Aung Din resigned from USCB but remains for the Burma Cause


US Campaign for Burma မှ ကိုအောင်ဒင် နှုတ်ထွက်
မိုးမခအထောက်တော် ၀၀၁၊ နိုဝင်ဘာ ၂၀၊ ၂၀၁၂
မြန်မာပြည်ဒီမိုကရေစီ လှုံ့ဆော်မှုပြုလုပ်သည့် ထင်ရှားသော အမေရိကန်အဖွဲ့အစည်းတခုဖြစ်သည့် US Campaign for Burma က ဦးဆောင်သူတဦးဖြစ်သော၊ ပေါ်လစီဒါရိုက်တာတာဝန်ခံ ကိုအောင်ဒင်သည် နိုဝင်ဘာ ၂၀ ရက်နေ့စွဲဖြင့် ၎င်းအဖွဲ့အစည်းက နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၀၃ ခုနှစ်က စတင်ပြီး မြန်မာပြည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ရေးအတွက် နိုင်ငံတကာတွင် လှုံဆော်မှုများ၊ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် ကိုအောင်ဒင်နှင့်  Jeremy Woodrum တို့ စတင်ထူထောင်ခဲ့သော ၀ါရှင်တန်ဒီစီအခြေစိုက် US Campaign for Burma အဖွဲ့မှ ယခု ၉ နှစ်ကြာ တာဝန်ယူခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်နှုတ်ထွက်ကြောင်း ၎င်းကိုယ်တိုင်ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ကိုအောင်ဒင်သည် USCB လှုပ်ရှားမှုများဖြင့် မြန်မာစစ်အစိုးရနှင့် အပေါင်းအပါများကို နိုင်ငံတကာက ပိတ်ဆို့အရေးယူရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာပြည်တွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကို နိုင်ငံတကာမိသားစုများက သိရှိနားလည် ၀န်းယံရေးတို့ကို လှုံ့ဆော်စည်းရုံးမှုများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ၈၈ အရေးတော်ပုံကာလတွင် စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သော ကိုအောင်ဒင်သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားသမဂ္ဂများအဖွဲ့၏ ဒုဥက္ကဋ္ဌတဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၈၈ အရေးအခင်းနောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ရာ နိုင်ငံရေးအကျဉ်းသားအဖြစ် ၄ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။ လက်ရှိ မြန်မာပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ခေါင်းဆောင်များမှာ ၎င်း၏ မိတ်ဆွေများ၊ ရဲဘော်များဖြစ်သည်။
ယခုအချိန်တွင် အဆိုပါအဖွဲ့အစည်းမှ နှုတ်ထွက်လိုက်ပြီဖြစ်သော်လည်း မြန်မာပြည်၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ရေးအတွက် မိမိ၏ မူလနိုင်ငံရေး ရပ်တည်ချက်၊ ယုံကြည်ချက် နှင့် လှုပ်ရှားမှုများကို အပြောင်းအလဲမရှိ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ကိုအောင်ဒင်က မိုးမခသို့ ပြောကြားသည်။
၂၀၀၃ ခုနှစ် မိုးမခမီဒီယာကို စတင်ထူထောင်စဉ်က ကိုအောင်ဒင်သည် advisor and contributor တဦးအဖြစ် ရပ်တည်ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
(ဓာတ်ပုံ - ၂၀၁၂ NED ဒီမိုကရေစီအရေး ဆုပေးပွဲတွင် ဦးခွန်ထွန်းဦး၊ ဒေါ်စင်သီယာမောင်၊ ကိုကျော်သူတို့နှင့်အတူ ဂုဏ်ပြုခြင်းခံရသော ကိုအောင်ဒင်)

Comments

tintshwethiha said…
why did Aung Din resign from USCB?