Than Win Hlaing - Articles

မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (မြန်မာဓလေ့ထုံးစံကိုချစ်မြတ်နိုးသော ရွှေရိုး)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၉၊ ၂၀၁၂

 မြန်မာယဉ်ကျေးမှု ထုံးတမ်းစဉ်လာ စသည်တို့ကိုလေ့လာလိုသူတို့သည် ရွှေရိုး၏ `မြန်မာမျိုးတို့၏ နေထိုင်မှုနှင့် ဓလေ့ထုံးတမ်း (Burman;His Life & Notion) စာအုပ်ကိုရှာဖွေဖတ်ရှုကြရပေမည်။ ၁၈၈၂ ခုနှစ်တွင် ယင်းစာအုပ်ကို ရေး သားထုတ်ဝေခဲ့သူ `ရွှေရိုး´ကား မြန်မာလူမျိုးမဟုတ် အင်္ဂလိပ်လူမျိုး အစိုးရအုပ်ချုပ်ရေး ၀န်ထမ်းတစ်ဦးဖြစ်သူ ဆာဂျိမ်း ဂျော့စကော့(Sir James George Scott) ဖြစ် သည်။ ရွှေရိုး(Shwey Yoe ) ဟူသည်ကာ ဂျော့စကော့၏ ကလောင်အမည် ပင်ဖြစ်သည်။

ရွှေရိုးကို ၁၈၅၁ ခုနှစ်ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်စကော့တလန်ပြည်မှ ဖိုက်ရှိုင်းယားနယ် ဒဲ ယားဆီးမြို့ကလေး တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ ၁၈၅၀ ပြည့်နှစ်မှ ၁၈၆၁ ခုနှစ်အထိ ဒဲယားဆီးမြို့၏ ဓမ္မဆရာ ဂျော့စကော့ဖြစ်ပြီး ၊ မိခင် ဖြစ်သူမှာ မေရီဖောဆစ်ဖြစ်သည်။ ၁၈၆၁ ခုနှစ်တွင် ဖခင်ကွယ်လွန်သွားသောအခါ ဂျော့စကော့နှင့် သူ၏အစ်ကို ရောဗတ် ဖောဆစ်စကော့Robert Forsyth(နောင် ကိန်းဗရစ်တက္ကသိုလ် စိန့်ဂျွန်းကောလိပ်ကျောင်းဆရာ)တို့ကို မိခင်က စတပ်ဂတ်ကျောင်း သို့ပို့၍ ပညာသင်ကြားစေခဲ့သည်။ စတပ်ဂတ်ကျောင်းတွင် သုံးနှစ်မျှ ပညာသင်ယူပြီးနောက် ဂျော့သည် လန်ဒန်မြို့ ဘုရင့်ကော လိပ်ကျောင်း ထိုမှတဖန် အက်ဒင်ဗရာ တက္ကသိုလ်၊ အောက်စဖို့ဒ် တက္ကသိုလ် စသည်တို့ကို တဆင့်ထက်တဆင့် တက်ရောက် သင်ယူခဲ့သည်။ ကောလိပ်နှင့် တက္ကသိုလ်ကျောင်း များတွင် ဂျော့စကော့သည် ပညာရေးတွင် ထူးချွန်သူအဖြစ် ထင်ရှားခဲ့သည်။ သို့သော် စီးပွားရေးအခတ်အခဲကြောင့် အောက်စဖိုဒ် တက္ကသိုလ် လင်ကွန်းကောလိပ်မှဘွဲ့မရမီကျောင်း ထွက်ခဲ့ရသည်။



 ၁၈၇၅ - ၁၈၇၆ ခုနှစ်အတွင်း ဂျော့သည် မလေးကျွန်းဆွယ်ပိရက်နယ်အရေးအခင်းအတွက် ဗြိတိသျှအစိုးရက စေ လွှတ်သောအဖွဲ့တွင် စတင်းဒတ် နေ့စဉ်(Evening Standard) သတင်းစာ၏အထူးသတင်းထောက်အဖြစ် လိုက်ပါသွား ရသည်။ ထိုမှတဆင့် ၁၈၇၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းခံရ၍  ရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိ စိန့်ဂျွန်းကောလိပ်ကျောင်း (ယခု အထက (၁) လမ်းတော်)တွင် ကျောင်းအုပ်ကြီးအဖြစ် ထမ်းရွက်ခဲ့ရသည်။ စိန့်ဂျွန်းကောလိပ်ကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်နေစဉ်အတွင်း အပူပိုင်းဒေသရှိ လူမျိုးများနှင့်အလျင်မသင့်သော်လည်း ဟုယူဆထားသည့် ဘောလုံးကစားခြင်း ကိုမြန်မာနိုင်ငံ၌ လူငယ်တိုင်းကစားနိုင်စေရန် ကြိုးပမ်းဆောင် ရွက်ခဲ့လေသည်။ ထိုအချိန်မှစ၍ဘောလုံးစကားနည်းသည်မြန်မာနိုင်ငံသို့ရောက်ရှိလာ၍ ယခုအခါရေပန်းစားနေသောအားကစားနည်းတစ် ခုဖြစ်နေပေသည်။သူကိုယ်တိုင်လည်း ဘောလုံးကန်ဝါသနာထုံ၍ သူ့တသက်တွင် ဂိုးပေါင်း၃၀၀ ကျော်သွင်းခဲ့ဖူးကြောင်းဖြင့် ထင်ရှားသည်။

၁၈၈၁ ခုနှစ်တွင် ဂျော့သည် အမိမြေသို့ပြန်၍ ဥပဒေပညာဆက်လက်သင်ကြားသည်။ သို့သော်ကံအကြောင်း မလှ၍ သူ့ဘ၀တွင်ဝတ်လုံလိုက်၍အသက်မွေးရန် လက်လျှော့လိုက်ရသည်။သို့သော် စိတ်မလျှော့ဘဲမြန်မာ့ယဉ်ကျေးမှုကို လေ့လာ၍ ၁၈၈၂ ခုနှစ်တွင် `ရွှေရိုး´ ကလောင်အမည်ဖြင့် ရေးသားခဲ့သော သူ၏ နာမည်ကျော် `` မြန်မာလူမျိုးတို့၏ နေထိုင်မှုနှင့် ဓလေ့ထုံးတမ်း´´ စာအုပ်ကြီးထွက်ပေါ် လာခဲ့လေသည်။ အဆိုပါစာအုပ်သည် အုပ်တွဲ နှစ် တွဲရှိ၍ မြန်မာနိုင်ငံ နှင့်လူမျိုးတို့အကြောင်းကို မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော အင်္ဂလိပ် လူမျိုးတို့အတွက်သာမက မြန်မာမှုသုတေသီ ပုဂ္ဂိုလ် များအတွက်ပါ အထူးအသုံးဝင်သော လက်စွဲစာအုပ်အဖြစ် ကျော်ကြားခဲ့သည်။ မြန်မာလူမျိုးများနှင့် အင်္ဂလိပ်လူမျိုး တို့အား အချင်းချင်းပိုမိုနားလည်ရင်းနှီးစေသော စာအုပ်ဟုလည်း ဆိုရပေမည်။အဆိုပါစာအုပ်ကို နယူယောက်မြို့ နော်တန် စာ ကြည့်တိုက်မှ ၁၉၆၄ တွင် ထပ်မံဖြည့်စွက်တည်းဖြတ်၍ ဒုတိယအကြိမ်ထုတ်ဝေခဲ့သည်။

၁၈၈၄ ခုနှစ်တွင်ပြင်သစ်အစိုးရနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်ကုန်ကင်းပြည် (ယခုဗီယက်နမ် မြောက်ပိုင်း) တိုက်ပွဲ ဖြစ်ပွားရာသို့ စတင်းဒတ်နေ့စဉ်၏ စစ်သတင်းထောက်အဖြစ် သွားရောက်အမှုထမ်းရပြန်သည်။`ပြင်သစ်နှင့် တုန် ကင်း´ (Franch and Tongking) အမည်ရှိ ပြင်သစ်တုန်ကင်းတိုက်ပွဲအကြောင်းစာအုပ်နှင့် `မြန်မာနိုင်ငံအကြောင်း ´ စာအုပ်များ ကိုလည်း ရေး သားထုတ်ဝေခဲ့သည်။

ထို့နောက် ကောင်းစွာမကျန်းမာသဖြင့်ဂျော့စကော့သည် အင်္ဂလန်ပြည်သို့ပြန်ကာ အနားယူပြီးနောက် ဥပဒေ ပညာကို ဆက်လက်စည်းပူးရာ ၁၈၈၆ ခုနှစ်တွင် ၀တ်လုံစာမေးပွဲကို အောင်မြင်ခဲ့သည်။ ၁၈၉၁တွင် စကော့အား ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်အရေးပိုင်( Dupty Commissioner ) အဖြစ်ခန့်အပ်ခဲ့သည်။ ၁၈၉၃ခုနှစ်တွင် ယိုးဒယား (ထိုင်း)နိုင်ငံဆိုင်ရာ ဗြိတိသျှသံမှုးအဖြစ် ၁ နှစ်သွားထမ်းရွက်ခဲ့ရသည်။ ၁၈၈၉ ခုနှစ်မှ ၁၉၀၀ ပြည်နှစ်အထိ ယိုးဒယား ၊ ပြင်သစ် နှင့် တရုတ်ပိုင် နယ်မြေများ ဆိုင်ရာသုံးနိုင်ငံ နယ်စပ်သတ်မှတ်ရေး ကော်မရှင်အဖွဲ့တွင် အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် တောင်ပိုင်းရှမ်းပြည်အရေးပိုင်အဖြစ် ခန့်အပ်ခံရပြန်သည်။

ထို့နောက်(၁၈၉၂ နှစ်တွင် ဗြိတိသျှ အစိုးရတို့က ဂျော့စကော့အား ( C.I.E )(Companion of Most Eminent Order of the Indian) ခေါ်အိန္ဒိယ မဟာရဌသဟာယ(အိန္ဒိယ အင်ပိုင်ယာ ဆိုင်ရာအမှုထမ်းကောင်းဘွဲ့ )ပေးအပ် ၁၉၀၁ ခုနှစ်တွင် (K.C.I.E)(Knight Commanded of The Order of The Indian Empire) ခေါ်အိန္ဒိယအင်ပိုင်ယာဆိုင်ရာသူ ကောင်းဘွဲ့အပ်နှင်းခံရသဖြင့် ဆာဂျော့စကော့ဟုခေါ်တွင်ခဲ့ကြသည်။ ၁၉၁၀ ပြည့်နှစ်တွင် ဆာဂျော့စကော့သည် ပင်စင်ယူ ၍ လန်ဒန်မြို့သို့ပြန်ခဲ့သည်။

မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် အရပ်ရပ်တွင်ဗြိတိသျှ အုပ်ချုပ်ရေးကို တော်လှန်ပုန်ကန်နေကြရာ ဆာဂျော့စကော့၏ပါးနက်လိမ္မာမှု၊ဆက်ဆံရေးကောင်းမှုတို့ကြောင့် ရှမ်းပြည်နယ် တချို့တွင်သွေးထွက်သံယို အချင်းများ မှုများ ထင်သလောက်မများခဲ့ပေ။

တခါတွင်ဂျော့စကော့သည် အစောင့်တပ်သားအချို့နှင့်အတူ ရှမ်းပြည်နယ် တနေရာတွင် အလုပ်ဝတ်တရားဖြင့် ခရီးသွားစဉ် လမ်း၌ ခုခံတိုက်ခိုက်ရန်စောင့်နေသော `၀´လူမျိုးများနှင့်ရင်ဆိုင်တိုးမိသည်။ စကော့သည် အခြားအရာရှိများ ကဲ့သို့ ထွက်ပြေးခြင်း၊ လက်နက်ဖြင့်ပစ်ခတ်ခြင်းမပြုဘဲ `၀´လူမျိုးတို့အပါးသို့လက်နက်မပါတကိုယ်တည်းသွားရောက် စ ကားပြန် ငါးယောက်ဖြင့်အဆင့်ဆင့်နားလည်အောင် ပြောလိုက်ရာ မိနစ်အနည်းငယ်အတွင်း၌ပင် အလွန်တိုက်ခိုက်လို စိတ်ပြင်းထန်နေသော `၀´တပ်သားများပြုံးရယ်ရွှင်မြူဖြစ်ကာ တဖက်နှင့်တဖက်ရင်းနှီးသွားခဲ့ကြသည်ဟု မှတ်တမ်းတစ်ခု၌ ရေးသားထားလေသည်။

ဂျော့စကော့သည် ၁၈၉၀ပြည့်နှစ်တွင် အယ်လစ်ဗဘက်ဒိုရာဆိုသူ အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့ပြီးနောက် ၁၈၉၆တွင် ပထမဇနီးကွယ်လွန်ခဲ့ရာ ၊ ၁၉၀၅ ခုနှစ်တွင် အယ်လီနာဆာရာဆိုသူနှင့် ဒုတိယအကြိမ် အိမ်ထောင်သစ် ထူခဲ့ သည်။ ၁၉၁၈ ခုနှစ်တွင် ဒုတိယဇနီးနှင့်ကွာရှင်းပြီးနောက်ပြည့် ၁၉၂၀ ပြည့်နှစ်တွင် စာရေးဆရာမ ဂျရယ်ဒင်းအီးဒစ် မီလတန်(Geraldine E.Milton) နှင့်ထပ်မံအိမ်ထောင်ပြုခဲ့သည်။ ပထမ ဇနီးနှင့် ဒုတိယဇနီးတို့သည် သမီးတစ် ဦးစီထွန်း ကားခဲ့သည်။ အသွင် တူသူတတိယဇနီးနှင့် အိမ်ထောင်ပြုပြီးနောက် ဆပ်ဆက်နယ်ပတ်ဝပ်မြို့အနီး ဂရေဟမ်ရွာကလေးသို့ ပြောင်ရွှေ့နေထိုင် ခဲ့ရာ ထိုဒေသ၌ ပင် ၁၉၃၅ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။

ဆာဂျိမ်းစ်စကော့ ၏ စာပေလက်ရာအစုစုမှာ
(၁) 1882 The Burmar, His Life & Nation (မြန်မာလူမျိုးတို၏ နေထိုင်မှုနှင့် ဓလေ့ထုံးစံ - အတွဲ ၂ နှစ်) Notion Edition New Youks. The Notion Library 1963.
(၂) 1885 France and Tongking (ပြင်သစ်နှင့် တုန်ကင်း)
(၃) 1900 – 1901 Gazetteer of Upper Burma and the Shan States (အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ် စစ်တမ်း ၅ တွဲ)
(၄) 1906 Burma a hangbook of practical information (မြန်မာနိုင်ငံ၏ လက်တွေ့အသုံးချ အချက်အလက်များ လက်စွဲကျမ်း)
(၅) 1908 Cussed Luck (ကျိန်စာသင့်သော ကံတရား)
(၆) 1911 (wholly without Moral A Romance of Indo Burma Life and racing (ရွှေဒင်္ဂါး ကလောင်တွဲဖြင့်)
(၇) 1924 Burma From the earliest times to the present day (မြန်မာနိုင်ငံ၏ အစောပိုင်းကာလမှမျက်မှောက်ကာလအခြေအနေ)
(၈) 1932  Burma and Beyond (မြန်မာနိုင်ငံနှင့်ဝေးရာဆီသို့) စသည်စာအုပ်များ ရေးသားခဲ့သည်။

ထို့အပြင် ဇနီးသည် ဂျရယ်ဒင်းအီးဒစ်မီလတန်နှင့် ပူးတွဲ၍
In the Group of the wild war (1913)
The Green moth (1922),
A Fromstein Man (1923)
Under and Esteem Sky (1924) တို့ကိုရေးသားခဲ့သည်။

မည်သို့ဆိုစေ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထားကာ လေ့လာစည်းပူး ၍ မြန်မာနိုင်ငံ ဆိုင်ရာစာအုပ် ပေါင်းများစွာ ပြုစုရေးသားခဲ့သော ဆာဂျော့စကော့၏ အမည်နာမသည် မြန်မာ သမိုင်းတကွေ့၌ ထင်ရှားလျက်ရှိနေပါတော့သည်။

Comments