Kyaw Thu - FFSS Yangon Activity,

လူတိုင်းသိသင့်သော First-Aid ပညာရပ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၆၊ ၂၀၁၂


၁၅.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီအသင်း(ရန်ကုန်)တွင် (First-Aid Course) ဟူသော ဒဏ်ရာရသော လူနာတစ်ဦးအား အရေးပေါ်အသက်ကယ်နိုင်သော (အရေးပေါ် သူနာပြုစုခြင်းသင်တန်း) အားပို့ချခဲ့ပါသည်။ ယင်းသင်တန်းအား Australia နိုင်ငံနှင့် အမေရိကန်နိုင်ငံရှိ ဆရာဝန်ကြီးများမှ လာရောက်၍ သင်ကြားပို့ချခဲ့ကြသည်။  အဆိုပါသင်တန်းတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)တို့မှ လူမှုရေးသမားများ၊ Hundred Power ဆေးခန်း(ပဲနွယ်ကုန်း) နှင့် ထိန်လင်းဆေးခန်း (ဒဂုံဆိပ်ကမ်း) တို့မှ လူမှုရေးသမားများ လာရောက်လေ့လာခဲ့ကြသည်။


 ယင်းသင်တန်းတွင် လူတစ်ယောက်၏အသက်အား ကယ်တင်ရန်လိုအပ်သော (CPR) နည်းဖြင့် လဲနေသောလူနာအား အသက်ကယ်ရန် စတင်လှုပ်ရှားရမည့် ပတ်ဝန်းကျင်တွင် မိမိသွားရောက် ကယ်တင် ခဲ့ပါက အန္တရာယ်ရှိ/မရှိ (လျှစ်စစ်ဓါတ်လိုက်ခြင်း၊ အဆောက်အဦးပြိုကျခြင်း၊ အသက်အန္တရာယ်ဘေးနှင့် နီးကပ်သောနေရာ) တို့ကို ပထမဦးစွာ လေ့လာဆန်းစစ်မှုပြုခြင်း၊ သွေးခုန်နှုန်းစစ်ဆေးခြင်း၊ ပတ်ဝန်းကျင် သို့ အကြောင်းကြား၍ အကူညီတောင်းခံခြင်း၊ (Mouth to mouth) အသက်ရှူအားကူခြင်း၊ နှလုံးခုန်စေရန် စနစ်တကျ လုပ်ဆောင်ပေးခြင်း၊ နှလုံးနှိုးစက်အား အသုံးပြုနည်းတို့အပြင် အသက်ရှူလမ်းကြောင်းအတွင်း (အထူးသဖြင့် ကလေးငယ်များ) အစားအသောက်၊ ငွေအကြွေစေ့၊ ကစားစရာ အရုပ်ငယ်လေးများ ပိတ်ဆို့ နေပါက အသက်ကယ်ခြင်း၊ သွေးထွက်လွန်နေပါက (၅) မိနစ်မှ (၁ဝ) မိနစ်အတွင်း သွေးတိတ်သွေး အမြန်တိတ်အောင်ပြုလုပ်နည်း၊ မီးလောင်ဒဏ်ရာ၌ နေလောင်သကဲ့သို့ နီရဲစွာဖြင့် အပိန့်များထွက်ခြင်း၊ ပူဖေါင်းအရေကြည်ဖုများထွက်ခြင်း တို့အပြင် နာကျင်မှုမရှိပဲ အရေပြားများလန်ထွက်ကာ ကြွက်သားများ ထဲသို့ လောင်မြိုက်၍စားခြင်း (ဓာတုပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်း) စသည့်ဝေဒနာရှင်များအား ဆေးရုံ(သို့) အထူးကုဆရာဝန်ကြီးများထံသို့မရောက်မီ လူနာများသက်သာစေရန်၊ လက်ရှိခံစားနေရသည် ထက်ပိုမို ဆိုးရွားမသွားစေရန်နှင့် အချိန်မှီ အသက်ကယ်တင်နိုင်ရန်အတွက် နည်းလမ်းများနှင့် မြွေကိုက်ခံ ရသောလူနာများအား အရေးပေါ်ရှေးဦးပြုစုနည်းများအား ပြည်ပနိုင်ငံများတွင် အသုံးပြုလျှက်ရှိသော ကုထုံးနည်းစနစ်သစ်များအား လာရောက်သင်ကြားပေးခဲ့ကြသည်။


ဤကဲ့သို့ နေ့စဉ်လူတိုင်း အချိန်မရွေးကြုံတွေ့နိုင်မည်ဖြစ်သော ယခုကဲ့သို့ဖြစ်ရပ်များအား ကယ် တင်နိုင်သော (First-Aid) သင်တန်းသည် ဆေးပညာရှင်များ (ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီ) များ သာမက လူသားအားလုံး သိသင့်သိထိုက်သော ပညာရပ်လည်းဖြစ်သည်။ ယခုကဲ့သို့ မေတ္တာ၊ စေတနာဖြင့် လာရောက်သင်တန်းပို့ချပေးသော Dr.နေဝင်းအောင်၊ Dr.ကျော်တင်လတ် တို့သည် မြန်မာနိုင်ငံမှ ဆေး တက္ကသိုလ်တက်ရောက်ကာ  မြန်မာနိုင်ငံတွင်ပင် ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး ပြည်ပနိုင်များသို့ သွားရောက်၍ ဆေးပညာရပ်များအား ထပ်မံလေ့လာခဲ့ကြသော Australia နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ ဆေးပညာရှင် ဆရာဝန်ကြီးများဖြစ်သည်။ ၄င်းတို့သည် နှစ်စဉ်နီးပါး တစ်နှစ်တစ်ခေါက် အမိမြန်မာပြည်သို့ ပြန်လည် ရောက်ရှိကြကာ၊ ပြည်တွင်းရှိအလုပ်ရုံ၊ စက်ရုံများ၊ ပြည်တွင်ရှိ ပြည်သူ/သားများ၏ ကျန်းမာရေးဝန်ဆောင် မှုများကို လေ့လာသိရှိခဲ့ပြီးနောက် ယခုကဲ့သို့ အခြေခံအရေးပေါ် အသက်ကယ်ခြင်းနည်းစနစ်များ အား နည်းနေကြောင်း တွေ့ရှိရသည်နှင့်အညီ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အား ကူညီ ဖေးမမှုလုပ်ငန်းစဉ်များတွင် အရေးပါအသုံးဝင်မည်ဖြစ်သောကြောင့် ယခုလို သိသင့်သိထိုက်သည့် First-Aid ပညာရပ်အား လက်ဆင့်ကမ်း၍ ဆင့်ပွားပို့ချ သင်ကြားပေးခဲ့ခြင်းပင်ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၏ ထပ်မံတောင်းဆိုမှုကြောင့် ဒုတိယအကြိမ် အဖြစ် ၂၉.၁၂.၂ဝ၁၂ (စနေနေ့) နံနက် (၉းဝဝ) နာရီအချိန်တွင် ထပ်မံသင်ကြားပို့ချမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ နာရေးကူညီမှု အသင်း(ရန်ကုန်) တယ်လီဖုန်းနံပါတ် - ၅၈ဝ၁၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

ယင်းကဲ့သို့ မိမိတက်မြောက်ထားသော ပညာရပ်များအား မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အချိန်ကာလတွင် ပြည်ပရောက် မြန်မာနိုင်ငံသူ/သား တက်သိပညာရှင်များအနေဖြင့် ယခုကဲ့သို့ အမိ မြန်မာပြည်နှင့် နိုင်ငံသူ/သားများအား အကျိုးရှိစေမည့် တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်များဖြင့် မိမိတို့ အားလပ်သည့်အချိန်တွင် လာရောက်ကာ စေတနာ၊ မေတ္တာဖြင့် လက်ဆင့်ကမ်း ပညာပို့ချပေးမှုအပေါ် ကျေဇူးတင်ရှိကာ သာဓု … သာဓု … သာဓု ဟုခေါ်ဆိုလိုက်ရပါတော့သည်။

Comments