ခင်မြဇင်ရဲ့ ၀တ္ထုတိုတပုဒ် ... လူသား ... သံယောဇဉ် ... နာကျည်းမှု
ကမာပုလဲ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
ကမာပုလဲ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
“သားကလေးဟာ သိပ်ကို ဖြူစင်သန့်ရှင်းတဲ့ လူသား ကလေးငယ်တယောက်ဖြစ်ပါတယ် ... ခုတော့ သူ့မျက်နှာလေးမှာ မုန်းတီးနာကျည်းမှုရဲ့ အရိပ်တွေ အခိုင်အမာ စွန်းထင်းနေခဲ့ပြီ ... အင်း သားကလေးလို အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ ခွေးကလေးအပေါ်မှာ ထားရှိနေတဲ့ သံယောဇဉ်ကတောင် ခုလိုခံစားဖေါ်ပြနေပါလျှင် .....”
ဒီနေ့ ရုံးမှာမွေးထားတဲ့ ကြောင်ကလေး ခွေးကိုက်ခံရလို့ သေသွားတယ် ... သူတို့ကို မွေးတာ နှစ်လလောက်ပဲ ရှိသေးတယ် ... လေးကောင်မွေးတယ် ... တယေက်က ကြောင် ပေါက်စန နီတာရဲကလေးတွေကို ကြည့်ပြီး အမလေးတွေတဲ့ ... သူက အမတွေချည်းဆိုတော့ အားလုံကလဲ အမတွေချည်းပဲ မှတ်ထားလိုက်တာပေါ့ ... တလကျော်လောက်နေတော့ စပ်စပ်စုစုလုပ်ရာကနေ တကောင်သော ကြောင်ကလေးက အထီး ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ် ... ငါကွ ... ဒီ အနက်နဲ့ အဖြူကောင်လေးက အထီးကလေးကွလို့ ဂုဏ်ယူဝံ့ကြွားစွာ ဟစ်ကြွေးလိုက်တယ် အားလုံးက ပြုံးလို့ပေါ့ဗျာ ...
ဆောင်းရောက်လာတော့ အအေးက လူကြီးတောင် မခံနိုင်ဘူး ... သိပ်အေးတာ ... တရေးနိုးရင် စောင်ထဲ လှုပ်လှုပ် ... လှုပ်လှုပ်နဲ့မို့ ကြည့်လိုက်ရင် အဲဒီ ကြောင်ကလေးမောင်နှမတွေ ... အနည်းဆုံး နှစ်ကောင်တော့ အနည်းလေး လာကွေးနေကြတယ် ... ချမ်းလို့လေ ...ကြာတော့ သံယောဇဉ်က ဖြစ်လာတယ် ... သူတို့ကလည်း စကားသာ မပြောတတ်တာ ချွဲတတ် ... ဆော့တတ် ... အစာတောင်းတတ် ... သိပ်ကို ချစ်စရာကောင်းတာလေ ... ခု သူတို့ မောင်နှမလေးကောင်ထဲက အမေဖြစ်သူနဲ့ရော ... အဖွားဖြစ်သူ ကြောင်မကြီးနဲ့ရော အရောင်တူတဲ့ ကြောင်မလေး ခွေးကိုက်ခံရလို့ သေသွားတယ် ... ခံစားရတယ် ... အဲဒီကတဆင့် ...
၈၈၈၈ အရေးတော်ပုံကြီးပြီးကာစက ဆရာမ ဒေါ်ခင်မြဇင်ရဲ့ ၀တ္ထုတိုတပုဒ် ဖတ်ခဲ့ရဖူးတယ် ... ၀တ္ထုထဲမှာ သူ့သားကလေးအကြောင်းပြောပြထားတယ် ... သူ့သားကလေးမှာ အိမ်မွေး ခွေးကလေးတကောင် ရှိတယ် ... သားက တဦးတည်းသော ကလေးမို့ ခွေးကလေးကိုပဲ ချစ်ရှာတယ် ... အိပ်လဲ အတူ ... ကစားလည်း အတူ ... စားတာတောင် တချိန်တည်း အတူ စားရမှ ... အဲတနေ့မှာ ... ရပ်ကွက်ထဲကလူတွေ ခွေးသုတ်သင်ရေးလုပ်နေတဲ့ အခင်းအကျင်းကို ရေးပြတယ် ... နွေဖြစ်တယ် ... လက်ပံပွင့်တွေ ပွင့်နေတယ် ... အချိန်က ... တနေ့မှာ ... သားကလေးရဲ့ ခွေးကလေး အိမ်ရှေ့လမ်းပေါ် ရောက်နေတယ် ... ဒါကို ကလေးက သူ့ခွေးလေးကို လှမ်းခေါ်တယ် ... ခွေးကလေး အိမ်ကို ပြန်ဖို့အလှည့်မှာ လူအုပ်က ခွေးကလေးကို ဖမ်းခေါ်လိုက်တယ် ... ချက်ချင်းပဲ ဂုံနီအိတ်ထဲ ထည့်လိုက်တယ် ... ပါလာတဲ့ တုတ်တွေနဲ့လည်း ရိုက်ကြတယ် ... ဒါကို ကလေးက အစအဆုံးမြင်လိုက်ရတယ် ... အမေပြန်လာတော့ အမေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြပြီး ကလေးက ရှိုက်ကြီးတငင် ငိုတယ် ...ခွေးကလေးကို ပြန်ယူပေးဖို့ အမေ့ကို ပူဆာတယ် .... ဘယ်မှာ ရနိုင်ပါတော့မလဲ ....
အဲဒီနေ့က စလို့ သားကလေးဟာ နေ့တိုင်းလိုလို အိမ်ရှေ့မှာ ထိုင်ရင်း သူ့ခွေးကလေးကို မျှော်ရှာတယ် ... မျက်ရည်စကလေးတွေ တွဲခိုနေတဲ့ မျက်လုံးကလေးနဲ့ပေါ့ ... ဒါပေမဲ့ ခွေးကလေး ပြန်မလာနိုင်တော့ပါဘူး ... ဒါပေမဲ့ ကလေးရဲ့ မျက်လုံးမှာ ထူးခြားတဲ့ ခံစားမှုကနေ ထွက်ပေါ်လာတဲ့ ဖေါ်ပြမှုတခုကို သူ့အမေက သတိထားလိုက်မိတယ်... သိပ်ပြီးလဲ စိုးရိမ်သွားမိတယ် ... ဒါပေမဲ့ အဲဒီဖေါ်ပြမှုဟာ သိပ်ပြိးဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တယောက်ရဲ့ မျက်နှာကလေး မှာ စွန်းထင်းသွားခဲ့ပါပြီ ... အဲဒီ ခံစားမှု ဖေါ်ပြချက်ကလေးကို ဆရာမ ခင်မြဇင်က အသေးစိတ် သရုပ်ဖေါ်ရေးသားပြီး ၀တ္ထုတိုကို အဆုံးသတ်လိုက်ပါတယ် .... ၀တ္ထုတိုနာမည်ကို ခုပြန်စဉ်းစားတာ မသေချာ မရေရာ ဖြစ်နေတာမို့ ရေးပြမနေတော့ပါဘူး ....
ဝတ္ထုရဲ့ အဆုံးသတ်ကို ကျနော် မှတ်မိသလို ထပ်တူနီးပါး ခံစားပြောပြရမယ်ဆိုရင်တော့ ဆရာမက ...
“သားကလေးဟာ သိပ်ကို ဖြူစင်သန့်ရှင်းတဲ့ လူသား ကလေးငယ်တယောက်ဖြစ်ပါတယ် ... ခုတော့ သူ့မျက်နှာလေးမှာ မုန်းတီးနာကျည်းမှုရဲ့ အရိပ်တွေ အခိုင်အမာ စွန်းထင်းနေခဲ့ပြီ ... အင်း သားကလေးလို အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ ခွေးကလေးအပေါ်မှာ ထားရှိနေတဲ့ သံယောဇဉ်ကတောင် ခုလိုခံစားဖေါ်ပြနေပါလျှင် .....”
ကမာပုလဲ
၁၂၊ ၁၂၊ ၂၀၁၂
ကမာပုလဲ
၁၂၊ ၁၂၊ ၂၀၁၂

Comments