U Tetka NyarNa to be brought to Bangkok for further treatment


လက်ပံတောင်းအကြမ်းဖက်မှုက ဒဏ်ရာပြင်းထန်သူ အရှင်ဦးတိက္ခဥာဏ ဘန်ကောက်သို့ ပင့်
မိုးမခအထောက်တော် ၀၀၃၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၂
နိုဝင်ဘာ ၂၉ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြသည့် သပိတ်စခန်းကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသော သံဃာတော်တပါးဖြစ်သည့် အရှင်ဦးတိက္ခဥာဏ (သက်တော် ၆၀ ခန့်) အား ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဆေးရုံကြီးတွင် ဆေးကုသရန် ဒီဇင်ဘာ ၁၃ ရက်တွင် ပင့်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ သံဃာတော်နှင့်အတူ မိသားစုဝင်အချို့နှင့် မြန်မာပြည်မှ ဆရာဝန်ကြီးတဦးလည်း ပါဝင်မည်ဟု ဆိုသည်။
အရှင်ဦးတိက္ခဥာဏ မှာ အငြင်းပွားနေသော ကြေးနီစီမံကိန်းနယ်မြေတွင်းက လယ်တီဆရာတော်ကြီး၏ ကျောင်းတော်မှာ သီတင်းသုံးနေထိုင်သော သံဃာတော်တပါးဖြစ်သည်ဟု သိရသည်။
ဆရာတော်၏ မိသားစုဝင်များက နိုင်ငံကူးလက်မှတ်ရအောင် အထူးကြိုးပမ်းခဲ့ကြရသည်ဟု ကြားသိရကြောင်း၊ ဒဏ်ရာရသံဃာတော်များအနက် အထူးကုသမှု လိုအပ်သည့် သံဃာတော် ၅ ပါးထက် မနည်း ရှိသည့် ကိုယ်တော်များအတွက် ပြည်ပဆေးရုံများသို့ သွားရောက်ကုသရေး ပတ်စ်ပို့များ လျောက်ထားရာတွင် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်က အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ ဆေးကုသရာတွင်လည်း ပြည်တွင်း ပြည်ပ မည်သည့်နေရာတွင်ဖြစ်စေ ရောဂါသက်သာပျောက်ကင်းရေးကို အဓိကဦးစားပေးပြီး အမြန်ဆုံး အကောင်းဆုံး ကုသပေးရန် လိုကြောင်း၊ ထိုသို့ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်က ကြန့်ကြာအောင်၊ ကန့်သတ်မှုများ ပိတ်ဆို့မှုများ မပြုလုပ်သင့်ကြောင်း မန္တလေး၊ စစ်ကိုင်း ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ကူညီနေသူ သံဃာတော်တပါးက မိုးမခသို့ ပြောကြားသည်။
"သာသနာရေးဝန်ကြီးက တောင်းပန်တယ်ဆိုပြီး အပြင်မှာ သတင်းတွေ ထွက်နေတယ်ဆိုတာကလည်း ဦးဇင်းရဲ့ အမြင်ပြောရရင် သူတို့အစိုးရ၀န်ကြီးတွေက လာပြီးတော့ မဟန နာယကဆရာတော်တွေဆီ သြ၀ါဒလာပြီး ခံယူတာပဲ။ သံဃာတော်တွေကို တိုက်ရိုက် ၀န်ချတောင်းပန်တာမျိုး သူတို့က ထုတ်ပြန်တာ မဟုတ်ဘူး”
ဟု ဆရာတော်က ဖြေကြားသည်။
ထိုင်းနိုင်ငံသို့ ဆေးဝါးကုသရန်အတွက် ပြည်တွင်းမှ အဖွဲ့အစည်းများ၊ ပြည်သူများက ၀ိုင်းဝန်း လှူဒါန်း ထောက်ပံ့ကြရာတွင် သံဃာတော်များဖြင့် ဖွဲ့စည်းထားသည့် ကျန်းမာရေးစောင့်ရှောက်မှု ကော်မီတီ၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ စသည်တို့ကလည်း ၀ိုင်းဝန်းကြကြောင်း၊ ယခုထိုင်းနိုင်ငံသို့ တရားဟောပြောရန် ရောက်ရှိနေသည့် ရွှေည၀ါဆရာတော်ကလည်း အစွမ်းကုန် အားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဆေးကုသရန်လိုအပ်သည့် ကိုယ်တော်များအနက် နောက်ထပ် ၅ ပါးခန့် နောက်တသုတ်အဖြစ် ပင့်ဆောင်ရန် ရှိသော်လည်း ကြန့်ကြာမှုများကြောင့် လူနာသံဃာများမှာ မန္တလေးရှိ ဆေးရုံ ၂ ရုံတွင် ဆက်လက် ဆေးကုသမှု ယူပြီး စောင့်ဆိုင်းနေရကြောင်း၊ နဂိုကတည်းက တိုင်းသူပြည်သားများအရေးကို အပ်နှင့်ထွင်းပြီး ဖြေရှင်းရမှာကို ပုဆိန်နှင့်ပေါက်ရသည်အထိ ဆက်လက် အရုပ်ဆိုးမှုများ၊ အကျည်းတန်မှုများ မဖြစ်စေလိုကြောင်း အဆိုပါ ဆရာတော်က ဆက်လက်ပြောကြားသည်။
ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ၊ ကွန်မြူနီတီများနှင့် အဖွဲ့အစည်းများကလည်း မိမိတို့ နီးစပ်စွာ စုစည်းပြီး အလှူငွေများ ကောက်ခံလျက် လက်ပံတောင်းအကြမ်းဖက်မှု ထိခိုက်နစ်နာသူ ရဟန်းရှင်လူတို့ကို ကျန်းမာရေးစောင့်ရှောက်ကုသနိုင်ရန် တယောက်တလက် ဆောင်ရွက်လျက်ရှိသည်ကို ကြားသိနေရ၍ ၀မ်းမြောက် ဂုဏ်ယူပါကြောင်း ၎င်းက ပြောကြားသည်။
(ဓာတ်ပုံ - ထိခိုက်ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်သော သံဃာတော် အရှင်တိက္ခဥာဏ)

Comments