Myawaddy under darkness no electricity from the contractor




မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်....
မြ၀တီသား (ခေတ္တမဲဆောက်) ဒီဇင်ဘာ ၁၁၊ ၂၀၁၂
                  ထိုင်းနိုင်ငံ တဖက်ကမ်း မြ၀တီမြို့ဟာ ကုန်စည်တွေကို  မြန်မာနိုင်ငံအတွင်းပိုင်းအထိ ၂၄ နာရီအတွင်း သယ်ယူ ပို့ဆောင်နိုင်တာမို့ စည်ကားတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ အဖွဲ့အစည်း အသင်းအဖွဲ့ ပေါင်းစုံ ရှိသလို လူမျိုးစုံ လူပေါင်းစုံတဲ့ မြို့လည်း ဖြစ်ပါတယ်။ 
                    မြ၀တီမြို့ဟာ တဖက်ထိုင်းနိုင်ငံက လျှပ်စစ်ပေးနေတာဖြစ်သလို မီတာခကိုလည်း တဖက်နိုင်ငံဈေးနဲ့ ညှိပြီး ပေးဆောင်ရပါတယ်။ မြန်မာပြည်တွင်းမှာ လျှပ်စစ်မီး မလုံလောက်လို့ မကြာခဏ မီးပြတ်တောက် ခဲ့တဲ့ အချိန်မှာ မြ၀တီမြို့ဟာ လျှပ်စစ်မီး တထိန်ထိန်နဲ့ ဂုဏ်အရှိန် မြင့်နိုင်ခဲ့တာလည်း အမှန်ပါပဲ။  
             ဒါပေမယ့် ဒီဖက်နှစ်ပိုင်းရောက်တဲ့အခါ ကန်ထရိုက် ပြောင်းလဲလိုက်တဲ့ နောက်ပိုင်း လျှပ်စစ်မီးတွေ အကြိမ်ကြိမ်ပျက်နေတာမို့ ဒုစရိုက်သမားတို့ လက်ခမောင်းခတ်စရာ ဖြစ်နေသလို လူထုကလည်း မီးကန်ထရိုက်ကို ကျိန်ဆဲသံတွေကလည်း နိစ္စဓူဝ ကြားနေရပါတယ်။ 
             ကန်ထရိုက်ဆိုသူကလည်း တိုင်းအထိဆိုလား ဗဟိုအထိဆိုလား အာဏာပိုင်နဲ့ ပိုင်လှချည်ရဲ့ဆိုတာကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေတောင် မတရားမှန်း မမှန်ကန်မှန်းသိတာတောင် ဘာမှ မပြောရဲဘူးလို့လည်း သတင်းကြီးပါတယ်။ သူ့တပည့်တပန်းဆိုသူတွေကလည်း သူ့အတွက်ဆိုရင် အပြင်မှာမပြောနဲ့ အင်တာနက်စာမျက်နှာတွေ ပေါ်မှာတောင် မျက်နှာလို မျက်နှာရ မရှက်မရွံ့  ဘက်လိုက် ရေးတတ်တာမို့ စာနယ်ဇင်း သမားတွေတောင် လက်ရှောင်ရပါသတဲ့။
            ခုလည်း ဒီကိစ္စ လာပြန်ပါပြီ။ ဓါတ်ပုံနဲ့တကွပေါ့။ လေ့လာကြည့်ပါဦးခင်ဗျာ..။

 

အကြောင်းအရာ။     ။ မြဝတီမြို့ ၂၄ နာရီမီးလင်းရေး အကျိုးဆောင်ကုမ္ပဏီ မှ လျှပ်စစ်မီးအား အပြည့်အဝမပေးဘဲ ဖြတ်တောက် မီတာတက်အောင် ဆောင်ရွက်ခြင်းကိစ္စ

မြဝတီမြို့ခံတဦး။     ။ အရင်တာဝန်ခံတုန်းက ခုလိုမဖြစ်ဘူး ခုဆို မီးအားမပြည့်တာနဲ့ ပြီးရင် မီးအား ဆောင့်တက်လိုက် ပိုဆိုးတာက မီးပျက်တာဘဲ။ ဒီလိုဖြစ်နေတယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ ကန်ထရိုက်ပြောင်းပေးသင့်တယ်။ ဒီလိုမဖြစ်အောင်လဲ အရေးယူဆောင်ရွက်ပေးသင့်တယ်လို့
ထင်ပါတယ်။

ဒီကေဘီအေ တာဝန်ရှိအရာရှိတဦး။      ။ ကျနော်တို့အနေနဲ့လည်း လုပ်ငန်းတွေလုပ်ရတာအဆင်မပြေဘူး။ အရင်ကန်ထရိုက်တုန်းက ဒီလိုမဖြစ်ဘူး။ ခုက မီးက နေ့တိုင်းလိုလိုဖြစ်တာ။ အစကတော့ မီးအားနည်းတယ်။ နောက် တချက်တချက်ပျက်တယ်။ ခုတော့ ပျက်လိုက်ရင် ၁ နာရီ ၂ နာရီဖြစ်လာပြီ။ ဒါကို သက်ဆိုင်ရာတွေကလည်း အရေးယူပေးစေချင်ပါတယ်။ ဒါက ထိုင်းနိုင်ငံကနေ ဝယ်ယူထားတာပါ။ ထိုင်းဘက်က ဖျက်တာလည်းမဟုတ်ဘူး ။ ထိုင်းနိုင်ငံဘက်က မဖျက်ဘဲ လုပ်ငန်းသုံးကိရိယာတခုခုမချို့ယွင်းဘဲ ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ ကိရိယာချို့ယွင်းလို့ပျက်တာဆိုလည်း ထားပါ။ ခုက နေ့တိုင်းဆိုတော့ ဒါမဟုတ်တော့ဘူးလို့ ထင်တယ်လေ။

(ကဲ မြ၀တီမီးကန်ထရိုက်တာ ဆိုသူ ဘာလဲ၊ ဘယ်လဲ၊ မေးခွန်းထုတ်ပြီး အဖြေရှာပေးကြပါဦး)
(ဓာတ်ပုံ - အမှောင်ထုထဲက ၂၄နာရီ မီးလင်းရေး အကျိုးဆောင်ကုမ္မဏီ၊ မြ၀တီမြို့ ရုံး)

Comments