Kyaw Thu - FFSS Yangon Activity,

အမြန်ဆုံး ကျန်းမာပါစေ
နာရေးကူညီမှုအသင်း (ရန်ကုန်)
စက်တင်ဘာ ၁၈၊ ၂၀၁၂


၁၆.၉.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါး ကုသမှုခံယူနေသော လူတစ်ဦးဖြစ်သူ မသီတာဝင်း အသက် (၁၈) နှစ်သည် အသည်း၌ကျောက်တည်နေကြောင်း ဆရာဝန် ဒေါ်သက် သက်လှိုင် စစ်ဆေးမှုအရ အရေးပေါ်အဖြစ်ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့်အတွက် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် သုခ ကုသိုလ်ဖြစ်ဆေး ခန်းမှ အင်းစိန်မြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းများ လိုက်ပါ လျှက် ပို့ဆောင်ပေးခဲ့ကြသည်။



လူနာ မသီတာဝင်း၏ မိခင်ဖြစ်သူ ဒေါ်မိုးခိုင်မှ “ကျွန်မတို့က ဟင်္သာတမြို့၊ တံတားတန်း လယ်တောကုန်းကျေးရွာကနေ လှိုင်သာယာကိုလာပြီး ကြုံရာအလုပ်လုပ်ပြီး နေ့စားဘဝနဲ့ ရပ်တည်နေရတာပါ။ အခုသမီးက ခွဲရစိတ်ရမယ်ဆိုတော့ လက်ထဲမှာလည်း ပိုက်ဆံမရှိဘူး။ ဘာလုပ်ရ မယ်မှန်းလည်း မသိတော့ဘူး။ နာရေးကူညီမှုအသင်း (ရန်ကုန်) က အခုလိုကူညီပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူနာ (၂ဝဝ) ဦးခန့်အား နေ့စဉ် (အခမဲ့) ကုသပေးလျှက်ရှိသည့်အပြင် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံ (၈) ရုံနှင့် ချိတ်ဆက်၍ ချို့တဲ့နွမ်းပါး၍ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်ကုသမှုကုသိုလ် (ခွဲစိတ်ခန်းစရိတ်) လှူဒါန်းခြင်းဖြင့် တစ်ကြိမ်တည်း အသက်နှစ်သက် ကယ်တင်ရသောကုသိုလ်၊ အရေးပေါ် ခွဲစိတ် ကုသမှုခံယူရန်လိုအပ်သော ဆင်းရဲချို့တဲ့သည့် အထွေထွေခွဲစိတ် ကုသပေးမှုများအတွက် ကျား/မ လူနာမရွေး ခွဲစိတ်ခန်းစရိတ်ကုသိုလ်ယူ ကူညီလျှက်ရှိပါသည်။ ထို့ကြောင့် လူနာ မသီတာဝင်း (၁၈) နှစ်အားလည်း သုခကုသိုလ်ဖြစ်ဆေးခန်း၏ သတ်မှတ်ထားသော ဆေးကူညီမှု လုပ်ဆောင်ချက်များအတိုင်း လိုအပ်သောအကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ပြီး မသီတာဝင်း အမြန်ဆုံးကျန်းမာပါစေဟု နာရေး ကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

Comments