အမေရိကန် လက်ထောက်ဝန်ကြီး ၄ ဦး ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၁၀၊ ၂၀၁၂

ပဋိပက္ခကာလအတွင်း တွေ့ရသည့် စစ်တွေမြို့တနေရာ (ဓာတ်ပုံ - ခင်မောင်ဝင်း/AP)
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှု ထောက်ပံ့ရေး အခြေအနေမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိသည်ဟု အမေရိကန် လက်ထောက် ၀န်ကြီး ၄ ဦးပါဝင်သည့်
ကိုယ်စားလှယ်အဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် စေလွှတ်လိုက်သည့် ထိုကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၂ ရက်ကြာ လေ့လာခဲ့ပြီးနောက် ထိုသို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
"လူ့အဖွဲ့အစည်းနှစ်ခုစလုံး ကြီးကြီးမားမား ထိခိုက်မှု ရှိနေပြီး လူသားချင်းစာနာ ထောက်ပံ့ရေး အခြေအနေက စိုးရိမ်စရာကောင်းလွန်းနေဆဲဖြစ်ပါသည်" ဟု ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။
၎င်းတို့အဖွဲ့သည် စစ်တွေမြို့ အပါအ၀င် မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့သို့ သွားရောက်လေ့လာပြီး အလွှာပေါင်းစုံနှင့် ထိတွေ့ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
"ရေရှည်တည်တံ့ပြီး တရားမျှတမှုရှိရှိ ဖြေရှင်းဆောင်ရွက်ရန် အခြေခံအုတ်မြစ်ကိုလည်း ချရပေမည်" ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရေးထားသည်။
ဝါရှင်တန်မှ စေလွှတ်လိုက်သော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၄ ဦးသည် ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Comments