တက္ကဆက်၊ အမာရီလိုမြို့ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာအသင်း ပြန်လည်ဖွဲ့စည်း
မိုးမခအထောက်တော် (အမာရီလို)၊ အောက်တိုဘာ ၉၊ ၂၀၁၂
အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ နှစ်ပတ်လည် ဖွဲ့ စည်းပုံ စည်းမျဉ်းပြင်ဆင်အတည်ပြုရေးနှင့်ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတရပ်ကို အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းဝင်းအတွင်းရှိ ဇေယျသုခ ဓမ္မရိပ်သာ ခန်းမတွင် နေ့ လည် ၁ နာရီမှ ညနေ ၅ နာရီထိ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အသင်းကို အမာရီလိုမြို့ မှ မြန်မာတိုင်းရင်းသားပေါင်းစုံတို့ က ပိုမိုစည်းလုံ ညီညွတ်စွာ ဘာသာ သာသနာအရေးကို ဆောင်ရွက်နိုင်ရန် အလို့ ငှာ ဖွဲ့ စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
အသင်း၏ စည်းမျဉ်းပြင်ဆင်အတည်ပြုရေးနှင့်ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပရခြင်းနဲ့ ပတ်သက်၍
“အသင်းရဲ့ ဖွဲ့ စည်းပုံ စည်းမျဉ်းစည်းကမ်းအရ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေကို တနှစ်တခါ ရွေးချယ် တင်မြှောက်ကြရတာဖြစ်ပါတယ်။ မိသားစုတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ပညာရေးကိစ္စတွေကြောင့် အသင်းကြီးမှာ ဆက်လက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့တဲ့ ပုဂ္ဂိုလ်တွေရဲ့  နေရာမှာ အရွေးကောက်ခံ တာဝန်ယူ ထမ်းဆောင်နိုင်ကြမယ့် မျိုးဆက်သစ်လူငယ်တွေကို ရွေးချယ်တင်မြှောက်ကာ အားအင်သစ်တွေနဲ့ ပြန်လည်ဖွဲ့ စည်းခဲ့ကြတာပါ” ဟု အသင်း၏ ဥက္ကဌ ဦးညီညီက မိုးမခသို့ ပြောသည်။
“အတ္တဟိတနှင့် ပရဟိတကို ချင့်ချိန်ပြီးတော့ ဘာသာ သာသနာအကျိုး၊အများအကျိုးကို နည်းမှန်လမ်းမှန်နဲ့  ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေက ၀င်ရောက်ယှဉ်ပြိုင် ရွေှးရှယ်တင်မြှောက်ခံခဲ့ကြတာဖြစ်ပါတယ်” ဟု အသင်း၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုချစ်ဆွေက မိုးမခသို့ ဆက်လက်ပြောကြားသည်။
အမာရီလိုမြို့ ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသ အသီးသီးမှ သီလ၊သမာဓိ၊ပညာ၊အသက်၊သိက္ခာနှင့်ဂုဏ်ရှိန်ကြီးမားသည့် နိုင်ငံကျော် ဓမ္မကတိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ တွင်လည်း နိုင်ငံအကျော်အမော် ဆရာတော်တစ်ပါးဖြစ်သည့် ရွေည၀ါဆရာတော် အရှင်ပညာသီဟ ကြွရောက်လာမည်ဖြစ်ပြီး သစ္စာဓမ္မ တရားပွဲသဘင်ကျင်းပ၍ တရားဟော တရားပြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အမာရီလိုမြို့သည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများဖြစ်ကြသည့် ကချင်၊ကယား၊ကရင်၊ချင်း မွန်၊ဗမာ၊ရခိုင် ရှမ်း ပအိုဝ့် ပလောင် အစရှိသည့် တိုင်းရင်းသားပေါင်းစုံတို့ ချစ်ခင်ရင်နှီးစွာ အတူတကွ မှီတင်းနေထိုင်ကြသည့် မြို့ တစ်မြို့ ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
Comments