ဘိုလိင်းဂရင်းမြို့က အပြည်ပြည်ဆိုင်ရာပွဲတော်
မိုးမခအထောက်တော် (ကဲင်တပ်ကီပြည်နယ်)
အောက်တိုဘာ ၃၊ ၂၀၁၂
ဒီနှစ်ပွဲတော်မှာတော့ နိုင်ငံပေါင်း ၃၀ ကျော်ကိုကိုယ်စားပြုတဲ့ ပြခန်းတွေအပြင် နိုင်ငံအလိုက် ယဉ်ကျေးမှုအနုပညာ တီးမှုတ်၊ သီဆို၊ ကပြ တာတွေလည်းရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အစားအသောက်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချ၊ကြတာ တွေ့ရပါတယ်။
ဘိုလိင်းဂရင်းမြို့မှာနေထိုင်ကြတဲ့ မြန်မာပြည်ဖွား ကရင်၊ ကယား (ကရင်နီ)၊ ချင်း၊ မြန်မာတွေကလည်း စုပေါင်းပြီး မိမိတို့ရိုးရာ၊ ဓလေ့၊ ထုံး စံ၊ အ၀တ်အစား၊ အသုံးအဆောင် ၊ဘာသာ၊ စကား၊ ယဉ်ကျေးမူဆိုင်ရာ၊ ပြကွင်းပြကွက်တွေအပြင်၊ တိုင်းပြည်ရဲ့သမိုင်းအကျဉ်းချုပ်နဲ့ နိုင် ငံရေး၊ စီးပွားရေး၊ လူမျိုးစုရေးရာ စတာတွေကိုဖေါ်ထုတ်တဲ့ မြန်မာပြည်ပြခန်း (Burma Booth) ကိုလည်း တင်ဆက်ခဲ့ပါတယ်။
ယဉ်ကျေးမှုအနုပညာဖျော်ဖြေရေးအပိုင်းမှာတော့၊ ကရင်အမျိုးသား/သ္မီးများက၊ ကောက်ရိပ်ပွဲအက၊ “ကရင်ပြည်နယ်က ကြိုဆိုနေပါတယ်’’ အက၊ နှစ်သစ်ကူး ကရင်ဒုံးအက၊ ကယားအဖွဲ့က ကယားအမျိုးသ္မီး/သားများရိုးရာအက၊ ချင်းအဖွဲ့က ၀ါးညှပ်အက၊ မြန်မာတွေက တပင် တိုင်အက၊ မြနန္ဒာ သင်္ကြန်ယိမ်းအကများနဲ့ ပရိဿတ်တွေကို ဖျော်ဖြေတင်ဆက်ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ၊ ပွဲတော်ပြုလုပ်ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့၊ ဘိုလိင်းဂရင်းမြို့မှာနေထိုင်ကြတဲ့ နိုင်ငံခြားတိုင်း ပြည်များက၊ လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံ၊ ဘာသာစကား စတာတွေကို မြို့ခံနဲ့ အနီးပတ်ဝန်းကျင်၊ ပြည်နယ်တွေမှာနေထိုင်ကြတဲ့ အမေရိကန်ပြည်သူပြည်သားတွေ ထိတွေ့နားလည်သဘောပေါက် လေးစားလာကြရာကတဆင့်၊ လူမျိုးအချင်းချင်း ပိုမိုခင်မင်ရင်းနှီးမှု၊ နား လည် ပူးပေါင်းဆောင်ရွက်မှု စတာတွေ တိုးတက်ဖြစ်ထွန်းပေါ်ပေါက်လာဖို့ပဲဖြစ်ပါတယ်။
ပွဲတော်မှာတင်ဆက်ခဲ့တဲ့ တိုင်းရင်းသားများအကများနဲ့ မြန်မာပြည်ပြခန်းဆိုင်ရာဓာတ်ပုံများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
Comments