လူထု ခေါင်းဆောင် မှ လက်ပံတောင်း “ပေါင်ချိန်” သို့
တူမောင်ညို၊ ဒီဇင်ဘာ ၆ ၂၀၁၂ခုနှစ်
“အခုချိန်မှာ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ အစ်မတို့က မသတ်မှတ်ပါဘူး” တဲ့။
“ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ၊ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်” လို့ မှတ်ချက်ပေး မိန့်ကြားခဲ့တဲ့ သီတဂူ ဆရာတော်ကြီး တောင် အာပတ်သင့်ရတော့မလိုပဲ။
ကော်မရှင်ဥက္ကဋ္ဌ သမာသမတ်ကျလိုက်ပုံများ လက်ဖျားခါရတယ်ဗျာ။ တကယ့် ခုံသမာဓိစိတ်ဓါတ်အပြည့်ပဲ။ တစ်ချိန်က တီဗွီ ဇာတ်လမ်းတွဲ “တရားသူကြီးပေါင်ချိန်” ကို သတိရတယ်။ စုံစမ်းရေးကော်မရှင်သည် “ပေါင်ချိန်”လို စုံစမ်းစစ်ဆေးဆုံးဖြတ်ဝံ့မလား။
လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်ကနေ ဘက်မလိုက်တရားသူကြီး၊ ခုံသမာဓိလူကြီး အဖြစ်ရွေ့လျားတဲ့ “အပြောင်းနဲ့အရွေ့” ကို လည်း အားလုံးက ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ အမေရိကန်ခရီးစဉ်မှာ ခွန်ထွန်းဦးက (Neutral) ဖြစ်သွားပြီဆိုတုန်းက စောင့်ကြည့်ချင်သေးတဲ့ဆန္ဒ စိတ်ထဲရှိခဲ့သေးတယ်။ အခုတော့ရှင်းသွားပြီ။
“နှလုံးသားမှာ အမုန်းတရားဝင်သွားရင် ရှုံးသွားမယ်” တဲ့။
ရှုံးချင်လည်းရှုံးစေတော့ နှလုံးသားနဲ့ဦးနှောက်ထဲမှာ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီးမုန်းတယ်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း မုန်းတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲမှုနဲ့ အကြမ်းဖက်ဖြိုခွဲသူတွေကို လည်းမုန်းတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မယ့်သူ၊ အကြမ်းဖက်ဖြိုခွဲမှုနဲ့ဖြိုခွဲသူတွေကို ကာကွယ်မယ့်သူ ဘယ်သူ့ကို မဆိုမုန်း တယ်။
ကော်မရှင်ဥက္ကဋ္ဌ အဖြစ် မလုပ်ပါရစေနဲ့လို့ ငြင်းပယ်လိုက်ရင် သမ္မတကြီးတို့က ငြိုငြင်မှာကို စိုးရိမ်သလားဗျာ။
တစ်ပြိုင်နက်ထဲမှာ မီးလောင်ဒဏ်ရာဗလပွနဲ့ သံဃာတော်တွေကို ပြေးမြင်မိပြီး နာနာကျင်ကျင် ခံစားရတယ်။
“သံဃာတွေကို ရဲတပ်ဖွဲ့ကတောင်းပန်တာကို ကျေနပ်လက်ခံသင့်တဲ့ အဆင့်လို့ အစ်မထင်ပါသလား” လို့မေးတဲ့မေခွန်းကို အခုလို ဖြေတယ်။
“ ဒီဟာကို အစ်မ ဖတ်တဲ့အခါကျတော့ ကောင်းမွန်မွန်တောင်းပန်ပါတယ်။ တောင်းပန်တဲ့စကားတွေလည်းဖတ်ခဲ့ရပါတယ်။ ကျေနပ်တယ်/မကျေနပ်တယ်ဆိုတာကတော့ ကာယကံရှင်တွေအပေါ်မှာဆိုင်တာပေါ့“
ကော်မရှင်ဥက္ကဋ္ဌ ဘယ်တောင်းပန်ချက်ကို ဖတ်ရတာလည်းတော့မသိဘူး။ ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် နေ့စဉ်သတင်းစာတွေ ထဲမှာဖေါ်ပြထားတဲ့စစ်ကိုင်းတိုင်းဒေသကြီး၊ ရဲမှူးကြီးစန်းယု ဆိုသူပြောသမျှဟာ တောင်းပန်းစကားက “ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ” ဆိုသလိုပါတယ်ဆိုရုံမည်ကာမတ္တဖြစ် ပြီး အဓိကပြောကြားချက်က “ဥပဒေနဲ့အညီ တာဝန်အရလုပ်တာဖြစ်တယ်” ဆိုတာကို ပြောသွား တာသာဖြစ်ပါတယ်။
ဒီနေရာ “မီးလောင်ဗုံးနဲ့ပစ်ပြီးအကြမ်းဖက်ဖြိုခွဲမှု” ရဲ့အဓိကတာဝန်ရှိသူက ဘယ်သူလဲ။
တာဝန်အရှိဆုံးသူက တာဝန်ခံပြီးတာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။
ဒီအကြမ်းဖက်ဖြိုခွဲမှုအတွက် အဓိကတာဝန်ရှိသူနဲ့တာဝန်ရှိတဲ့အဖွဲ့အစည်းဟာ သမ္မတ(ဗိုလ်) ဦးသိန်းစိန်နဲ့ ကြံ့ဖွံ့အစိုးရ ဖြစ်ပါ တယ်။ အဆင့်ဆင့်တာဝန်ရှိမှုကိုပြောရရင်၊ သမ္မတ(ဗိုလ်) ဦးသိန်းစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးဦးသာအေး၊ စစ်ကိုင်းတိုင်းဒေကြီး၊ တိုင်းဒေသကြီးရဲမှူးကြီးစန်းယုတို့မှာ တာဝန်ကိုယ်စီရှိပါတယ်။
သူတို့ရဲ့ အဆင့်ဆင့်အမိန့်ပေးညွန်ကြားမှုကြောင့်သာ ယခုလို “မီးလောင်ဗုံးနဲ့ပစ်ပြီးအကြမ်းဖက်ဖြိုခွဲမှု” ပေါ်ပေါက်ခဲ့ရတာဖြစ် ပါတယ်။
အောက်ခြေက ရဲတပ်ဗိုလ်တပ်သားလေးတွေကတော့ ပေးတဲ့အမိန့်နာခံကြရမှာပါ။ “ပစ်”လို့အမိန့်ပေးရင်“ပစ်”ရမှာဖြစ်ပါတယ်။ သူတို့ဟာ စစ်သင်တန်း/ရဲသင်တန်းကျောင်းမှာ ဒီလို အမိန့်နာခံဖို့ နှစ်ရှည်လများ သင်ယူလာခဲ့ကြသူတွေပဲ။ “တောင်းပန်လိုက်ကြဟေ့” လို့ အထက်ကအမိန့်ပေးလာတဲ့အခါမှာလည်း လက်အုပ်ချီ၊ ခေါင်းငုံ့၊ ဒူးတုတ်ပြီး တောင်းပန်လိုက်ကြရမှာပါ။ သူတို့ဘဝက “ခေါ်ရင်လာ၊ ခိုင်းရင်လုပ်ရမယ့်ဘဝ”၊“ရေဗူးပေါက်တာမလိုချင်ဘူး ရေပါဖို့အဓိက”ဆိုတဲ့ထုံးနှလုံးမူနေကြရတဲ့သူတွေသာဖြစ်ပါတယ်။ သူတို့မှာ တာဝန် ရှိတယ်ဆိုရင်တောင် ခိုင်းတာကို မလွန်ဆန့်ဝံ့လို့ လုပ်ကြရတဲ့ တာဝန်မျိုးသာရှိမှာဖြစ်ပါတယ်။
အောက်ခြေ ရဲတပ်ဗိုလ်တပ်သားအချို့ တရားခံအဖြစ်ထိုးကျွေးပြီး သံဃာတော်တွေကျေအေးပါဆိုတာမျိုးဟာ ဝန်ချတောင်းပန် တာလို့ ခေါ်ဆိုနိုင်ပါသလား။
နောက်ပြီးတော့ “မီးလောင်ဗုံးနဲ့ပစ်ပြီးအကြမ်းဖက်ဖြိုခွဲမှု”ပေါ်ပေါက်ခဲ့ရတာဟာ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ သဘောထား ဆန္ဒနဲ့အညီပေါ်ပေါက်ရတာပါ။ဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတာကိုသူတို့အစိုးရအနေနဲ့အံခွနေအောင်အတွေ့အကြုံရှိခဲ့ပြီးသားဖြစ်ပါတယ်။
သူတို့မှာ လူထုဆန္ဒပြပွဲတွေ၊ သံဃာဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ အတွေ့အကြုံတွေများလှပါတယ်။ သူတို့လက်တွေ မှာ ကျောင်းသား၊ သံဃာ၊ ပြည်သူတွေရဲ့ သွေးတွေစွန်းနေတာပါ။
တိတိကျကျ ပြောရမယ်ဆိုရင် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့“လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင် (အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၁၂) ” အနေနဲ့“ ဆန္ဒဖေါ်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့်ဆန္ဒဖေါ်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့် အပေါ်သုံးသပ်ချက် ” အပေါ်အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်” ဆိုတဲ့ လုပ်ငန်းတာဝန်မပါရှိပါဘူး။
အဲဒီတာဝန်က ဖျက်သိမ်းလိုက်တဲ့ ကော်မရှင် (အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂)နဲ့ အတူပါသွားပြီ။ ပျက်ပျယ်သွားခဲ့ပြီ။
လက်ပံတောင်း“ပေါင်ချိန်” ၏ တရားမျှတသောစုံစမ်းစစ်ဆေး စီရင်ချက်ကို ကျနော်တို့ စောင့်မျှော်ကြပါစို့။
ညွန်း
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ (RFA) ဒီမိုကရေစီခရီးကြမ်း (ဦးခင်မောင်စိုးနှင့် ဒေါ်အောင်ဆန်းစုကြည်)
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်၊ မြန်မာ့အလင်းသတင်းစာ
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ရက် အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၁၂
(Photo - Opposition leader Aung San Suu Kyi reaches for supporters as she leaves after a public meeting close to Letpadaung mine in Monywa, northwestern Myanmar, Friday, Nov. 30, 2012. (AP / Gemunu Amarasinghe)

Comments