When Disaster strikes, Help from Regime is nowhere to be found ...


ဘေးအန္တရာယ်ကျရောက်နေစဉ် ရွံစရာကောင်းသည့် လူကြီးခရီးစဉ်များ
မောင်လူရေး၊ နိုဝင်ဘာ ၁၃၊ ၂၀၁၂
ချပ်ကြီးက မီးဘေးသင့် ဒုက္ခသည်များ
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာအနီး၊ ဆီရထားတွဲ ၃တွဲတိမ်းမှောက်၊ ဆီလာရောက်ခပ်နေကြ၊ ကြည့်ရှု့နေကြစဉ် မီးလောင်ပြီး လူတွေ အရှင်လတ်လတ်မီးလောင်ကျွမ်းခံရ၊ မီးမြိုက်ခံရ၊ သေကြပျက်စီးကြ၊ မီးလောင်ဒဏ်ရာတွေ အလွန်အကဲခံစားကြရသည့် ဖြစ်စဉ်ဖြစ်ခဲ့သည်။
ယင်းငရဲနှင့်ပတ်သက်၍ အစိုးရပိုင်းမှ တာဝန်ယူဖြေရှင်းမှု ဟုတ်တိပတ်တိမရှိချေ။
ဆေးဝါးမလုံလောက်စွာ ချို့ငဲ့စွာကုသနေကြရသည်။ ဖြစ်ကတဲက လူမှုရေးအသင်းအဖွဲ့များမှ ကားများ၊ လူများ ရောက်သွားကြပြီး လူနာတွေသယ်၊ အလောင်းတွေသယ်လုပ်ကြ၊ ကိုင်ကြသည်။ ဆေးဖိုးတွေ လှူကြသည်။
အားငယ်စိတ်ပျက်ဖွယ်၊ ညှိုးနွမ်းဖွယ်ကောင်းလှစွာ အလှူငွေများနှင့် ဆေးဆက်ကုနေကြရသည်။ အစိုးရ၏ တိတိပပတာဝန်ယူမှုသည် ဘာဟု ပြောရန်ခက်ခဲပေမည်။ အုပ်ချုပ်သူများသည် လိုအပ်သည့် စီမံခန့်ခွဲမှုကို ထိရောက်စွာ မလုပ်နိုင်ဘဲ လူကြီးခရီးစဉ်ကြိုဖို့ လုံးပမ်းနေကြရသည်။ ယခုထိ လုံလောက်သည့် ဆေးဝါးနှင့် စားဝတ်နေမှုတို့ မရရှိပေ။ သေနေဆဲ။ သေအုံးမည်။ ဆရာဝန်များခမျာ ကုသရေး စိတ်ပင်ပန်းနေရတုန်း။
ရွှေဘိုငလျင် သတင်းဆိုး
ဆက်တိုက်ဆိုသလိုပင် ရွှေဘိုငလျင်လှုပ်လေသည်။ ထိုငလျင်သတင်းများက ဖုံးအုပ်သွားသောကြောင့် ထိုလူနာများ မီးထပ်ဆင့်လောင်ခံရသည်သို့ပင် သူတို့ဒုက္ခကို အလှူရှင်အများစု လုံးပမ်းမှုလျော့သွားကြသည်။
ထိုသဘာဝဘေးတွင်လည်း အုပ်ချုပ်ရေးတာဝန်ယူထားသူများသည် ဘေးအန္တရာယ် ကျရောက်နေမှုအပေါ် စီမံခန့်ခွဲမှု၊ ကူညီမှုအလျင်းမရှိပေ။
တိုင်းဦးစီးလာမည်၊ ဝန်ကြီးလာမည်၊ ဝန်ကြီးချုပ်လာမည်၊ ဒုသမတလာမည်၊ သမတကြီး လာမည် ဆိုတာတွေအတွက် လုံးပမ်းနေကြရသည်။ အလုပ်ရှုပ်ရသည့်အထဲ ကားတန်းရှောင်ပေးရသည်က တဒုက္ခ။
ယင်းသို့ ဒုက္ခများဆိုက်ကြုံနေရစဉ်တွင် အစိုးရဆိုက်မှ ယာဉ်တစီးတလေမျှပင် အသုံးပြုတာမရှိ။ လူမှုရေးအသင်းအဖွဲ့များ၏ ဝပ်သောက်ကားများ ရှိလို့သာ တော်တော့သည်။ လူနာတွေသယ်ပေးကြ၊ သွေးတွေရှာပေးကြ၊ စားစရာတွေလှူကြ၊ ဝိုင်းဝန်းကူညီကြလို့သာ အချိန်မီ အသက်ကယ်တင်နိုင်ကြရသည်။
ရွှေဘိုဆေးရုံတွင် ခရိုင်အဆင့်နှင့် မလိုက်ဖက်စွာ ဆရာဝန်အလုံအလောက်မရှိ။ လွှဲရန်လိုသည့်လူနာများ လူကြီးလာသည်အထိ ထားနေရသည်။ လူကြီးကမလာသေး။ စိတ်ပျက်စရာ၊ ရွံစရာ၊ အော့နှလုံးနာစရာကောင်း လှသည်။ အပြိုအပျက်တွေနှင့် စိတ်ပျက်အားငယ်၊ ကြောက်လန့်နေသူများအတွက် ဘာမျှော်လင့်ချက်မှ မပေးနိုင်။
ကျောက်မြောင်း၊ နွယ်ငြိမ်း၊ မလားဘက်တွင် အိုးဖုတ်စားကြသူများသည်။ အိုးဖိုများပျက်ကုန်သည်။ အလုပ်လက် မဲ့ကြပြီ။
သာမန်အရပ်သူအရပ်သားများကတော့ ပေးနိုင်သမျှပေးဖို့ သွားကြပြီ။

လာချင်လျက် မနီးတဲ့ ခရီးဝေး ဖြစ်နေသလား
လူကြီးခရီးစဉ်များက မရပ်သေး။
သူတို့သွားလာစရိတ်ကို ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူမတ်ရေးလုပ်ဖို့ ကောင်းသည်။
တာဝန်ရှိသူများ ကိုယ့်တာဝန်ကို ဆုံးဖြတ်ချက်ချလုပ်ပိုင်ခွင့်ပေးရေးနှင့် တာဝန်ယူ လုပ်ဆောင်နိုင်ရေးသည် ဤကဲ့သို့ အရေးတော်ကြီးများကြုံကြိုက်လာလျှင် ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့် အချိန်မီ ကယ်တင်နိင်ရေးတို့အတွက် အလွန်အထောက်အကူဖြစ်လိမ့်မည်။
ခုတော့မဟုတ်၊ ဘာမှ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်သည်မရှိ။ တာဝန်ယူလုပ်ကိုင်ရဲဝံ့သည်မရှိ။ လတ်လျား လတ်လျား “လူကြီးကြို” သွားနေတာတွေ မြင်နေရသည်။ မြို့ခံအချို့သည် သူတို့နောက် ဘာမဆိုင် ညာမဆိုင် ကားတန်းလိုက်မောင်းပေးနေရသည်။
ဒါ ဘာမှ ကြီးကျယ်သည့် ဘေးဒုက္ခမဟုတ်သေးပေ။
အရေးဆို လူကြီးများလိုပင် ဖုံးများလည်း သုံးမရပါ။ ဆက်သွယ်ရေးအလွန်ခက်ခဲသည့်အတွက် မလိုအပ်သည့် စိုးရိမ်ပူပန်မှုများမြင့်တက်စေပြီး စီမံခန့််ခွဲမှုအလွဲများ အားကောင်းစေပါသည်။
ရှေးကျောက်ခေတ်ကကဲ့သို့ပင် လူကိုဘဲ အရင်းပြု လုပ်ဆောင်နေရပါသည်။
အလွန့် အလွန်စိတ်ပျက်ဖွယ်ကောင်းလေစွ။
ရွံစရာအကောင်းဆုံးမှာ မြေကြီးအောက်တွင်းပြိုပိတ်မိနေသူများသတင်းပင်။ ပြင်ပမှ ကူညီကယ်တင်လုပ်ဆောင် နေသည်ဆိုတာ မကြားရ။ အထူးသဖြင့် အစိုးရဆိုဒ်မှ ဘာမှ မကြားရ။  
လူကြီးခရီးစဉ်ဆိုသည့် ကိန်းကြီးခန်းကြီး၊ လတ်လျားလတ်လျား၊ အရေမရ အဖတ်မရ အစီအစဉ်များ ကျဆုံးပါစေ။
(ဓာတ်ပုံ၊ ချပ်ကြီးက ဓာတ်ဆီမီးဘေးသင့် ရွာသူ ရွာသားများ၊ ရွှေဘိုအနီး မလားရွာ ငလျင်သင့် ဒေသခံများ၊ (မိုးမခ))

Comments

Anonymous said…
ဟုတ်ပဗျာ။
ကျွန်တော်တို့ဝန်ထမ်းတွေအပါအ၀င်
တစ်ပြည်လုံးက ပြည်သူတွေအတွက်
မဟာဝန်ထုပ် ၀န်ပိုး
"လူကြီးခရီးစဉ်" ပါ။
မဆလ ခေတ် ကတော့
"လုပ်အားပေး"
ကောင်းကြသေးရဲ့လားး။