making money in the hospital


ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အာရကေ ရှာနည်း
ဒေါက်တာစိုး

နိုဝင်ဘာ ၁၁၊ ၂၀၁၂

(ဒေါက်တာစိုး၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ကျွန်တော်တို့ရဲ့ "ရန်ကုန်ပြည်သူ့ဆေးရုံကြီး" ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။)
အမေစုက လွှတ်တော်မှာ ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ဖို့ အဆို တင်သွင်းတာ အောင်မြင်သွားပြီတဲ့… ၀မ်းသာပါတယ် အမေ… ဒါက ဖြစ်သင့်နေတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပါ… အမေစုက သူဆေးရုံမှာ လူနာ သွားကြည့်တုန်းက
မြင်တာတွေကို ပြောသွားတယ်… အမှန်တကယ် လိုအပ်တာတွေကို ထောက်ပြသွားတယ်… ဆရာဝန်တွေက စေတနာအပြည့်အ၀နဲ့ ကုသပေးနေတယ်… ဒါပေမယ့် လိုအပ်တဲ့ ဆေးပစ္စည်းကိရိယာတွေကတော့ လူနာတွေ အကုန်ယူလာရတယ် ဆိုတာလေးပါ ထည့်ပြောပေးသွားတာလည်း အခုလက်ရှိ မီဒီယာတွေရဲ့ ကောင်းမှုနဲ့ လူနာရှင်တွေရဲ့ အင်မတိ အင်မတန် နွေးထွေးတဲ့ ဆက်ဆံရေးကို ခံနေရတဲ့ အစိုးရဆေးရုံတွေက ဆရာဝန်တွေအားလုံး အားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်… ဒါပေမယ့် အမေစု မသိသေးတာတွေရှိသေးတယ်… အမေစုအပြင် မသိသေးတဲ့ လူတွေအားလုံးကို ကျွန်တော်ပြောပြချင်တာလေးတွေ ရှိပါတယ်…

 အမေစုက တိုင်းသိပြည်သိ ကမ္ဘာသိလူတယောက် ဆိုတော့ အမေစုလာပြီ ဆိုတာကို ဆေးရုံကြီးနဲ့မဆိုင်တဲ့ အပြင်ကလူတွေကအစ သတိထားမိမှာ အသေအချာပါပဲ… ဒီတော့ အမေစုက သာမာန်လူတွေ ကြုံတွေနေရတဲ့ ဆေးရုံကြီးရဲ့ ၀င်းတံခါးမှာတခါ… ဆေးရုံကြီးအောက်ထပ်က ဂိတ်ပေါက်မှာ တခါ… လူနာဆောင် ၀င်ပေါက်မှာ တခါ ဆေးရုံဝန်ထမ်းတွေရဲ့ အင်မတန် နွေးထွေးတဲ့ ကြိုဆိုမှုတွေကို အလိုလိုလေး ကျော်ဖြတ်ပြီးသား ဖြစ်သွားပြီပေါ့ဗျာ… သာမန်လူတဦး ဆေးရုံကြီးကိုလာပြီ ဆိုရင် ၀င်းတံခါး အ၀င်ပေါက်မှာက ၅၀ိ- ဆေးရုံကြီးအောက်ထပ်မှာက ၅၀ိ- ကြုံရင်ကြုံသလိုလေး ပေးရပါတယ်… ဆိုလိုတာက မကြုံရင် မပေးရဘူးပေါ့ဗျာ… လူနာဆောင် ၀င်ပေါက် မှာကတော့ အခြေအနေတွေက ခုနက နေရာ ၂ ခုနဲ့  လုံးဝမတူတော့ပါဘူး… လူနာဆောင်ထဲက အခြေအနေပေါ် မူတည်ပြီးတမျိုး… ဧည့်တွေ့ချိန်ပေါ်မူတည်ပြီးတဖုံ… လာတွေတဲ့ လူဦးရေပေါ်မှာ တသွယ်… ကြုံကြုံ မကြုံကြုံ ပိုက်ဆံတောင်းပါတယ်… ပိုက်ဆံမပေးရင် မ၀င်ရပါဘူး… ကံမကောင်းရင် အလုပ်သမား အဟောက်တောင်ခံရပါသေးတယ်… ဒီတော့ ရန်ကုန် ဆေးရုံကြီးမှာ လူနာသွားကြည့်မယ်ဆိုရင် အ၀တ်အစား သန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်ရှိရပါတယ်… ကိုယ့်ပုံစံက ကြောက်သလိုရွံ့သလို ဖြစ်နေရင်တော့ သေချာပါတယ်… အဟောက်ခံ အဆဲခံ အပြောခံရမှာပါပဲ…

 ဒါက ဆေးရုံကြီးရဲ့ လူနာဆောင်တွေ ဘယ်မှာရှိတယ်… ဘယ်လို သွားရမယ် ဆိုတာကို သေချာသိတဲ့ လူတွေရဲ့ အခြေအနေလေးပါ… တကယ်လို့ လူနာဆောင်တွေ ဘယ်မှာရှိလဲ မသိတဲ့လူဆိုရင်တော့ လမ်းညွှန်ခလေးပါ အပို ထပ်ပြီး ပေးရပါတယ်… ဗမာလူမျိုး အလုပ်သမား ဆိုရင်တော့ ၂၀၀ိ- ပေးရပြီး ဗမာ မဟုတ်တဲ့ အလုပ်သမား ဆိုရင်တော့ ၅၀၀ိ-ပါ… မပေးချင်ဘူး ဆိုရင်တော့ သူတို့ရဲ့ ပေါက်ကရလမ်းပြပေးတာကို သွားရင်းသွားရင်းနဲ့ပဲ အချိန်တွေကုန်ပြီး လူနာဆောင် ရှာလို့ မတွေ့တာနဲ့ပဲ ပိုက်ဆံပေးပြီး လိုက်ပို့ပေးခိုင်းရတဲ့ အဖြစ်ကိုရောက်ပါတယ်… အလုပ်သမားနဲ့ မတွေ့ပဲ တခြား သဘောကောင်းတဲ့ လူမျိုးတွေနဲ့ တွေ့ခဲ့ရင်တော့ ဒါဟာ ကံကောင်းတဲ့ အခြေအနေပါ… ဒီပြဿနာကလည်း ဆေးရုံကြီးမှာ Information Centre (သို့) Inquiry လို့ခေါ်တဲ့ အလွယ်တကူ သိချင်တာကို မေးလို့မြန်းလို့ရတဲ့ နေရာ မထားပေးလို့ဖြစ်တာပါ… အမေစုကတော့ ဒီအခြေအနေကို မကြုံလိုက်ရပါဘူး… ဒါကလည်း အမေစုကိုးဗျ…

 အခုရေးသွားတာတွေက လူနာသတင်း လာမေးသူတွေနဲ့ လူနာစောင့်တွေ နေ့တိုင်းနေ့တိုင်း ကြုံတွေ့နေရတဲ့ အခြေအနေပါ… လူနာစောင့်တွေ လူနာတွေကြုံတွေ့ရတဲ့ နောက်ထပ်အခြေအနေတွေ ရှိပါသေးတယ်… အဲဒါကတော့ Wheel Chair (လူနာတင် တွန်းလှည်း) (သို့) Trolley (လူနာတင် တွန်းကုတင်) နဲ့ သွားရတဲ့ အချိန်အခါမျိုးတွေပါ…


 ပြင်ပလူနာဌာနကနေ လူနာဆောင်ကို လူနာကိုရွှေ့ရတော့မယ် ဆိုရင် ဆေးရုံကအလုပ်သမားကို ပိုက်ဆံပေးရပါတယ်… နောက် ဓါတ်မှန်၊ တီဗွီဓါတ်မှန် (Ultrasound)၊ Specialist Ward Show (အထူးကုဆောင် ဆရာဝန် သွားပြခြင်း)၊ လူနာဆောင်ပြောင်း အစရှိသဖြင့် လူနာရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး လူနာဆောင်ထဲကနေ ပြင်ပကို သွားရတဲ့ ကိစ္စတွေပါ… အလုပ်သမားတွေကို ပိုက်ဆံပေးပါတယ် ဆိုလည်းပဲ တွန်းပုံတွန်းနည်းက ကွာပါသေးတယ်… ရိုးရိုးလား၊ ပုံမှန်လား၊ ရှယ်လား၊ စပါယ်ရှယ်လား ဆိုပြီး ကွာပါတယ်… ရိုးရိုးက ၂၀၀ိ- ပုံမှန်က ၅၀၀ိ- ရှယ်က ၁၀၀၀ိ- စပါယ်ရှယ်က ၁,၅၀၀ိ- ပါ… ဒါကသူတို့ တာဝန်ပဲလေ ပိုက်ဆံမပေးပါဘူးဆိုတဲ့ လူနာကတော့ Wheel Chair နဲ့ ဆိုရင် ပြုတ်ကျမသွားအောင် ကိုင်ထားပေးတော့… Trolley ဆိုရင်တော့ ဘေးကပါလာတဲ့ လူနာစောင့်က မနည်း လိုက်ထိန်းရင်ထိန်း မဟုတ်ရင်လည်း  ဘုရားစာတွေ အကုန် ရွတ်တတ်ဖို့လိုပါလိမ့်မယ်… လူနာပြုတ်ကျ မသွားအောင်ပါ… Special ဆိုရင်တော့ လူနာက သိန်းထောင်ကျော်တန် မော်တော်ကားစီးနေရတဲ့အတိုင်း အသေအချာ သူတို့ တွန်းပို့ပေးပါတယ်… နောက် လူနာက သွေးသွင်းဖို့လိုလို့ သွေးဘဏ်မှာ သွားယူရတဲ့ အခါမျိုး၊ ဖောက်ထားတဲ့ သွေးကို ဓါတ်ခွဲခန်းကို သွားပို့ရတဲ့ အခါမျိုး၊ လူနာမှတ်တမ်းကို တခြား အဆောင်ကို သွားပို့ရတဲ့ အခါမျိုးတွေမှာလည်း သူတို့ကို ပိုက်ဆံပေးရပါတယ်… ဒါကို အမေစုသွားတွေ့တဲ့ လူနာက အမေစုကို ထည့်ပြောပေးလိုက်ပုံ မရပါဘူး… ဒါမှမဟုတ် အမေစုက တခြား အရေးကြီးတာတွေကို ပြောချင်လို့ တမင် ထည့်မပြောတာလည်း ဖြစ်မှာပါ… အမေစုကို အပြစ်ပြောခြင်း မဟုတ်ပါ… ကျွန်တော့်အမြင်ကိုသာ ရေးခြင်းပါ…

 ပြောပါဦးမယ် သူတို့ ဗမာလူမျိုး မဟုတ်တဲ့ အလုပ်သမားတွေ ဘယ်လောက်အထိ အသည်းမာနိုင်သလဲ ဆိုရင် နာဂစ်ဖြစ်တုန်းက ရန်ကုန် ဆေးရုံကြီးမှာ ဓါတ်လှေကားတွေ ပျက်သွားတာကြောင့် လူနာတွေကို သူတို့က ထမ်းတင်ပေးရပါတယ်… ပထမထပ်ဆို ၅,၀၀၀ိ- ဒုတိယထပ်ဆို ၈,၀၀၀ိ- ပေးရပါတယ်… မပေးနိုင်တဲ့လူနာတွေဆို လှေကားရင်းမှာပဲ ဒီအတိုင်း ချထားလိုက်ပါတယ်… လူနာစောင့်ကလည်း ပါလာတာကမှ ၂ ယောက် ဆိုတော့ ဘယ်လိုမှ ထမ်းမတင်နိုင်ပါဘူး… အမြင်မတော်တာကမှ တော်တော်ကြီးကို ဆိုးရွားတာပါ… ဆရာဝန်ကြီးတွေလာလို့ ဆူခံ ဆဲခံရမှ မသယ်ချင် သယ်ချင်နဲ့ သယ်ပေးပါတယ်… ဒါကလည်း ဆရာဝန်ကြီးတွေ ရှိတုန်းခဏပါ… နောက်တော့လည်း လူနာတွေက လှေကားရင်းမှာ ပြန်ပုံလာပြန်တာပါပဲ… လက်ထောက်ဆရာဝန်တို့ အလုပ်သင်ဆရာဝန်တို့ ဆိုတာ သူတို့မျက်လုံးထဲရှိတာ မဟုတ်တော့ သွားပြောရင် သူတို့ရဲ့ ဘုကြည့်ပြန်ကြည့်ခံရတာပဲ အဖတ်တင်ပါတယ်… အခြေအနေ မကောင်းရင် ပြန်အဟောက်တောင် ခံရပါသေးတယ်… ဒီနေရာမှာ ဗမာမဟုတ်တဲ့ လူမျိုးလို့ ကျွန်တော်သုံးရတာ ရန်ကုန်ဆေးရုံကြီးမှာ ဗမာအလုပ်သမားဦးရေက အင်မတန် နည်းတဲ့အတွက်က တကြောင်း… (ပြောမယ်ဆိုရင် မရှိသလောက်ပါပဲ)… နောက် “က” နဲ့ “လ” အက္ခရာစာလုံးကို သုံးပြန်ရင်လည်း သုံးပါတယ် ဆိုပြီး ဖြစ်နေကြမှာ စိုးတာတကြောင်းမို့ပါ… တခြား လူမျိုးရေးခွဲခြားချင်လို့ ဘာကြောင့်မို့ ညာကြောင့်မို့ မဟုတ်ပါဘူး… ကျွန်တော် ဒါတွေသိတယ်… ရေးနိုင်တယ် ဆိုတာကလည်း ကျွန်တော် သူတို့တတွေနဲ့ ထဲထဲဝင်ဝင်ကို ပြောဆို ဆက်ဆံ အပေါင်းအသင်း လုပ်ခဲ့လို့ပါပဲ… ဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ ရိုးရိုးလေးပဲ တွေးစေချင်ပြီး… ရိုးရိုးလေးပဲ ဖတ်သွားစေချင်ပါတယ်… ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့တဲ့ သူတွေ ဆေးရုံကြီးမှာ ကျွန်တော်နဲ့ တွေ့ရင် နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသောက်ဖို့ ခေါ်မြဲပါ… ကျွန်တော့်ဘက်ကလည်း နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသွားသောက်မြဲပါ… သူတို့ပြောနေကျ စကားတခွန်းရှိပါတယ်… “ဆရာနဲ့ အခုလို လက်ဘက်ရည် တူတူသောက်နေရတာ သူတို့အတွက် ထူးခြားကျေနပ်ရတဲ့ အချိန်ပါ” တဲ့… “ဆေးရုံမှာ ကျွန်တော်တို့လို လူမျိုးတွေနဲ့  ဘယ်ဆရာဝန်မှ လက်ဘက်ရည် အတူမသောက်ဘူး” တဲ့… ကျွန်တော်ဘာမှ မပြောလိုပါ… ကျွန်တော်လည်း ကျွန်တော့် ခံယူချက်နဲ့ ကျွန်တော် ဆိုတော့… ဒါတွေက ထားပါ…


  ရန်ကုန် ပြည်သူ့ဆေးရုံကြီးက အလုပ်သမားတွေ ဘာကြောင့် ပိုက်ဆံကို ဒီလောက်အထိ အသည်းအသန် မက်မောနေရပါသလဲ… အဖြေက သူတို့ဘ၀တွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်… ဘာလဲဆိုတော့ ဂိုဏ်းသင့်မှာ ကြောက်လို့ဖြစ်ပါတယ်… ဂိုဏ်းသင့်တယ် ဆိုလို့ စိတ်ထဲမှာ တမျိုးဖြစ်သွားပါသလား မိတ်ဆွေ… ဒါဟာ တကယ်ရှိနေတဲ့ စကားပါ…


 ဆေးရုံက အလုပ်သမားတယောက်ကို “မင်း ဂိုဏ်းသင့်သွားချင်သလား… ငါ မင်းတို့ရဲ့ အုပ်ကို ပြောလိုက်မယ်” ဆိုရင် သူတို့ အင်မတိ အင်မတန် ကြောက်ကြပါတယ်… ဘာကြောင့်လဲဆိုတော့ ဂိုဏ်းသင့်သွားတဲ့ အလုပ်သမားတယောက်က တော်တော်နဲ့ပြန်ပြီး ဂိုဏ်းသင့်တဲ့အပြစ်ကနေ မြန်မြန် မလွတ်နိုင်လို့ပါ… နောက်ထပ် ဂိုဏ်းသင့်မယ့် လူကို စောင့်ရပါတယ်…

ဂိုဏ်းသင့်တယ်ဆိုတာ ဘာပါလဲ…
ဂိုဏ်းသင့်တယ် ဆိုတာက အပေါ်မှာ ရေးသွားသလို လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ဘ၀ကနေ လူနာတွေနဲ့ ထိတွေ့ဆက်ဆံလို့ မရတော့တဲ့ နေရာကို အပြောင်းခံလိုက်ရတာကို ပြောတာပါ… ဘယ်လိုနေရာတွေလဲဆိုတော့ သန့်ရှင်းရေး၊ အာရကေမဲ့ဇုံ (ပိုက်ဆံမရတဲ့ နေရာ)၊ ပြာတာဇုံ (အုပ်ချုပ်ရေးပိုင်း ဌာန) တွေကို ရောက်သွားတာပါ… ဒီတော့ အလုပ်သမားတယောက်က ဆေးရုံက ပေးထားတဲ့ လခကိုပဲ သုံးရပါတော့တယ်… လခကလည်း မစို့မပို့ ဆိုတော့ သူတို့ ဂျူတီချိန် မဟုတ်တဲ့ အချိန်တွေမှာ တခြား ကျပန်းတွေ ထွက်လုပ်ရပါတော့တယ်… သူတို့အတွက် အရမ်း ပင်ပန်းပါတယ်...
ဒီတော့ လက်ရှိ ဆေးရုံက အာရကေဇုံမှာ တာဝန်ကျနေတဲ့ လူတွေဟာ ဂိုဏ်းမသင့်ဖို့ ကြိုးစားရပါတော့တယ်… စားဖို့သောက်ဖို့ အဆင်ပြေကြတာကိုးဗျ…

 အလုပ်သမားတွေထဲက ဘယ်လိုလူတွေ ဂိုဏ်းသင့်သလဲ…
- VIP လူနာတွေနဲ့ ပြဿနာတက်တဲ့အခါ… ဒါကြောင့် ဆေးရုံကြီးကို အ၀တ်အစား သန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်နဲ့ သွားတဲ့အခါ အဆင်ပြေပြေ ဘယ်အလုပ်သမားနဲ့မှ ပြဿနာ မတက်ပဲ ၀င်ထွက်လို့ရနေတာပါ…
- သက်ဆိုင်ရာ လူနာဆောင်က ဆရာဝန်ကြီးတွေက အစည်းအဝေးမှာ ထည့်ပြောတဲ့အခါ (သို့) Complaint တက်တဲ့အခါ… ဒါကြောင့် အလုပ်သမားတွေဟာ သက်ဆိုင်ရာ လူနာဆောင်တွေက ဆရာဝန်ကြီးတွေအပေါ် သိပ်ကို ရိုသေကျိုးနွံကြပါတယ်…
- ဒုတိယမြောက် အာရကေ အောက်တဲ့အခါ… အာရကေ ဆိုတာက ပိုက်ဆံကိုခေါ်တာပါ… အာရကေအောက်တယ် ဆိုတာက တလအတွင်း သူတို့အနေနဲ့ ဘယ်လောက်ပြန်ပေးရမယ် ဆိုပြီး သတ်မှတ်ထားတဲ့ ပိုက်ဆံပမာဏကို ရှာမပေးနိုင်တဲ့ အခြေအနေကို ခေါ်တာပါ… လူနာဆောင် (သို့) တာဝန်ကျတဲ့ နေရာတွေပေါ် မူတည်ပြီး အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ အုပ်လေးကို ပြန်အပ်ရပါတယ်… အုပ်လေးက တဆင့် အုပ်ကြီးကို ပြန်အပ်ရပါတယ်… ဒီတော့ ၂ လမြောက် အုပ်လေးကို ပိုက်ဆံ မအပ်နိုင်ရင် အလုပ်သမားအနေနဲ့ ဂိုဏ်းသင့်ပါတယ်…

အုပ်လေး၊ အုပ်ကြီး ဆိုတာ ဘယ်သူတွေ ဘာတွေဆိုတာ မေးလို့မရခဲ့ပါဘူး… ဒါပေမယ့် အုပ်ကြီးက အုပ်လေးကိုလည်း ပြန်ဖြုတ်လို့ရပါတယ်… အုပ်ကြီးက တလအတွက် သတ်မှတ်ထားတဲ့ ငွေပမာဏကို အုပ်လေးက ရှာပေးရပါတယ်… အုပ်လေးတွေက အဆိုပါ သတ်မှတ်ထားတဲ့ ငွေပမာဏကို မူတည်ပြီး အလုပ်သမားတွေ အပေါ်မှာ ပြန်ပြီး သတ်မှတ်ပေးပါတယ်… အုပ်လေးတွေဘက်ကလည်း အာရကေအောက်လို့မရပါဘူး… အာရကေအောက်ရင် အုပ်ကြီးက အပြစ်ပေးပါတယ်… ဒီလောက်ပဲ ကျွန်တော်လည်း သိပါတယ်… ကျန်တာ မသိပါ… ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့သော အလုပ်သမားများလည်း မသိကြပါ… အုပ်ကြီးဆိုတာ ဘယ်သူမှန်းပင် သူတို့ မသိကြပါ…

အုပ်ကြီးဆိုသူက တနှစ်စာ ကန်ထရိုက်စနစ်နဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ (ရာထူးအရ) ဆေးရုံ တခုလုံးအပေါ် တာဝန်အရှိဆုံး၊ အာဏာအရှိဆုံး ပုဂ္ဂိုလ်ထံမှ ယူထားသည် ဟုသာ အလုပ်သမားတွေအနေနဲ့ သိရပါတယ်…

အုပ်ကြီးအနေနဲ့လည်း သတ်မှတ်ငွေပမာဏ မရလို့ အဆိုပါ ပုဂ္ဂိုလ်အား မပေးနိုင်ရင် နောက်တနှစ်စာ ကန်ထရိုက် မရနိုင်တော့ကြောင်းတော့ သိခဲ့ရပါတယ်… ဒီအချက်တွေကြောင့်လည်း သူတို့၏ တ၀မ်းတခါးအတွက် အလုပ်သမားများ အနေနှင့် ဂိုဏ်းသင့် မခံကြရဖို့အရေး ကြိုးစားရုန်းကန်ရင်း ပိုက်ဆံ မက်နေရခြင်းဖြစ်ကြောင်း ၀န်ခံပါတယ်… အဲ့ဒီအချိန်တုန်းကတော့ “သြော်… ကောင်းလိုက်တဲ့ စီးပွားရေး စနစ်ကြီးပါလား” လို့ ကျွန်တော်တွေးမိရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပါ…

 အခုလည်း ဘာမှမတတ်နိုင်သေးပါ… ဒါပေမယ့် ဒါတွေကို အမေစုအထိ မသိရင်တောင် အမေစု ပြောတဲ့ “ပြုပြင်ရေးကော်မတီ”ကြီးမှာ ပါမယ့် အဖွဲ့ဝင်တယောက် တိုက်ရိုက် (သို့) သွယ်ဝိုက်စွာ သိသွားပြီး အခုလိုဖြစ်နေတဲ့ စနစ်ကြီးကို လုံးဝ ကောင်းသွားအောင် ပြုပြင်ပြောင်းလဲပေးခဲ့မယ် ဆိုရင်တော့… လက်ရှိကြုံတွေ့ခံစားနေရတဲ့ လူနာတွေ၊ လူနာစောင့်တွေ၊ လူနာသတင်းမေးတွေအတွက် ကျွန်တော် ရေးရကျိုးနပ်ပြီး ထင်ပါတယ်…

၂၀၀၈ ခုနှစ် အလုပ်သင် ဆရာဝန် ဘ၀တုန်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အမှန်တကယ် ဖြစ်နေတဲ့အခြေအနေကို ကျွန်တော် သိသလောက်၊ မေးလို့ရသလောက် ပြန်ရေးတာဖြစ်တဲ့အတွက် လက်ရှိ ၂၀၁၂ ခုနှစ် အခြေအနေအကြောင်း ကျွန်တော် မသိတော့ပါဘူး ဆိုတာကိုလည်း ရိုးသားစွာဝန်ခံပါရစေ…

နောက်ထပ်ပြောချင်ပါသေးတယ်… ဒါကတော့ ဒီစာကိုရေးတဲ့ ကျွန်တော့် အနေနဲ့ ဘယ်သူ့ ဘယ်သူကိုမှ တိုက်ခိုက်လိုစိတ်၊ ထိခိုက်လိုစိတ် လုံးဝ ရှိမနေပါဘူး ဆိုတာပါပဲ… ပြည်သူ့ဆေးရုံကြီးကို အားကိုးအားထားပြုနေရတဲ့ ပြည်သူတွေအတွက် တဖက်တလမ်းက အထောက်အကူဖြစ်ပါစေဆိုပြီးသာ ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါတယ်… ရင့်သီးမိုက်ရိုင်းတဲ့ Comment ပေးတဲ့လူများကိုလည်း အဖက်လုပ်နေမည် မဟုတ်ပါကြောင်း…

 “မိမိစေတနာ မိမိကိုယ်သာ အကျိုးပေးပါစေ”

Comments

ahphyulay said…
ကောင်းလိုက်တဲ့  ဆောင်းပါးလေးပါပဲဗျား...
ကြိုက်လွန်း၊ မှန်လွန်းလို့ လည်း တစ်ဆင့် 
ထပ်မံ ရှယ်ခွင့်  ပြုစေလိုပါတယ်။
Anonymous said…
very good post.......Right Men
Anonymous said…
Very Good Post :p :p :p
Right men
ထင်အောင် said…
ဒီအကျင့်ကဆိုရှယ်လစ်စံနစ်ကနေဆင်းသက်လာတာပါ။ ခုတော့တရားဝင်ဝင်ငွေလို့ ထင်နေတာပေါ့။ ဒီစံနစ်ကိုပြင်ဘို့ ရာ လူကျင့်ဝတ်တွေကိုအရင်သင်ရမှာပါ။ လူတွေကဝန်ကြီးနဲ့ တွေ့ ဘို့ သိန်းနဲ့ ချီပေးချင်ပေမဲ့အပေါက်စောင့်ကိုပေးရတာကိုတော့စီးကမ်း ပျက်နေတယ်ထင်တာပါ။
Anonymous said…
Successive tyrants are held responsible for such awful habits rooted in government staff.
Down with the tyrants and dictators!