Kyaw Home - History is smart and we are not stupid
သမိုင်းက မအ သလို  ပြည်သူတွေကလဲ ငန မဟုတ်ပါဘူး
ကျော်ဟုန်း ၊စက်တင်ဘာ ၈၊  ၂၀၁၂
ခုတလော  ပြည်တော်ခဏပြန် လေ့လာရေးအဖွဲ့ တွေနဲ့ ပတ်သက်ပြီး  ပြည်တွင်း ပြည်ပတွေမှာ အသံတွေကြားနေရပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ် ရေးသားကြတဲ့ face book က အမြင်တွေရော၊ ပြည်တွင်း သတင်းမီဒီယာသမားတချို့ ရဲ့ အတွေ့အမြင် အရေးအသားတွေရော၊  ပြည်ပရှိ တော်လှန်ရေးနယ်ပယ်က သူတွေရော၊  ပြည်ပက နိုင်ငံရေးနယ်ပယ်ရှိ သူတွေရော၊
ပြည်ပမီဒီယာဌာနကြီးတွေရဲ့ တွေ့ ဆုံမေးမြန်းခန်းတွေမှာရော ပြည်တော်ပြန်တွေရဲ့အကြောင်းနဲ့ပတ်သက်လို့  အတော် ဆူဆူ ညံညံကြားနေရတာပါ။
သရုပ်ခွဲလေ့လာကြည့်တဲ့အခါ တချို့ က ကိုမိုးသီးဇွန်တို့ အဖွဲ့  ပြည်တော်ပြန်တာ အချိန်စောလွန်းသေးတယ်ပြောတဲ့သူရှိတယ်။
သူတို့ အဖွဲ့ ရဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တွေ မေးမြန်းချက်ကို  ပြန်လည်ဖြေကြားတဲ့  စကားရပ်တွေ   အပေါ်မှာ နေထိုင်ခွင့်(၂၁)ရက်ထဲနဲ့  သူတို့ ပြောတဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတို့ ၊ လူသားရင်းမြစ်  တိုးတက်ရေးကိစ္စတို့ ၊ စတဲ့ ခေါင်းစဉ်ကြီးကြီးတပ်ထားတဲ့ ကိစ္စတွေကို သူတို့ လုပ်နိုင်ပါ့မလားလို့  သံသယအတွေးတွေကို အရင်းခံပြီး  ထင်မြင်ယူဆ ရေးသားပြောဆိုနေတာတွေလဲ တွေ့ ရပါတယ်။
နောက်ပြဿနာတခုက  မြောက်ပိုင်း ပါဂျောင် အစုလိုက် အပြုံလိုက် ညှဉ်းပမ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး  ABSDF ရဲ့  ဥက္ကဋ္ဌဖြစ်ခဲ့ဖူးကြတဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ ကို တာဝန်ရှိတာမို့  ရှင်းလင်းဆွေးနွေးလို၊ တရားစွဲလိုတဲ့ ကိစ္စကလဲ ရှိနေပြန်ပါသေးတယ်။  ဒီကိစ္စကို တစွန်းတစ သိထားတဲ့ ပြည်တွင်း(၈၈)မျိုးဆက်တွေမှာလဲ  သူတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်
ဖူးတဲ့  မိုးသီးဇွန်ကို ကြိုဆိုသင့်ရေး မသင့်ရေး မဲခွဲဆုံးဖြတ်ခဲ့တဲ့အထိဖြစ်တာလဲ ကြားရပြန်ပါတယ်။  (၈၈) ရဲဘော်ချင်းတောင်မှ နွေးနွေးထွေးထွေး မကြိုနိုင်ကြတော့ဘူးလားတို့ ၊ လူသတ် ထောင်ချလုပ်ခဲ့တဲ့  စစ်အစိုးရကိုတောင် ပြုံးပြီးလက်ဆွဲ နှုတ်ဆက် နိုင်သေးတာတို့ ဆိုပြီး ပြည်ပက တချို့ သောသူတွေရဲ့ ဝေဖန်သံတွေလဲကြားနေရပါတယ်။
ပြည်တွင်းမီဒီယာမမတယောက်ကလဲ ကိုမိုးသီးဇွန်အဖွဲ့ ကို သတင်းလိုလိုနဲ့ အတင်း ရေးတယ်တို့ ဆိုတဲ့ အသံများလဲ ကြားနေ ရပါသေးတယ်။ နောင်ကျရင် နိုင်ငံခြားသားဖြစ်သွားရတဲ့ ပြည်ပရောက်ဒီမိုတွေကိုလဲ စော်ကားလာနိုင်တယ်လို့ ရင်လေးနေသူများလဲ ရှိပါတယ်။  ကိုမိုးသီးတို့ အဖွဲ့  ရန်ကုန်လေဆိပ်အရောက်မှာ လာကြိုဆိုတဲ့ ပြည်တွင်းနိုင်ငံရေးပါတီတဖွဲ့ ရဲ့ banner ပါ
“ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  မိုးသီးဇွန်ကို  ကြိုဆိုပါ၏” စာတမ်းကြောင့်ရယ်၊  ယုဇနဟိုတယ်က သတင်းစာရှင်းလင်းပွဲမှာ “Welcome Back Lion MoeThee” စာတမ်းပါbanner ကြောင့်ရယ် ဝေဖန်သံတွေလဲ ညံထွက်လာပါသေးတယ်။ ABSDF က ရဲဘော်ဟောင်းတချို့ ရဲ့  သူတို့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ  ကိုမိုးသီးနဲ့  ကိုနိုင်အောင်တို့ လှစ်ဟာချက်တွေကြောင့်  ခံစားခဲ့ရမှုနဲ့ 
ပေါက်ကွဲသံစဉ်တွေဟာလဲ သက်ဆိုင်ရာ ဖေ့စ်ဘုတ်တွေမှာ လှိုင်းထ သည်းထန်နေပါတယ်။
ကိုမင်းကိုနိုင်နဲ့ မစုစုနွေးအတွက် နော်ဝေးနိုင်ငံက ချီးမြှင့်ထားတဲ့ ဂျွန် ဟမ်းဖရီးဆုကို ယူဆောင်ပေးအပ်သူ ဒေါက်တာသောင်းထွန်းကိုလဲ သူဟာ NCGUB ရဲ့ ခွင့်ပြုချက်မရဘဲ သူ့ သဘောနဲ့ သူ လုပ်ဆောင်တာဖြစ်ကြောင်း၊ NCGUB နဲ့ TBF အဖွဲ့ မှထုတ်ပယ်ထားပြီးဖြစ်လို့  NCGUB ကိုယ်စားပြုမဟုတ်ကြောင်းကိုလဲ ၁၉၉၀ ရွေးချယ်ခံအမတ်ဟောင်းတဦးသူ ဒေါက်တာတင့်ဆွေရဲ့                                     ရှင်းလင်းချက်စာစုကို ဖတ်မိလိုက်ရပါသေးတယ်။
ပြည်တော်ပြန်များဖြစ်ကြတဲ့  ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်အဖွဲ့ ၊  လူဘောင်သစ် ကိုအောင်မိုးဇော်၊  ဦးဟန်ညောင်ရွှေ၊ ဒေါက်တာသောင်းထွန်း စတဲ့သူများမှာ  သူ့ သမိုင်းနဲ့ သူ ရှိခဲ့သလို  သူ့ အမှားတွေနဲ့ သူ ရှိခဲ့ဖူးသူများလဲ  ဖြစ်ကောင်း ဖြစ်ပါ  လိမ့်မယ်။ ဆိုလိုတာက အမှားပဲ ရှိခဲ့ ရှိခဲ့၊ အမှန်ပဲ ရှိခဲ့ ရှိခဲ့၊ ပုဂ္ဂိုလ်ရေး ချို့ ယွင်းမှုတွေပဲ ရှိခဲ့ ရှိခဲ့ တချိန်မှာ သမိုင်းကစစ်တမ်း  ကောက်ထုတ်သွားပါလိမ့်မယ်။
ဦးသိန်းစိန် အစိုးရဘက်ကို ကြည့်ပြန်ရင်လဲ  ပြည်သူမကြိုက်တဲ့ ဝန်ကြီးအပြောင်းလဲတွေ လုပ်ပြတာ၊  တရားစီရင်ရေးအဖွဲ့ ကို မဲခွဲဆုံးဖြတ်ပြီး ဖြုတ်ချတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့  စေ့စပ်ဆွေးနွေးရေးတွေလုပ်နေတာတွေ မြင်နေရတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတာကို အကြွင်းမဲ့မယုံနိုင်သေးပေမယ့် သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပြည်ပကလူတွေကိုဖိတ်ခေါ်မှုမှာ  လူရွေးဖိတ်ခေါ်မှုဖြစ်ပြီး  အဖွဲ့ အစည်းများ ကိုယ်စားပြု ဖိတ်ခေါ်မှု မဟုတ်တဲ့အတွက် စဉ်းစားစရာလို့  ဝေဖန်ထောက်ပြမှုတွေလဲ  ရှိလာပါတယ်။  Black List မှ  ပယ်ဖျက်ကြောင်း ကြေညာချက်ကလဲ  စည်းဝါးကိုက်ထားသလိုဖြစ်နေတယ်။ အချိန်ကိုက် စီမံထားသလို ဖြစ်နေတာကြောင့် ဘယ်လို ကစားသလဲဆိုတာ စောင့်ကြည့်အကဲခတ်သူတွေ
မလွန်ဘူး ထင်ပါတယ်။ 
ဘာပဲဖြစ်ဖြစ်  ခြုံငုံလိုက်လို့ ရှိရင် ဦးသိန်းစိန် အစိုးရကတော့  မြားတစင်းနဲ့  ငှက်နှစ်ကောင်ပစ်နိုင်တဲ့ မြားဘုရင်ဘွဲ့ ပေးရမလိုဖြစ်နေပါပြီ။  ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများကို သွေးခွဲ ပြိုလဲအောင်လုပ်ခြင်းတရပ်လို့ လဲ ထင်ပါတယ်။  တနည်းအားဖြင့် ပြည်ပဒီမိုအင်အားစုတွေ ညီညွတ်မှု ဘယ်လောက်ရှိလဲဆိုတာကို  သွေးထိုးစမ်းခြင်း တရပ်လို့ 
ကောက်ချက်ချနိုင်ပါသေးတယ်။  ဒါကြောင့်မို့  အရာရာသတိရှိဖို့ ၊ မှိုင်းမမိဖို့ ကိုလဲ  တိုင်းပြည်ချစ်တဲ့သူတိုင်းက  သတိချပ်ရမှာ ဖြစ်ပါတယ်။
            ပြည်တော်ပြန်တွေထဲက ပြောတာတွေရှိပါသေးတယ်။ ကျနော်တို့ ကို အစိုးရက လုပ်ခွင့်ပေးရင် တိုင်းပြည်အတွက်လုပ်ချင်ပါတယ်ဆိုတော့  ဘယ်တုန်းကများ  စစ်အစိုးရက လုပ်ခွင့်ပေးဖူးလို့ လဲ မေးစရာဖြစ်နေပါတယ်။ လုပ်ခွင့် မပေးရင်ကော ဘယ်လို ဆက်လုပ်မလဲ၊ ဘေးထိုင် ဘုတောလုပ်မှာလား။  ပြည်ပရောက် ပညာရှင်တွေ ဖိတ်ခေါ်ပါတယ်၊ နိုင်ငံခြားသားဖြစ်သွားသူ
တွေကို PR ထုတ်ပေးနိုင်အောင် စီစဉ်နေပါတယ်ဆိုတာတွေက တရားဝင်မဟုတ်သေးတော့ ယုံရခက်ကြီးပါပဲ။
နောက်တခုပြောချင်တာက ပြည်ပ ဒီမိုအင်အားစုများကလဲ ပြည်တွင်းက အသိအမှတ်မပြုမှာ၊ ချန်လှပ်ထားမှာတွေကို စိုးရိမ် နေစရာမလိုပါဘူး။ စကတည်းက နေရာလိုချင်လို့ ၊ ကိုယ်ကျိုးကြည့်ပြီ့း နိုင်ငံရေး တော်လှန်ရေး လုပ်ခဲ့တာမဟုတ်ရင် လိပ်ပြာသန့် နိုင်ပါတယ်။ ပြည်တော်ပြန်တွေအတွက်လဲ မစိုးရိမ်ပါနဲ့ ။ ပြည်သူနဲ့ ပြည်တွင်း ဒီမိုတွေက မအပါဘူး။ တိုင်းပြည်အတွက် လူထုအတွက် တကယ်လုပ်နိုင်ရင် စင်တော်က ကောက်သွားမှာပါ။ ကိုယ်ကျိုးအတွက်ရှေးရှုခဲ့ရင်တော့  စင်တော်က တောက်ချခံရမှာ မလွဲပါဘူး။  ပြည်တွင်းက ဒီမိုအင်အားစုများကလဲ အနားကပ်လာတဲ့ အလှူရှင်တွေကို  တိုင်းပြည်အတွက်ကြည့်ပြီး တို့ ကို ထောက်ပံ့တာလား၊ အသုံးချမှာလားဆိုတာကတော့ ကွဲကွဲပြားပြားသိနားလည်ပြီး သတိထားနိုင်ဖို့ အရေးကြီးပါတယ်။
အရေးကြီးဆုံးကတော့ ပြည်တွင်းပြည်ပ ညီညွတ်ဖို့ ၊ ညှိနှိုင်းအကွက်ရွှေ့ နိုင်ဖို့ ပါပဲ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု)က
“ ဒီမိုကရေစီရဲ့ အဓိက အန္တရာယ်ကတော့ အချင်းချင်း အပြိုင်အဆိုင် လုပ်မယ်၊ အချင်းချင်း မနာလိုဖြစ်မယ်၊ တယောက်တိုးတက်တာ တယောက် မနာလို မရှုစိမ့်ဖြစ်နေမယ်ဆိုရင် ဒီမိုကရေစီစနစ်
ဟာ  အောင်မြင်သင့်သလောက် အောင်မြင်မှာ မဟုတ်ဘူး”လို့  မိန့် မှာဖူးပါတယ်။
တိုင်းပြည်ကောင်းကျိုးလုပ်ကြတဲ့အခါ  ပြည်တွင်းဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ်၊ ပြည်ပဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ် အမေစုပြောခဲ့ဖူးသလို
“ ခံစားချက်နဲ့ မလုပ်ဘဲ ခံယူချက်နဲ့ လုပ်ဖို့ ” လိုပါတယ်။
အဲ့သလို ခံယူချက်နဲ့ လုပ်ရင် ပြည်တွင်းပြည်ပ မကွဲ၊ အုပ်စုတွင်း မကွဲဘဲ ညီညွတ်မှုတည်ဆောက်လာနိုင်လိမ့် မယ်လို့  ယုံကြည်ပါတယ်။
ဘယ်သူမဆို တိုင်းကျိုးပြည်ကျိုးလုပ်တဲ့အခါမှာ  တိုင်းပြည်နဲ့ လူမျိုး အားကိုးလောက်တဲ့ ထိရောက်မှုမျိုးလုပ်နိုင်ခဲ့ရင်၊ ပြည်သူ အများက လက်ခံနိုင်အောင် လုပ်နိုင်ခဲ့ရင် သမိုင်းတင်သွားမှာပါ။ ဒီနေ့  မြန်မာပြည်သူတွေဟာ ခံရတာများလို့  ပြည်ဝစွမ်းရည် ရှိနေကြပါပြီ။  ဟိုတုန်းက ကိုယ့်အလုပ်ကိုပဲ အေးအေးဆေးဆေးလုပ်ရရင်  ကျေနပ်နေတတ်တဲ့  တောင်သူလယ်သမားများနဲ့ 
အလုပ်သမားများဟာ  ဒီနေ့  မတရားမှုတွေကို  ရဲရဲရင့်ရင့်  သူတို့ ဖာသာသူတို့   ဆန္ဒပြရဲလာကြပါပြီ။  ခေါင်းဆောင်ကောင်း ဘယ်သူဆိုတာတွေကိုလဲ  သူတို့ သိမြင်နေပြီးသားပါ။  ပူးကပ် ထိတွေ့နေကြပါပြီ။
ဒါကြောင့် ပြည်တွင်း ပြည်ပ ဘယ်သူမဆို စေတနာမှန်မှန်နဲ့ သာ တိုင်းပြည်အတွက်လုပ်ပါ။ စေတနာနဲ့ လုပ်ဆောင်ချက်မှန်ရင် မှန်တဲ့အလျှောက်၊ မှားရင်လဲ မှားတဲ့အလျှောက် ပြည်သူက သိပါတယ်။  လက်တွေ့ မပါဘဲ စကားလုံးတွေနဲ့  တိုင်းပြည် တည်ဆောက်လို့ မရပါဘူး။ သမိုင်းက မအသလို မြန်မာပြည်သူတွေကလဲ ငနတွေ မဟုတ်ဘူးဆိုတာကို သိထားစေချင်ပါတယ်။   ။
Comments