SF Burmese Community to donate US$ 4000 for Letpadaung Injured People


SF Burmese Community အလှူရှင် ၆၇ ဦးမှ အလှူငွေ ဒေါ်လာ ၄ထောင်၊ လက်ပံတောင်း ရဟန်းရှင်လူအတွက် လှူမည်
မိုးမခ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၂
လက်ပံတောင်းတောင်အရေးတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူတို့အား ကျန်းမာရေးကူညီမှု အထောက်အကူဖြစ်စေရေး ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ၏ အများစုပေါင်းအလှူအဖြစ် ကောက်ခံရရှိသော အလှူငွေကို ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)မှတဆင့် ပေးအပ် လှူဒါန်းမည်ဖြစ်သည်။ ရက်သတ္တပတိ ၂ ပတ်အကြာ အလှူရှင် ၆၇ ဦးထံက အများစုပေါင်းအလှူငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀၀၀ ကောက်ယူနိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းသံဃာများကို မန္တလေး၊ မုံရွာမြို့က သံဃာတော်များ၊ ပြည်သူလူထုက ၀ိုင်းဝန်းကူညီစောင့်ရှောက်မှုပေးခြင်း၊ ပြည်တွင်း ပြည်ပရှိ အများပြည်သူက ၀ိုင်းဝန်းကြခြင်း၊ အရှင်ဝီရသူ ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က စီစဉ်မှုများပြုခြင်း၊ လူမှုရေး ကျန်းမာရေးအဖွဲ့အသီးသီးက ကူညီကြခြင်းတို့ ဆောင်ရွက်နေကြသည့်အပြင် ဘန်ကောက်ဆေးရုံကြီးတွင် ကုသမှုခံယူနေသော ဒဏ်ရာပြင်းထန်သည့် သံဃာတော်အတွက်လည်း ရွှေည၀ါဆရာတော်နှင့် အများပြည်သူတို့ကလည်း မိသားစုများနှင့်အတူ ၀န်းရံမှု ပေးလျက် ရှိသည်ကို တွေ့ရသည်။
အလှူငွေများ လိုက်လံကောက်ခံသူ တဦးဖြစ်သူ ကိုဂျေစင်က ပြောကြားရာမှာ … မိမိတို့ ကောက်ခံရရှိသည့် ငွေကြေး နည်းများမဆို စုဆောင်းပေးပို့ရခြင်းမှာ အဆိုပါ ရဟန်းရှင်လူတို့အတွက် ရပ်နီး ရပ်ဝေးက မြန်မာမိသားစုများက အနည်းဆုံး စိတ်ဓာတ်ရေးရာဖြင့် အားပေးသည့်သဘော ဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိရာ မည်သည့်ဒေသတွင်မဆို မိမိတို့ အမျိုးဇာတိနေရာဌာနကို ပြန်လည် ကြည့်ရှုခြင်း၊ စောင့်ရှောက်ခြင်းဆိုသည့် အစဉ်အလာကို ထိန်းသိမ်း ဆောင်ရွက်ရသည့်အတွက် ၀မ်းမြောက်မိသည်ဟု ဆိုနိုင်ကြောင်း ပြောကြားသည်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူတဦးဖြစ်သည့် ကိုထွန်းမြတ်ဦးက ပြောကြားရာတွင် မိမိတို့အနေဖြင့် တတ်နိုင်သလောက် ကူညီမှုပြုကြရသည်က တစိတ်တပိုင်းဖြစ်သလို နိုင်ငံတော်ကလည်း ၎င်းတို့လုံခြုံရေးအဖွဲ့များ၏ အကြမ်းဖက်မှု စော်ကားမှုကြောင့် ထိခိုက်နစ်နာရသူ ရဟန်းရှင်လူများအားလုံးကို ပြည့်စုံထိရောက်သော စောင့်ရှောက်မှု ကုသမှု ဖြည့်ဆည်းမှုများ ချွင်းချက်မရှိ ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ နှုတ်ဖြင့် တောင်းပန်ခြင်းအပြင် အလုပ်ဖြင့် သက်သေပြုပြီး သံဃာတော်တို့၏ ခွင့်လွှတ်မှုကို ပေးဆပ်နိုင်မည်ဖြစ်ကြောင်း ထောက်ပြသွားသည်။
လက်ရှိတွင် ပြည်ပသို့ ဆေးဝါးကုသရန်လိုအပ်နေသည့် သံဃာများအနက် တပါးတည်းသာ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံသို့ တက်ရောက်ကုသနိုင်သည်။ လက်ရှိအစိုးရက ထောက်ပံ့မှု ထိုင်းဘတ်ငွေ ၁ သန်း (ဒေါ်လာ ၃ သောင်း ၀န်းကျင်) ဆေးရုံသို့ ပေးပို့ခဲ့ခြင်း ရှိပြီး သတင်းအဖြစ် ထုတ်ပြန်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူများ အားလုံးကို မည်သို့ ဆက်လက် တာဝန်ယူမည်၊ ထောက်ပံ့ကူညီမည်ကို ထုတ်ဖော်ခြင်း မရှိပေ။ ဒေသခံများကို အကြမ်းဖက်နှိပ်ကွပ်ခဲ့သော အစိုးရ၏လုံခြုံရေးတပ်ဖွဲ့များ၊ တာဝန်ခံများကိုလည်း အစိုးရက တစုံတရာ အရေးယူခြင်း၊ ကန့်သတ်ခြင်း မလုပ်သေးပေ။
San Francisco Burmese Community & Organizers and Friends ၏ ၀က်ဆိုက် (http://BurmeseCommunity.net ) နှင့်  ဖေ့စ်ဘွတ်တွင် (http://facebook.com/BurmeseSF )  တွင် အလှူရှင်အမည်စာရင်းကို တင်ဆက်ထားသည်ကို တွေ့ရသည်။

Comments