္ဒူဘာသာဝင်များအတွက် အမှန်တရားဖြစ်နေပေမဲ့ ဗုဒ္ဓဘာသာဝင်များ အတွက် လက်ခံနိုင်ဖို့ ခက်ယဉ်းနေခြင်းပါ။ ထာဝရဘုရားသခင်ကို မယုံကြည်တဲ့ အခြားဘာသာဝင် တစ်ယောက်ရဲ့အသက်ကို ဇိဝိန်ချွေခြင်းဟာ ဘာသာရေးကုသိုလ်ဖြစ်တယ်ဆိုတဲ့ အယုံအကြည်မျိုးကို အခြား ဘာသာဝင်များအတွက် ဘယ်လိုနည်းနှင့်မှ လက်ခံနိုင်မည်မဟုတ်ပါ။
မြန်မာနိုင်ငံတော်ဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ သို့သော် ဗုဒ္ဓ၀ါဒကို လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓ၀ါဒီတို့ဟာ ငြိမ်းချမ်းခြင်းဟာ ဘာသာတရားများရဲ့ ဓမ္မအမြူတေလို့ လက်ခံထားကြ ခြင်းပါ။ ငြိမ်းချမ်းစွာနေလိုတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ မွေးရာပါ အသိလို့ပင် ဆိုနိုင်ခြင်းပါ။ ကိုယ်ယုံကြည်ရာကို လက်ခံခြင်းအတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့် ဘာပြဿနာမှ မရှိနိုင်ပါ။ သို့သော် အနည်းစုက အများစုကို အနိုင်ကျင့်ချင်တာမျိုး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသုံးချပြီး ဘာသာရေးအမြတ်ထုတ်ချင်တာမျိုးတို့ကို တွေ့ရလျှင်တော့ ဗုဒ္ဓဘာသာဝင်များဟာ သည်းခံနိုင်စွမ်း စွမ်းရည်များအားနည်းနေခြင်းကို တွေ့ရခြင်းပါ။ စိတ်ဝင်စားစရာပါ။
သို့သော် မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြတာကတစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကြီး မြန်မာနိုင်ငံ၌ ပီပီပြင်ပြင် ကျင့်သုံးစေချင်တာကတစ်ကြောင်း ဤသို့သော အကြောင်းများကြောင့် လူ့အခွင့်အရေးများ လေးစားလိုက်နာနေကြခြင်းပါ။ သို့သော် ဆူညံစွာကျင်းပလေ့ရှိတဲ့ ဘာသာရေးပွဲတော်များ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြဖို့ကိုတော့ လေးလေးနက်နက် တိုက်တွန်းလိုခြင်းပါ။
အနှစ်ချုပ်၍ဆိုရသော် မြန်မာနိုင်ငံတွင်းမှာမှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးတို့သည် လူ့အခွင့်အရေးများကို ကိုယ်တိုင်လည်း လေးစားလိုက်နာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၏ အနှစ်သာရများကို ကိုယ်တိုင်လည်း သိနားလည်အောင် ကြိုးစားကြခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ငြိမ်းချမ်းစွာ အရောက်လှမ်းနိုင်ကြဖို့ပါ။ ဆိုလိုရင်းက ကိုယ်တွင်းငြိမ်းချမ်းမှ နိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းမှာမို့ လူအခွင့်အရေးများကို လေးစားလိုက်နာလျှက် ကိုယ်ယုံကြည်ရာ ဘာသာတရားကို ပြည်သူ၊ ပြည်သားတိုင်း ငြိမ်းချမ်းစွာဖြင့် လိုက်နာကျင့်သုံးနေထိုင်နိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ ဒေါက်တာဓမ္မပိယ (ITBMU)
(မိုးမခယူကျု ဗီဒီယိုတွင် “ဗုဒ္ဓဂုဏ်ရည် ရုပ်သံမှတ်တမ်း”က အဆိုပါပြောဆိုချက်များကို ထုတ်နှုတ် ဝေဖန်ပြထားသည်ကို တွေ့နိုင်ပါသည်။ ရွှေည၀ါဆရာတော်၏ ဓမ္မခရီးစဉ်တွင် ယူဆောင်လာသည့် အခွေကို ကူးယူတင်ဆက်လိုက်ပါသည်။ (မိုးမခ))
[1] Freedom of religion is a principle that supports the freedom of an individual or community, in public or private, to manifest religion or belief in teaching, practice, worship, and observance; the concept is generally recognized also to include the freedom to change religion or not to follow any religion.
Comments