Kamarpale - Essay

ကဗျာဆရာ ကိုလူလူလက်ျာရဲ့ သူ့ (အစွန်းရောက်အဆုံး) ကဗျာအပေါ် ရေးသားခဲ့တဲ့ကဗျာခံစားမှု မှတ်ချက်
ကမာပုလဲ
ဇန်န၀ါရီ ၂၊ ၂၀၁၃


ကြးစည် ခန္ဓာမှာ ဆတ်ကော့မတ်ကော့ အရေပြားကြီးကပ်လို့ ... ကြေးစည်ရဲ့ ရင်ခုန်သံဟာ နာနာကလေးထုရိုက်လိုက်မှ သူ့ငိုချင်းရှည် ဝေးသထက် ဝေးဝေးကို ထွက်ခွာသွား ... မနက်ဖြန်ဟာ ကြွေးရှင်ရဲ့ မျက်နှာလို မာရေကြောရေ အပြည့် ... အိမ်တိုင်ပဲ ချွတ်တော့မလို... သမီးပျိုပဲ သိမ်းတော့မလို ... ဘိန်းရှုတဲ့ပြောင်းထဲမှာ မင်းရယ် ... စိတ်ကူးစိတ်သန်းတွေရယ် ... ဒီနေ့ဆိုတဲ့ ပစ္စက္ခတွေရယ် ... လျှပ်ပေါ် လော်လည် မင်းခမ်းမင်းနားတွေရယ်... အနုပညာသည်လို့ မရှက်မကြောက်ကြွေးကြော် မျက်နှာပြောင်သူတွေရဲ့ အနုပညာအကြောင်း မသိသားဆိုးရွားခေါင်းပါးမှုတွေရယ် ... ပေါက္ခရ၀ဿ ဒီမိုကရေစီ ရေစီးကမ်းပြိုမှုတွေရယ် ... အနာမကျက်သေးဘူး ... ဖိတ်စင်ကွဲလျှသွားတဲ့ ဒဏ်ရာအသစ်ချပ်ကျွတ်တွေရယ် ... ၀င်လေလား ... ထွက်လေလား ... ၀င်သက်လား ... ထွက်သက်လား ... မီးပွိုင့်မှာ တက်လာတဲ့ လက်မှတ်စစ်ရဲ့ မျက်နှာကြောလို ... အိုဘားမား နောက်ကလိုက်လာတဲ့ လုံခြုံရေးတွေ မေ့ကျန်ခဲ့သလား အဲဒီမျက်မှန် ... အဲဒီမျက်မှန်ဟာ အစိမ်းရောင် မြင်သလား ... အညိုရောင်ကို မြင်သလား ... နေကို ကာတာလား ... သူ့မရိုးသားမှုကိုကာတာလား ... ဒဂုန်တာရာက တက္ကသိုလ်နေ၀င်း အိမ်မှာ နေတယ် ... ပင်နီတိုက်ပုံကလေးကို ၁၉၃၈ အထိမ်းအမှတ် တမြတ်တနိုး သိမ်းလို့ ... ဆည်းလို့ ... ကောလိပ်ဂျင်နေ၀င်းက “ပယင်းရောင်” အရက်သမား ဘ၀သရုပ်ဖေါ် ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်ခန်းတခုမှာ အဲဒီ ကိုဌေးမြိုင်ရဲ့ ပင်နီတိုက်ပုံကို မပြောမဆို ယူဝတ် ... ဇာတ်ဝင်ခန်းထဲ သရုပ်ဆောင် ... ကိုဌေးမြိုင်က အဲဒီပင်နီကလေး ပြန်မယူတော့ ... ကောလိပ်ဂျင်ကို စိတ်လည်း မကောက်ပါဘူး ... စိတ်လည်း မဆိုးခဲ့ပါဘူး ... အဲဒီ ပင်နီအင်္ကျီကလေးကို ... ရိုးမက ပြန်လာတယ် ... ကဗျာဆရာ ... စာရေးဆရာတွေ ... ကောလိပ်ဂျင် အိမ်မှာ ဆရာ့ကို လာတွေ့ကြတယ် ... ဦးခိုက်ကြတယ် ... ရိုးမက ပြန်လာသူတွေ ... ဘယ်လို ပြန်လာတာလဲ ... ရိုးမကနေ အပြီးပြန်လာကြသူတွေ ... အဲဒီ ရိုးမက ပြန်လာသူတွေထဲ ကဗျာဆရာတယောက်ဟာ ကိုဌေးမြိုင်ဆီ ခဏခဏလာတယ် ... ဦးခိုက်တယ် ... ကောလိပ်ဂျင်နေ၀င်းက အဲဒီ ကဗျာဆရာ ... ရိုးမက မပြီးဘဲ ... ရိုးမက အပြီးပြန်လာတဲ့ ကဗျာဆရာကို “ရိုးမက ပြန်လာတာလား ရဲဘော် ကြီး” တဲ့ ... ဆုံတိုင်း ... တွေ့တိုင်း ဒီစကားပဲပြောပြီး နှုတ်ဆက်သတဲ့ ... အဲဒီ ကောလိပ်ဂျင်နေ၀င်းရဲ့ နှုတ်ဆက်စကားသံမှာ ... ရွာပုန်း ရွာရှောင်တွေ ရှိတယ် ... စစ်ပြေး ဒုက္ခသည်တွေ ရှိတယ် ... မြေလှန်ဖျက်ဆီးခံလိုက်ရတဲ့ ရွာပျက်တွေ ရှိတယ် ... အပျိုဖေါ်မ၀င်ရသေးဘဲ အပျိုရည်နဲ့ အသက်ပါ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေ ရှိတယ် ... မပြီးသေးတဲ့ ဆွဲလက်စ ပန်းချီကားတွေ ရှိတယ် ... စစ်အာဏာရှင်ရဲ့ စစ်ဦးဘီလူးကို ရိုက်မချိုးနိုင်ပဲ ... ဒူးထောက် အညံ့ခံလိုက်မှုကို အောင်ပွဲလို့ ထင်မှတ်မှားမှုတွေ ရှိတယ် ... အမှိုက်ပုံထဲ စားစရာ စားကျွင်းစားကျန် ရှာဖွေနေတဲ့ ကလေးတယောက်ရဲ့ လက်ထဲ အဲဒီ လက်နက်ချထားတဲ့ အလိုရမ္မက်တွေ လက်ထဲပါလာတော့ ကလေးက ရွံသလို ရှာသလို မသတီစရာ ကြည့်ရင်း ကောက်လွှင့်ပစ်လိုက်တယ် ... အဲဒီ အစာငတ် ကလေးငယ်ရဲ့ “ထွီ” ဆိုတဲ့ အားပေးချီးမြှင့်သံမှာ ... အစွန်းအထင်းတွေနဲ့ ... အစွန်းလည်း မရောက်ဘူး ... အဆုံးနဲ့ အစလည်း မရှိတော့ဘူး ... အစွမ်းအစလည်း မကျန်တော့ဘူး ... လေထုထဲ ပက်လက်ရော မှောက်ခုံရော မျောလို့ ... ခွေးတွေ ... အဲဒီအနံ့တွေရတော့ ... အောင်ပွဲသဘင်နဲ့ ၀မ်းပန်းတသာ အူနေကြ ... ကဗျာဆရာ ကိုလူလူ လက်ျာ သည်လည်း အဲဒီ ခွေးအူသံတွေ သူ့နားထဲ မခံနိုင်လွန်းရှာလို့ သူ့ကဗျာနဲ့ ကြေးစည်ထဲ စိမ့်ကာ ... စိမ့်ကာ စီးဝင်သွားပါတော့တယ် ...။

မူရင်းကဗျာလင့်။   ။ http://www.facebook.com/notes/lululattyar-yar/%E1%80%A1%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%A1%E1%80%86%E1%80%B6%E1%80%AF%E1%80%B8/271813819607398


သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

Comments