Admit, Assist and Announce by Regime necessary - Hinthada Monks demand


တောင်းပန်ခြင်း၊ ကူညီခြင်း နှင့် အသိပေးခြင်း ဆောင်ရွက်ရန် ဟင်္သာတသံဃာတို့ တိုက်တွန်း
မိုးမခအထောက်တော် (ဟင်္သာတ)၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
ပြီးခဲ့သည့်လ ၂၉ ၊ လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခဲ့မှု နှင့် ပတ်သက်၍ ဟင်္သာတပရဟိတအကျိုးဆောင်သံဃာများက သဘောထားကြေငြာချက် တစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အစိုးရ၏ လက်ပံတောင်းတောင်အရေးအခင်းအပေါ်တုန့်ပြန်ပုံကို တနိုင်ငံလုံး အတိုင်းအတာဖြင့် သံဃာနှင့် လူအဖွဲ့အစည်းအသီးသီးက ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေချိန်တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် သံဃာတော်တို့ကလည်း ၎င်းတို့၏ သဘောထားကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
ကြေငြာချက် အပြည့်အစုံမှာ-
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခဲ့မှု နှင့် ပတ်သက်၍ ဟင်္သာတပရဟိတအကျိုးဆောင်သံဃာများ၏ သဘောထားကြေငြာချက်´´
ရက်စွဲ။ ။၁၄-၁၂-၂၀၁၂

၁။ ဗုဒ္ဓသာဝကရဟန်းပျိုများ၏ သဘောထားထုတ်ပြန်တောင်းဆိုချက်များအား ဟင်္သာတပရဟိတအကျိုးဆောင်သံဃာများမှ အလေးအနက် ထောက်ခံအပ်ပါသည်။
၂။ သံဃာထုမှ အဓိကတောင်းဆိုနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အညီ သက်ဆိုင်ရာအစိုးရအဖွဲ့မှ ထိခိုက်ခံသံဃာများအား တိုက်ရိုက်တောင်းပန်စေခြင်းသည် တောင်းပန်မှုအပေါ်တွင် ကျေအေးပေးစေလိုသည်မှာ ထင်ရှားနေပါသဖြင့် အမြန်ဆုံး သိရှိနားလည်တောင်းပန်ပေးပါရန်။
၃။ ထိခိုက်ခံ သံဃာတော်များအား ပြည်တွင်းပြည်ပ၌ မိမိတို့ဆန္ဒအရ ဆေးကုသခွင့်ကို နိုင်ငံတော်အစိုးရအဖွဲ့မှ အမြန်ဆုံး ဆောင်ရွက်ပေးရန်။
၎။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ အနေဖြင့် သံဃာထု၏ တောင်းဆိုချက်များအပေါ် ထိထိရောက်ရောက် အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးစီးမှုများအား ရဟန်းရှင်လူ ပြည်သူများထံသို့ ပွင့်လင်းမြင်သာသော ကြေငြာချက် ထုတ်ပြန်ပေးရန်။
ပရဟိတအကျိုးဆောင်သံဃာတော်များ
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတမြို့။

Comments