ဟေ့ ... များတို့က ဒီလိုဘဲ ထုပ်စားတယ်
ဖိုးထက်
နိုဝင်ဘာ ၂၄၊ ၂၀၁၂
ဖိုးထက်
နိုဝင်ဘာ ၂၄၊ ၂၀၁၂
သူတို့မစားနိုင်လောက်တော့ပါဘူးဟု ထင်ကာ နင်တို့ စားချင်တာ ထပ်ဝယ်ကျွေးခိုင်းအုံး။ ကျသလောက် နင်တို့ အမေတွေကို ငါပေး လိုက်မယ်။ ငါ့တာဝန်ထားဆိုပြီး ပါးစပ်ဆော့မိသည်။ ဘီလူးမသားသမီးများက တကယ်ထင်ကာ စားလက်စ ပီဇာတွေကို တစ်ဝက် တစ်ပျက်နှင့် ရပ်ကာ ဟိုသွားမယ်။ ဒီသွားမယ် လုပ်နေကြသံကို ဒီဘက်က ကျနော် အတိုင်းသားကြားရင်း တဟား ဟား အော်ရီနေမိသည်။ အုပ်ထိန်းသူ လူကြီးတွေက “ဒါကြောင့် အဲဒီကောင်ကို အသိမပေးပါနဲ့လို့ နင့်ပြောထားသားနဲ့။ ကလေးတွေကို သက်သကမဲ့ဖျက်ဆီးနေ တဲ့အကောင်” ဆိုပြီး လူကြီးများ၏ တစ်ယောက်တစ်ပေါက် ဆဲဆိုသံကိုလဲ ကြားရ၏။
ဇာတ်ရှိန်တက်သထက်တက်ကာ ရှင်းမနိုင်တော့သောအချိန်ကြတော့ “ရော့ နင်ဘဲ ရှင်းတော့။ ပိုက်ဆံ အများကြီး ပေးထားရတာ။ တတ်နိုင် လို့ ၀ယ်ကျွေးတယ် ထင်မနေနဲ့။ ဈေးအရမ်းကြီးတယ်။ ပိုက်ဆံများ အလကားရတယ် ထင်နေလား။ နင်ဘဲ နိုင်ငံခြားမှာ ကျွန်သက်ရှည်နေမှာ။ ငါတို့က ဘာမှ မဖြစ်ဘူး။ အခု စားလက်စတွေ ကုန်အောင် မစားဘဲ တစ်ယောက်က ကြေးအိုးတဲ့။ တစ်ယောက်က ကြက်ဆီထမင်းတဲ့။ နောက်တစ်ကောင်က ရေခဲမုန့်တဲ့။ နင့်ဘာသာနင်သာ ရှင်းတော့” ဟု ဆိုလာ၏။
ဒီတော့မှ ကျနော်က “စားချင်တာတွေ ထပ်ဝယ်ကျွေးလိုက်။ စားပြီးရင်သာ ချက်ချင်း မအိပ်ခိုင်းနဲ့။ ကစားကွင်း တစ်ခုခုခေါ်သွားပြီး အစာ ကျေအောင် ဆော့ပစေ။ ပြီးတော့ ငါ့ဘာသာ ကျွန်သက် ရှည်ရှည်၊ မရှည်ရှည် ငါ့လုပ်အားနဲ့ ငါ့ကလေးတွေ ကျွေးတာ။ ဘယ်သူ့ ပိုက်ဆံနဲ့မှ ခိုးဝှက်ကျွေးတာ မဟုတ်ဘူး။ နင်တို့ ၀င်မရှုပ်နဲ့။ ဒါလေးတောင် မလုပ်ပေးနိုင်ဘူးဆိုရင်လဲ ငါ့ဆက်သွယ်မနေနဲ့” ဆိုပြီး အညှာကိုင်စကားဖြင့် ချိန်းခြောက်ရသည်။
“ဟ ပြောတာလွယ်တာ ဒီစားလက်စ ပီဇာတွေ ဘာလုပ်ရမှာလဲ” ဆိုသည့် အမေးကို “ဆိုင်ကို ပါဆယ်လ်ထုတ်ခိုင်းလိုက်” ဟု ခိုင်းမိသည်။ “စွတ်ရွတ်ထုပ်ခိုင်းမနေနဲ့ ဒီခေတ်ကြီးက ဓာတ်ပုံခိုးရိုက်ပြီးရင် Facebook ပေါ်တင်နေတာ။ အေး ငါတို့ ပါသွားလို့ကတော့ နင်မလွယ်ဘူးမှတ်” ဆိုပြီး အထွန့်တက်သံကို တော်ဟာ၊ တော်ဟာ ဆိုကာ ဖုန်းအမြန်ချလိုက်ရသည်။
အိမ်က လူတွေက ဟာသအဖြစ်ပြောလိုက်ပေမယ့် ကျနော့်ရင်ထဲမှာ ပြောမပြတတ်လောက်အောင် နင့်သွားရသည်။ ဆင်ကြယ်ဖိနပ်စုတ်စုတ်၊ ခေါင်းဖြူဖြူ၊ ခေါင်းရိုးကျိုးကျေမွနေသော ကိုယ်အမူအရာနှင့် လူကြီးက မျက်လုံးထဲမှာ ရောက်လာသည်။ သေရင်ပြီးပြီ ဆိုသည့် စိတ်ဓာတ် တွေနဲ့ လူ့လောကကြီး နေရစဉ်မှာ ကိုယ်ကြိုက်တာ ကိုယ် လုပ်လို့ ရကြပေမယ့် လူ့လောကကြီးကို အရုပ်ဆိုး အကျည်းတန်လောက်အောင်တော့ မလုပ်သင့်ဘူးလို့တော့ ထင်သည်။
ဓာတ်ပုံထဲက ခပ်နွမ်းနွမ်း စုတ်စုတ်လူကြီးကို သူ့အိမ်အတွက်၊ သူ့ကလေးတွေအတွက် ယူတာဆိုရင်ကော ဆိုပြီး ကျနော်တို့က ကိုယ်ချင်း စာမိကြသည်။ သနားမိကြသည်။ တစ်ချို့က မျက်နှာပြောင် တိုက်တာဘဲ။ ပွဲခင်းကြီးထဲမှာ ရုပ်ပျက်တယ်ဟု သေရင် ပြီးပြီထင်ကြမယ့် လူများကလဲ မှတ်ချက်ပေးတာ မြင်ရသည်။ သူတို့တွေးသလို ကျနော် တွေးကြည့်မိသည်။ ဟုတ်မှာပေါ့။ လူ့ယဉ်ကျေးမှု ကိုယ့် ကိုယ် ကိုယ် ပြည့်ဝပြီလို့ ထင်နေသောသူများရဲ့ မျက်စိရှေ့မှာ မုန့်တွေကို တစ်ရှူးတွေနဲ့ ထုပ်ယူနေတာ ရိုင်းတယ်လို့ သတ်မှတ်လို့ ရမှာပါ။
လူ့ယဉ်ကျေးမှုဆိုတာ ဘာကို ခေါ်တာလဲ။ ဘယ်လိုမျိုး သတ်မှတ်ကျတာလဲ။ ပညာတတ်အသိုင်းအ၀ိုင်းလို့ ကိုယ့်ဘာသာ ကိုယ် သတ် မှတ်ကြပြီး ဟာသတွေနဲ့ စနောက်နေသော ကျနော့်ကို လူ့ယဉ်ကျေးမှု မရှိဘူးလို့ သတ်မှတ်ကြတာ စစ်မှန်တဲ့လူ့ယဉ်ကျေးမှုလား။ ထိုပညာ တတ်များထဲရှိ လူတစ်ယောက်က လမ်းသွားရင်း လာရင်းတွေ့လိုက်ရသော စွန့်အ၊ မသန်မစွမ်း လူတစ်ယောက် ပုံစံ တုပ လုပ်ပြီး ဟာသလုပ်နေတကော ရွံဖို့ မကောင်းဘူးလား။ ခြေတစ်ဖက်မသန်သော ကလေးလေး တစ်ယောက်နှင့် လှေခါးယှဉ်တက်ရင်း လှေခါးကို တစ်ဆင့်ကျော်ပြီး လွှားခနဲ့၊ လွှားခနဲ့ တက်သွားတာကရော ဘယ်လို သတ်မှတ်မှာလဲ။ ရထားပေါ်မှာ၊ ကားပေါ်မှာ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးရွယ်အို၊ ကလေးလေးတွေ ကိုယ့်မျက်လုံးရှေ့မှာ မြင်နေရပါလျက်နဲ့ စာအုပ်ဖတ်ချင်ယောင်ဆောင်ပြီး နေရာဖယ်မပေးတာကရော။ အထူးသဖြင့် ဗုဒ္ဓယဉ်ကျေးမှု ထုံလွှမ်းသော မြန်မာလူမျိုးများအတွက် လူ့ယဉ်ကျေးမှုဆိုတာ စာဖတ်မှ ရမှာမဟုတ်။ လက်ဆင့်ကမ်း နီတိတွေ ကျက်မှတ်ခိုင်းမှ သိရမယ့် အရာမဟုတ်။
အလှူတစ်ခုမှာ ဧည့်ပရိတ်သတ်မှ မစားရသေးခင် ချိုင့်ကြီး၊ ချိုင့်ငယ် အသွယ်သွယ်ဖြင့် ဆွေမျိုးတွေအိမ်၊ အသိတွေ အိမ်ကို မစားလိုက် ရမှာစိုးပြီး ပို့နေတဲ့လူတွေဆိုလျှင် ကျနော့်စိတ်က တစ်မျိုး တစ်မည် ဖြစ်ကောင်း ဖြစ်နိုင်သည်။ အွန်လိုင်းပေါ်မှာ၊ FB ပေါ်မှာ အာကျယ်၊ အာကျယ်လုပ်လွန်းလို့ သောက်မြင်ကတ်လို့ဆိုပြီး လူငယ်ဓာတ်ပုံဆရာများကို သက်သကမဲ့အရွဲ့တိုက် လုပ်ပြစ်လိုက် တယ်ဆိုရင်လဲ ကျနော်က ပွဲကြည့်ပရိတ်သတ်ဖြစ်သွားနိုင်သည်။ အခုတော့ နွမ်းလျသော ကိုယ်အမူအရာနှင့် လူကြီးကို မျက်နှာဖုံးကြီးပေါ်တင်ပြီး လုပ်ရက် နိုင်လွန်းသော စိတ်ဓာတ်ကို ယဉ်ကျေးမှုဆိုသော စကားနှင့် ယှဉ်တွဲပြောဖို့တောင် ခပ်ခက်ခက် ဖြစ်သွားသည်။
ခေတ်အဆက်ဆက်မှာ ပါတ်ဝန်းကျင်က ကြိုက်သလောက်ပြောချင်သလိုပြော၊ ဝေဖန်ချင်သလို ဝေဖန်။ ဂရုမစိုက်ဘဲ အနေချောင်သလို၊ အဆင်ပြေသလို နေခဲ့ကြသော၊ နေ လျက် ရှိကြသော လူများရှိခဲ့ကြသည်။ ရှိနေကြသည်။ သိပ်ပြီး ထူးဆန်းအံ့သြဖို့ ကောင်းသော အရာ မဟုတ်ဟု ထင်သည်။ စင်းလုံးချောလောကကြီးကို ဘုရားရှင်တွေတောင် ရမသွားတာ ကျနော်တို့က ဘာစိတ်ဆင်းရဲနေစရာ ရှိသနည်း။ သို့သော်လည်း အခြေခံ လူ့ယဉ်ကျေးမှုလေးတွေအရ၊ မွေးရာပါ အသိအရ မလုပ်ကောင်း မလုပ်သင့်သော အရာကြီးကို လုပ်ရက်ပါပေ့ ဆရာရယ် လို့သာ ကျနော့်ပါးစပ်က အသံတွေ ထွက်လာအောင် ရေရွတ်နေမိသည်။
သေရင်ပြီးပြီ ဆိုသည့် အယူကို မိမိဘာသာ ခံယူတာ ခံယူကြစမ်းပါလေ့။ ဘယ်သူ့ကိုမှ အနှောင့်အယှက်မှ မဖြစ်တာဘဲ မဟုတ်ဘူးလား။ လွတ်လွပ်စွာ ကိုးကွယ် ယုံကြည်စမ်းပလေ့။ သို့ပေသိ မသေခင် မျက်နှာ ဘယ်ထားရမှန်း မသိအောင် သူတစ်ဖက်သား အသိုင်းအ၀ိုင်းကို မကောက်ကြစ်သင့်ဘူးလို့ ဘဲ မြင်မိသည်။ ကောက်ကြစ် စုတ်ပဲ့လွန်းသည်။ အင်တာနက်ပေါ်မှာ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ ပုံစံများဖြင့် စုတ်ပဲ့လွန်းသော လူများသည် သိသိကြီးနှင့် လုပ်ရက်သော လူများထက် အပုံကြီး လူပီသသေးတယ်ဟု ပြောလို့ ရမည် ထင်သည်။
အိမ်က ကလေးတွေ မုန့်သွားစားရင်း ဖြစ်လာသည့် ကျနော့်အတွေးတွေ မငြိမ်းမချမ်းရှိလိုက်တာ။ အတွေးတွေနဲ့ စိတ်ရှုပ်ရှင်း အလောတကြီး ဖုန်းပြန်ဆက်မိသည်။ “ဟေ့ ဒီမှာ ဒီကောင်တွေ စားလို့ ပိုသမျှ တစ်ဇွန်းပိုပို၊ နှစ်ဇွန်းပိုပို ထုပ်ခိုင်းကွာ။ ဒီကောင်တွေကို ပြောထား ကိုယ်စားပြီးလို့ ပိုလို့ အလကားဖြစ်ပြီး ပစ်လိုက်ရမယ့် ဘယ်အစားအစာမဆို ဘယ်သူ့ကိုမှ။ ဘယ်လူ့တိရဆ္ဆန် ကိုမှ ကြောက်နေစရာမလိုဘူး။ ရှက်ရွံ့နေစရာမလိုဘူးလို့ ပြောလိုက်။ အေး ဒါပေမယ့် ဘယ်သူမှ မစားရသေးတဲ့။ သူများ စားရမယ့်။ အညီအမျှစားရမယ့် ဟာတွေကိုတော့ ကိုယ်တစ်ယောက်တည်း အိမ်ကိုထုပ်သွားမိရင်တော့ ခိုးတာနဲ့အတူတူဘဲဆိုတာ သိအောင်ပြောထား။” ဆိုပြီး ကျနော့် အသံက တယ်လီဖုန်းထဲမှာ အသံကျယ်နေသည် ထင်၏။ “ကိုင်း ကိုင်း စတာပါဟယ်။ သောက်ဂရုစိုက်လို့။ နင့်ဘာသာ နေကောင်း ကျန်းမာအောင်သာ နေ။ နင့်ကောင်တွေလဲ စားနိုင်သလောက် ကျွေးလိုက်မယ်။ ပူမနေနဲ့” လို့ ပြန်ပြောသဖြင့် ကျနော် ဖုန်းချလိုက်ရသည်။
ငယ်ငယ်က ကျနော့်ကို အမေက ပြောဘူးသည်။ “မိန်းမလို မိန်းမရနဲ့ သိပ်ရွဲ့တဲ့ကောင်တဲ့”လေ။ ကြုံကြိုက်ခဲ့ရင်ဖြင့် သေရင်ပြီးပြီ ဆိုသည့် လူ့အတ္တဘောကြီး ရှေ့မှာ ရှိသမျှမုန့်တွေ အကုန်အိတ်ထဲ ထိုးထည့် ထုပ်ပြီး “ဒီမှာ ဓာတ်ပုံ လာရိုက်စမ်းပါ” ဆိုကာ အွန်လိုင်းပေါ်မှာ ကောင် မလေးတွေ ဓာတ်ပုံရိုက်ကြသလို လက်ကလေးနှစ်ချောင်းထောင်၊ နှုတ်ခမ်းကြီးကို စူပြီး အရိုက်ခံလိုက်ချင်သေး၏။ သူတို့စိတ်ကြိုက် ဓာတ်ပုံရိုက်ခံပြီးလျှင်ဖြင့် “အို..များတို့က ညည်းတို့လို ဟိုလူ့ကပ်ဖား ဒီလူ့ကပ်ဖားနဲ့ ခိုးမစားဘူး၊ ၀ှက်မစားဘူး။ ပေါ်တင် ထုပ်စားတယ်။ ဒါဘဲနော် ကိုမျက်ချီး မှတ်ထား” ဆိုပြီး ပြောလိုက်ချင်ပါသေးရဲ့။ မွေးရာပါ ရွဲ့ချင်တဲ့စိတ်ဆိုတာ ဖျောက်ဖို့ ခက်သားလားဗျ။
Comments