အင်အားသစ်များ မွေးဖွားပေးခဲ့သော Sister Fritz အဖွဲ့
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၉၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၉၊ ၂၀၁၂
ယဉ်ကျေးမှုဖလှယ်ခြင်း အနုပညာ ဖျော်ဖြေပွဲတစ်ရပ်အား
အမှတ် (၁၃/က)၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်ရှိ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခ”ခန်းမဆောင်တွင် “သုခုမခရီး သည်” နှင့်
“Sister Fritz” (Sweden) တို့ပူးပေါင်း၍ ဖျော်ဖြေခဲ့သည်။ ဖျော်ဖြေပွဲအား
၁၈.၁၂.၂ဝ၁၂ ရက် နေ့ မွန်းလွဲ (၁း၃ဝ) နာရီအချိန်မှ (၃း၃ဝ) နာရီအချိန်ထိ
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသား/ သူများ၊ ဝန်ထမ်းများ၊
လူနာရှင်များ၊ သုခအလင်းပညာဒါနတွင် ပညာသင်ကြားနေကြသော တက္ကသိုလ် ဝင်တန်း
စာသင်/စာကျက်ဝိုင်းမှ ကျောင်းသား/သူများ၊ ကွန်ပြူတာသင်တန်းသား/သူများအား
တစ်နေ့တာ ၏ ပင်ပန်းမှုအား ပြေပျောက်စေရန်ရည်ရွယ်၍ အချိန် (၂) နာရီခန့်
ဖျော်ဖြေတင်ဆက်ခဲ့သည်။
“သုခုမခရီးသည်” အဖွဲ့သည် ကလေးများအား အဓိက အသိပညာပေးဖျော်ဖြေပြီး ဘ/ကကျောင်း များ၊ လူမှုဝန်ထမ်း လူငယ်သင်တန်း ကျောင်းများ၊ မေတ္တာပရဟိတ (မရမ်းချောင်း)တို့တွင်လည်း ဖျော်ဖြေခဲ့ ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ဖျော်ဖြေသော “သုခုမခရီးသည်” အဖွဲ့တွင် ကိုစိုး မိုးသူ၊ မမေသက်ဇော်၊ မနွယ်နွယ်ဝင်း၊ ကိုသော်ဇင်(Driver)တို့ပါဝင်ပြီး “Sister Fritz” (Sweden) အဖွဲ့တွင် Mr.Peter, Ms.Ellenae, Ms.Shloud, Ms.Sara တို့ပါဝင်ဖျော်ဖြေခဲ့သည်။ ယဉ်ကျေးမှုဖလှယ်ခြင်း အစီ အစဉ်ဖြင့် မေတ္တာစေတနာ ရှေ့ထား၍ လာရောက်ဖျော်ဖြေခဲ့ကြသော “Sister Fritz” (Sweden) အဖွဲ့ သည် တေးဂီတပညာရပ်အား ပြည်ပတူရိယာပစ္စည်းများဖြင့် ပြည်တွင်းဂီတသံစဉ်များအား တီးခတ်ဖျော်ဖြေ သွားခြင်းနှင့် မြန်မာ့ရိုးရာအက ပညာရပ်တို့အားလည်း ကြိုးစားပမ်းစား ကပြဖျော်ဖြေသွားမှုတို့ကို ကြည့်ရှု သူ အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ နှစ်ခြိုက် အားပေးခဲ့ကြသလို နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း မိမိတို့ ထမ်းဆောင်နေရသော အပူသောကမီး များအား ပြန်လည်၍ ငြိမ်းသတ်ခံရသကဲ့သို့ လူမှုရေးအင်အားသစ်များ မွေးဖွားခဲ့တော့သည်။
Comments