Burmese 1 million drinking poisoned water


အာဆင်းနစ်များသော ရေကို လူတစ်သန်းခန့် သုံးစွဲနေရ
ပြည်တွင်းသတင်းသတင်းကောက်နုတ်ချက်၊ Myanmar Times Journal
ဇန်န၀ါရီ ၃၁၊ ၂၀၁၃

မြန်မာနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၁ သန်းခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်ဖြစ်သော အာဆင်းနစ်ဓာတ် အများဆုံးပါဝင်မှု ပမာဏထက် ကျော်လွန်သော ရေများကို သုံးစွဲနေကြရသည်ဟု ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြုလုပ်ခဲ့သော အာဆင်းနစ်အန္တရာယ် လျော့ပါးရေး အစီအစဉ်အရ သိရသည်။
အဆိုပါ ခုနှစ်နှစ်တာ အစီအစဉ်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၆၆ မြို့နယ်တွင် ဆောင်ရွက်ခဲ့သည်။ မြို့နယ်ပေါင်း ၆၆ မြို့နယ်ရှိ ရေနမူနာပေါင်း နှစ်သိန်းငါးသောင်းကျော်ကို အာဆင်းနစ်ဓာတ် ပါဝင်မှု စစ်ဆေးချက်အရ ရေနမူနာပေါင်း ရှစ်သောင်းကျော်ခန့်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်ထက် ကျော်လွန်နေပြီး ရေနမူနာ တစ်သောင်း ရှစ်ထောင်ကျော်ခန့်သည် မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် စံနှုန်းထက် ကျော်လွန်နေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်အရ ရေတွင် အာဆင်းနစ်ပါဝင်မှု ပမာဏယူနစ် 10ppb (၀ ဒသမ ၀၁ မီလီဂရမ်/လီတာ) ထက်ကျော်လွန်ပါက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သတ်မှတ်ထားသော ရေတွင် အာဆင်းနစ် အများဆုံး ပါဝင်နိုင်သော ပမာဏ 50ppb (၀ ဒသမ ၀၅ မီလီဂရမ်/လီတာ) ဖြစ်သည်။
 မြန်မာနိုင်ငံရှိ ရေတွင် အာဆင်းနစ်ဓာတ် ပါဝင်မှုကို ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့၌ အများဆုံး တွေ့ရှိရသည်ဟု ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်ထွဋ်ဝင်းက ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ သောက်သုံးရေတွင် အာဆင်းနစ်ပါဝင်မှု အသုံးချသုတေသန စာတမ်းဖတ်ပွဲတွင် ပြောသည်။
အာဆင်းနစ်ပါဝင်မှု များပြားသော ရေကို ကြာရှည်စွာ သောက်သုံးခြင်း၊ ထိတွေ့ခြင်းများကြောင့် ကင်ဆာရောဂါများ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများ၊ အရေပြားတွင် အသားမာတက်ခြင်းနှင့် အစက်အပြောက်များ ဖြစ်ပေါ်နိုင်ခြင်း၊ သွေးကြောများနှင့် အာရုံကြောများ၏ လုပ်ငန်းများ ပျက်စီးစေခြင်းဖြင့် နောက်ဆုံးတွင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည်။
 “အာဆင်းနစ်ဟာ အရောင်အဆင်း အနံ့အရသာ မရှိတဲ့အတွက် မသိဘဲ သောက်မိတတ်ကြတယ်။ ကြာရှည် သောက်သုံး မိရင် ရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ အတွက် သတိပြုဖို့ လိုအပ်ပါတယ်” ဟု သုတေသန ပညာရှင်တစ်ဦးက ပြောသည်။
 ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနသည် အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ပူးပေါင်း၍ မြေအောက်ရေတွင်းများ တွင် အာဆင်းနစ်ပါဝင်မှု အခြေအနေကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး အာဆင်းနစ် ပါဝင်မှုများသော ရေများကို ဆက်လက်သုံးစွဲခြင်း မပြုရန် ပိတ်သိမ်းခြင်းနှင့် ရေတွင်းအသစ်များ တူးဖော်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၌ သောက်သုံးရေ အရည်အသွေးစံနှုန်း သတ်မှတ်ထားခြင်း မရှိသေးဘဲ စံနှုန်းတစ်ခု အနေဖြင့် သတ်မှတ်သွားရန် စီစဉ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

Comments