Kamar Pale - Essay

အဲဒီ နိုင်ငံ
ကမာပုလဲ
ဇန်န၀ါရီ ၄၊ ၂၀၁၂

Art - Roland Hemmert

 ကျနော် စိတ်ချလက်ချ ချန်ရစ်ခဲ့တဲ့ အရပ်မှာ
ကျနော့်ရင်မှ လွင့်ကျန်ခဲ့တဲ့ အမှတ်တရများ
ဒုက္ခလို့ သူတို့ခံစားခဲ့ကြတယ် ...
အလှည့်ကျ ဗျစ်ရည်ခွက်တွေထဲ
အပိုင်းပိုင်း အစစ ခုတ်ဖြတ်ကျလာတဲ့ လရောင် အစအနများ
ပဲလား ... ဆန်မှုန့်လား ... ပြောင်းဆန်အမှုန်အစတွေလား
ကလေးတွေ ... သူတို့ဆော့ပုံကိုက
မြွေအရေခွံအိပ်တွေနဲ့ ... ပလပ်စတစ်အချိုရည် ဗူးခွံတွေနဲ့ 
ဘိနပ်ကလေးတွေကို လောင်းကြေးထပ်ကစားရင်း
အိမ်မှာ အဖေ အ၀တ်လျှော်နေတယ် ... ထမင်းချက်နေတယ် ... ၀က်စာကျွေးနေတယ် ... အငယ်မလေးကိုထိန်းနေတယ် ... 
အမေကတော့ ဆေးမအောင်သလိုပဲ ... သလိပ်ထပ်စစ်ရမယ်တဲ့ ... အမေရိကားတော့ လျှောက်ထားတာပဲ ... အော်ရစီကတော့ ပညာရေးကောင်းတယ် ... စကင်ဒီဒေးဗီးယားက ရဲဘော်ဟောင်းကြီး ... နောက်လကျရင် မုန့်ဖိုးပို့ပေးဦးမယ် ... ကလေးတွေ ဒုက္ခရောက်ပါတယ် ... အမြန်ဆုံးထွက်နိုင်အောင်လုပ်ကြကွာ ... ပညာရေးကလည်း မရှိ ... ကျန်းမာရေးကျတော့လဲ စမ်းသပ်ခံသတ်ကွင်း ... မီးသွေးက ၅၀ ဘတ် ... ခိုးခုတ်ရောင်းတဲ့ ထင်းခြောက်က ဘတ်အစိတ် ... တအိတ်ကို တလခံရရင် ကံကောင်း ... ငါတို့ပို့မယ့်ငွေ ဇ၀က်သာနဲ့မျှောမပြစ်လိုက်နဲ့ ... အဆိပ်ပင် ရေလောင်းမဖြစ်စေနဲ့ကွာ ... ကလေးတွေအတွက် အာဟာရဖြစ်မယ့် အစားအစာ ၀ယ်ကျွေးပါ ... အရက်တထုပ်ကို အ၀က်သား ပါရင်ကံကောင်း ... သကြားနဲ့က ခေါင်းခိုက်တယ်ကွာ ... မတုတ်အိမ်က သန့်တယ် ... အစိတ်ပဲ ... ဒါပေမဲ့လက်ငင်း ... စခန်းကထုတ်ပေးတဲ့ ပဲတွေ ယူသွားကွာ ... မင်းတို့မြို့ရုံးမှာစားဖို့ ... ငါတို့အတွက်လား ... ငါတို့ ပဲမစားတော့ဘူးကွ ... မီးသွေးမရှိ ... ထင်းမတတ်နိုင် ... ပဲက ငါတို့ နှုတ်ခမ်းနဲ့ သိပ်အလှမ်းဝေးသွားပြီဟ ... ငါ့ကောင်ရ ... အေးလေ မင်းတို့ကတော့ ငြိမ်းချမ်းရေးကို တတိယနိုင်ငံကနေ သရော်နေသလား ... မျှော်နေသလား ... ကချင်မှာ စစ်က အကြီးအကျယ်ဟေ့ကောင်ရေ ... အပစ်ရပ်ထားတဲ့ အဖွဲ့တွေလည်း အိမ်မလုံ ခြံမလုံ မျက်နှာငယ်နဲ့ပါ သူငယ်ချင်းရာ ... ဒီအချိန် သံလွင်ထဲ ခရုငုတ်လို့ ရပြီကွ ... သောင်ရင်းကတော့ ငါးပါ မြင်နေရတယ် ... အေးကွာ နိုင်ဂါရာ ရေတံခွန်ပေါ်ကနေလည်း ခုန်မချလိုက်ပါနဲ့ ... ငါတို့ လာအောင် စောင့်ဦးကွာ ... မုံရွာမှာလည်း သံဃာတွေ အရှင်လတ်လတ် လောင်တိုက်သွင်းခံရ ... တရားဥပဒေမှ မလိုက်နာ ... ဘုန်းကြီးက ဘုန်းကြီးလို မနေလို့တဲ့ကွာ ... ဆုံးမတယ်ပြောကြတယ် ... အနောက်တံခါးကလည်း စံနက်တံဖြုတ်ထားတဲ့ ဗုံးတလုံးထက်ကို တထိတ်ထိတ် တလန့်လန့်ပါမောင်ရာ ... ဒို့များ ... စိုက်ခဲ့ စားခဲ့တဲ့ သောင်ပြင်မှာ ရေကာတာကြီးတွေ ဆောက်တော့မတဲ့ကွာ ... အော် ဒါနဲ့ ၁၉၉၀ ရလဒ်က ခေတ်မမီ အသုံးမတည့် လက်တွေ့မကျတော့ဘူးကွ ... အဲလို ပြောပြီး ... ခုလဲ ထပ်ကြားရတာက နိုင်ငံရေး မလုပ်တဲ့ ပြည်သူတဲ့ ... ငါလည်း အဲဒါ လိုက်ရှာနေတာ ... အဘိဓါန်တွေလဲ စုံပါပြီကွာ ... ဗိုလ်အောင်ဆန်းပြောခဲ့တာ ... အရစ္စတိုတယ်ပြောခဲ့တာ မှားနေပြီလား မသိပါဘူးကွာ ... ထားပါလေ ... ခုက ဒုက္ခသည်စခန်းတွေမှာ လူတွေ လျော့သွားတာ မှန်ပါတယ် ... လူတွေတိုးလာတာကလည်း အမှန်ပါပဲကွာ ... သည်ကြားထဲ ဒုက္ခသည်ရိက္ခာတွေ လျော့တော့ ဒုက္ခသည်စခန်းမှာ ခွေးဟောင်သံတောင် သိပ်မကြားရတော့ဘူးကွာ ... အေးပါကွာ ... သိပ်မသောက်တော့ပါဘူး ... သောက်စရာကလဲ အဆိပ်တောင် အလကားမှ မရတော့တာ ... ငါတို့လည်း မြန်မြန်လာချင်လှပါပြီ ... အေးအေး ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်တော့ မင်းတို့လုပ်နိုင်ရင် အဲဒီကနေ ဆွမ်းလေး ဘာလေးကပ် ... အမျှအတမ်းလေး ဝေပေးကြပါကွာ ... တငှက်တည်းဖျား ... တအိုးတည်းစားခဲ့ကြပေမဲ့ ... ငါတို့အဖို့တော့ အမှတ်တရ အလွမ်းပဲ တတ်နိုင်တော့သကွာ ... တတိယနိုင်ငံတွေကလဲ ခေါ်မှာဖြင့် မြန်မြန်ခေါ်စေချင်တယ်ကွာ ... ဒုက္ခက လည်ပင်းနင်းလို့ ... သေမင်းက ခေါင်းရင်းခန်းတက်ထိုင်နေပြီကွာ ... စိတ်ချပါကွာ ... မင်းတို့ပို့မယ့်ပိုက်ဆံ အဆိပ်ပင် ရေလောင်း မဖြစ်စေရပါဘူး ... အေးကွ ... ငါသွားချင်တဲ့ နိုင်ငံကတော့ နိုင်ငံရေးမလုပ်တဲ့ ပြည်သူတွေ နေတယ်ဆိုတဲ့ တိုင်းပြည်ပဲကွ ... ဒီတသက်တော့ ရောက်လိမ့်မယ် မထင်ပါဘူးကွာ ...။ ။ 

Comments