Maung San (Thi Ta Gu) - Articles

ခါတပေါင်း ကျောင်းသီတဂူ
မောင်စံ (သီတဂူ)
ဇန်န၀ါရီ ၃၊ ၂၀၁၂


“Ladies and gentlemen, Welcome on board......”

အော် လေယာဉ်တက်တော့မှာပါလား၊ လေယာဉ်မယ်က ခရီးသည်တွေကို လေယာဉ်မထွက်မီ လုံခြုံရေး ကြေညာချက်တွေပြုလုပ်ပေးနေပြီ။ ဒီနေ့ ခရစ္စမတ်နေ့ ခရီးသွားသူသိပ်မရှိ၊ မိမိ ခုံတန်းမှာဆို ထိုင်ခုံသုံးခုံလုံးမှာ မောင်စံ တစ်ယောက်တည်း၊ ကောင်းလိုက်တာ လွတ် လွတ် လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ လက်ပတော့လေး ဆွဲထုတ်ပြီး သီတဂူ ဆရာတော်ကြီးရဲ့ (၇၆) နှစ်မြောက်မွေးနေ့ပူဇော်ပွဲအတွက် ဆောင်းပါး လေးရေးဘို့ စလိုက်တယ်။ လေယာဉ်က (၃) နာရီလောက်စီးရမှာဆိုတော့ အချိန်ရတယ်လေ။ ပျင်းလည်းမပျင်းတော့ဘူးပေါ့။

မောင်စံက မီနီဆိုးတား သီတဂူဓမ္မဝိဟာရ ပဋ္ဌာန်းပွဲကို သွားနေတာ။ Dallas မှာတထောက်တော့ နားရမယ်၊ ဖလော်ရီဒါက စထွက်တဲ့ ဒီလေယာဉ်ကတော့ ကြေငြာထားတာထက် မိနစ် (၅၀) တော့ Delay ဖြစ်တယ်၊ ဒါပေမယ့် Dallas မှာ ပြောင်းစီးမယ့်လေယာဉ်ကို မီမယ်ဆို တော့ ကိစ္စမရှိ။

ပြေးလမ်းပေါ်ကနေ လေယာဉ်တက်သွားတော့ ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တယ်။ West Palm Beach မြို့က ထိုးထိုးထောင်ထောင် မိုးမျှော်တိုက်တွေ၊ မွေလိမ်မွေကောက် အထက်အောက် ဖေါက်လုပ်ထားတဲ့ မိုးပျံတံတားနဲ့ ကားလမ်းမကြီးတွေကို ဖြတ်ကျော်ပြီး ပစိဖိတ် သမုဒ္ဒရာထဲမှာ လေယာဉ်ကိုအရှိန်ယူ ပြန်ကွေ့တယ်။ ကမ်းခြေ တလျှောက် အုန်းပင်တန်းလေးတွေနဲ့ ကမ်းကို ပြေးပြေးရိုက်နေကြတဲ့ လှိုင်း လုံးဖြူဖြူလေးတွေကြားမှာ ရေကူးသူကကူး၊ နေပူလှန်းသူကလှန်း၊ ပြေးလွှားဆော့ကစားနေကြသူတွေ၊ လေဟုန်ရေလှိုင်းစီး နေကြ သူတွေနဲ့ စည်ကားလှပနေတယ်။

ဒီမြင်ကွင်းကိုမြင်တော့ အဝေးမှာကျန်ရစ်ခဲ့တဲ့ စစ်ကိုင်းတောင်ကြီးနဲ့ ဧရာဝတီမြစ်ကြီးကို သတိရမြင်ယောင် လာမိပြန်တယ်။ ဟုတ်တယ် စိတ်ကူးယဉ်တယ်ပဲပြောပြော မောင်စံကတော့ စစ်ကိုင်းတောင်ကြီးနဲ့ ဧရာဝတီမြစ်ကြီးကို သိပ်ချစ်တယ်။ မကြာမကြာ အလုပ်တွေများပြီး ခေါင်းထဲညည်းစီစီဖြစ်လာရင် မောင်ကိတ်တို့ မောင်သဇ်တို့နဲ့အတူ သီတာရုံသွား ဝရံတာကနေ မြစ်ပြင်ကိုငေးကြည့်ပြီး လေကောင်းလေသန့်သွားသွားရှူတတ်တယ်။ စိတ်ထဲ ပေါ့ပါးလန်း ဆန်းသွားပြီဆိုတော့မှ ကျောင်းပြန်လာပြီး အလုပ်တွေကိုဆက်လုပ်ရတာ ပိုပြီးထိရောက် တွင်ကျယ်တယ်လေ။

ဧရာဝတီမြစ်ထဲမှာတော့ ပစိဖိတ်သမုဒ္ဒရာထဲကလို ပင်လယ်ကူးသင်္ဘောကြီးတွေ၊ အပျော်စီး စပိဘုတ်တွေ တော့ မရှိဘူးပေါ့၊ ဒါပေမယ့် ဆည်းဆာနေ ရွှေရည်အောက်မှာ တရွေ့ရွေ့မျောနေတဲ့ ဝါးဖေါင်ကြီးတွေ၊ သစ်ဖေါင်ကြီး တွေ၊ တကျွိကျွိ လှော်ခတ်နေတဲ့ ငှက်သမ္ဗာန် ရွက်လှေလေးတွေ၊ ဝေဟင်မှာဝဲပျံသန်းနေတဲ့ ငှက်ကလေးတွေနဲ့တင် ဧရာဝတီမြစ်ကြီးက လုံလောက်အောင် လှပနေပြီလေ။


“နွေဥတုရဲ့ ကြေလုလုရွက်ဝါတွေ၊
ပတ္တမြားစီ ထက်ယံမြင့်၊
လက်ပံပွင့် ဝေ။
တပေါင်းနေ၊ ချောင်းရေကို ငုံ့အသောက်။”
ဘာရယ်မဟုတ် ဟိုး... ငယ်ငယ်က ရထားဘူးတဲ့ မောင်စိန်ဝင်း (ပုတီကုန်း) ရဲ့ နွေထဲမှာ ကဗျာလေးက နှုတ်ဖျားကို ဖွဖွလေး လာနမ်းနေတယ်။

အော်... စစ်ကိုင်းနဲ့ဧရာဝတီကို သတိရပြီဆိုမှတော့ အမိသီတဂူတက္ကသိုလ်ကြီးလည်း ပါလာရပြန်ပြီပေါ့။ ဒီအချိန်ဆိုရင် ကျောင်းသားတွေ အတွက် အတန်းတင်စာမေးပွဲတွေပြုလုပ်ပေးဘို့ ကြိုတင်ပြင်ဆင်နေတဲ့အချိန်၊ စာမေး ပွဲပြီးတာနဲ့ ဆရာတော်ရဲ့ မွေးနေ့ပွဲအတွက် ကျောင်းသန့်ရှင်းရေးတွေ၊ နေရာထိုင်ခင်း ပြင်ဆင်တာတွေ၊ စောင် ခြင်ထောင် ခေါင်းအုံးတွေနေလှမ်း ခင်းကျင်းတာတွေ၊ အိမ်သာတွေ ရေချိုးခန်းတွေ ပြုပြင်သန့်ရှင်းတာတွေ၊ မီးဖိုဆောင် ဆန် ဆီ ဆား ပဲ ငပိ ငါးခြောက်စတဲ့ အခြေခံစားသောက်ဖွယ်တွေ စုဆောင်းတာတွေ၊ လာရောက်မယ့်ဧည့်သည်တွေ အတွက် ဟိုတယ်ဘွတ်ကင်လုပ်တာတွေ၊ သီတဂူဂီတဉ္စလီ ဖျော်ဖြေရေးအဖွဲ့အတွက် စတိတ်စင်ဆောက် လုပ်ရေးနဲ့ ခွင့်ပြုမိန့်တောင်းခံရတာတွေ၊ အနယ်နယ်အရပ်ရပ်က လာရောက်ကြမယ့် အလှူရှင်စာရင်းတွေ၊ ဧည့်စာရင်းတွေ ဒါတွေဒါတွေကို ကြိုတင်ပြုလုပ်ကြရတော့မယ်။

သံဃာတွေအကုန်စည်းဝေးပြီး လုပ်ငန်းတွေ ခွဲဝေလုပ်ကြရတာ၊ ပျော်စရာသိပ်ကောင်းတယ်။ စာသင်သား သံဃာငယ်တွေကို စာချကထိက ပါမောက္ခတွေက အဖွဲ့လိုက် အဖွဲ့လိုက်ဦးဆောင်ပြီး ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ဆောင်သွားကြရတာပါ။ ဘကြီးကောကတော့ တာဝန်အများဆုံးယူရတာဆိုတော့ အပင်ပန်းဆုံးပေါ့။

မှတ်မိသေးတယ် (၂၀၀၉) ခုနှစ်တုန်းကဆိုရင် ဆရာတော့်မွေးနေ့နဲ့အတူ အခမ်းအနားတွေကို စုံသွားတာပဲ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာတက္က သိုလ်များအစည်းအဝေးလည်းပါတယ်၊ ဘွဲ့နှင်းသဘင်ခမ်းမ သန္တိမဟာသိမ်တော်ကြီးဖွင့် ပွဲလည်းပါတယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားလည်းပါတယ်။ ထုံးစံ အတိုင်း သံဃာ (၁၀၀၀)၊ သီလရှင် (၁၀၀၀) ဆွမ်းလောင်းပွဲ လည်းပါ တယ်ဆိုတော့ အတော်လေးကို မလစ်ဟာ အောင်လုပ်လိုက်ကြရတယ်။

အစည်းအဝေးက (၃) ရက်ကျင်းပတာ၊ နေ့ရောညပါ အချိန်ပြည့်။ နိုင်ငံတကာ တက္ကသိုလ်က ထိပ်တန်းပညာ ရှင်တွေ၊ နိုင်ငံတော်အကြီး အကဲတွေ၊ သံတမန်တွေ၊ အထူးဧည့်သည်တော်တွေလာရောက်ကြတာဆိုတော့ နေရေး ထိုင် ရေး၊ စားသောက်ရေး၊ ကြိုဆိုဧည့်ခံရေးတွေလည်းလုပ်ရတယ်၊ အဖွဲ့လိုက်အစည်းအဝေးတွေမှာ Chairman လည်းဝင် လုပ်သေးတယ်ဆိုတော့ အတော်လေးတော့ ပင်ပန်းတယ်၊ ဒါပေမယ့် အဆင်ပြေပြေ ချောချောမွေ့မွေ့ပြီးဆုံးသွားတယ် ဆိုတော့ ပျော်ရတာပေါ့။ ဆရာတော်ကတော့ ကျိန်းတောင်မ ကျိန်းရ လောက်ပါ ဘူး၊ အစစ အဆင်ပြေစေဘို့ စီစဉ် ညွန်ကြားရတာတွေ၊ ဧည့်သည်တော်တွေနဲ့ ဧည့်ခံစကားပြောရတာတွေ၊ အစည်းအဝေး မိန့်ခွန်းပြောရ တာတွေနဲ့ စိတ်ရော ကိုယ်ရော မနားရပါဘူး။

ကိုယ့်ဆရာမို့ ကိုယ်ပြောတာတော့ မဟုတ်ပါဘူး၊ စီစဉ်ညွှန်ကြားတဲ့နေရာမှာ ဟိုး...အထက်ဆုံးကနေ အောက် ခြေထိ ဘာမှလစ်ဟာမှုမ ကျန်ရအောင် စီစဉ်ညွှန်ကြားနိုင်တယ်။ ဆွေးနွေးပွဲအစီအစဉ်၊ ဧည့်သည်တော်များ ဘုရားဖူး ပို့ဆောင်ရေးအစီအစဉ်၊ ကျွေးမွေးရေးအစီအ စဉ်တွေတင်မက ဟိုးအောက်ခြေကအလုပ်ဖြစ်တဲ့ အမှိုက်တွေသိမ်းဆည်း သန့်ရှင်းရေးကိစ္စတွေထိ မလစ်ဟာအောင် စီစဉ်ညွှန်ကြားတော်မူ တယ်။ မှတ်တမ်းတင် ရုပ်/သံ အဖွဲကိုလည်း အကွက်စေ့အောင် ရိုက်ကူးမှတ်တမ်းတင်ဘို့ မိန့်မှာတယ်။ မောင်စံတို့ တပည့်ကြီးများအဖွဲ့က လည်း တနေ့ပြီး တနေ့ ဆရာတော်ဆီသွားပြီး လုပ်ငန်းတွေအစီရင်ခံရတယ်၊ ညွှန်ကြားချက်တွေကို ယူရတယ်။ နောက်တနေ့မှာ ညွှန်ကြား ချက် အတိုင်း လုပ်ဆောင်ရတယ်ပေါ့။

ဆရာတော်ရဲ့ ညွှန်ကြားချက်နဲ့ တပည့်တွေရဲ့ ညီညီညာညာ စုပေါင်းလုပ်ဆောင်မှုကြောင့် နှစ်စဉ်နှစ်တိုင်း မွေးနေ့ပွဲလာကြတဲ့ အနယ်နယ် အရပ်ရပ်က ထောင်ပေါင်းများစွာသောဧည့်သည်တွေဟာ ဘယ်သူမှအဆင်မပြေတာ မရှိခဲ့ကြဘူး။ ပျော်လွန်းလို့ နှစ်တိုင်း ဒီအချိန်ကိုစောင့်မျှော်နေကြပြီး ရောက်အောင်လာကြတယ်။

ကြည်နူးစရာအကောင်းဆုံးကတော့ မနက်ဝေလီဝေလင်းအချိန်မှာ သံဃာ (၁၀၀၀)၊ သီလရှင် (၁၀၀၀) ကို ဆွမ်းလောင်းကြတဲ့မြင်ကွင်းပဲ။ အဝင်မင်းလောင်းရုံကို စေတီရဲ့ မြောက်ဘက်မုခ်မှာ တည်ဆောက်ထားပြီး အထွက်မင်း လောင်းရုံကို အရှေ့မုခ်မှာဆောက်ထားတယ်။ သံဃာတွေကို သပိတ်ရော ဆွမ်းအစ်တွေပါလှူတာမို့လို့ သပိတ်စင် ကြီးကို အဝင်မုခ်နားမှာ အဆင်တန်တာတွေနဲ့ လှလှပပ တည်ဆောက် ထားတယ်။ စစ်ကိုင်း မိုးဇာဗျောအဖွဲ့က သံဃာ တော်များ ဆွမ်းခံကြွနေတဲ့အတောအတွင်း မနက်မိုးစင်စင်လင်းသည်ထိ စည်တော်ကြီး နဲ့ဗျောကို မရပ်မနား ငြိမ့်ငြိမ့် ငြောင်းငြောင်း တီးမှုတ်ပေးနေတယ်။ သီတဂူဂီတဉ္ဖလီ ဂီတရုပ်ရှင် အနုပညာရှင်များအဖွဲ့ကလည်း ငြိမ့်ငြောင်း သာယာတဲ့ တေးသံသာတွေနဲ့ သီဆိုပူဇော်ပေးနေကြတယ်။

အနယ်နယ်အရပ်ရပ်က သီတဂူတပည့်ဒကာဒကာမတွေဟာ ရွှေရောင်ဝင်းနေတဲ့ စေတီတော်ကြီးပတ်ပတ် လည်မှာ အဖွဲ့လိုက် ဆိုင်းဘုတ် တွေချိတ်ဆွဲပြီး သပိတ် ဆွမ်း သင်္ကန်း စောင် တဘက် ဆပ်ပြာ ဆေး စတဲ့လှူဘွယ် တွေကို စားပွဲတွေနဲ့တင်ထားပြီး လောင်းလှူကြတယ်။ နဝကမ္မငွေဆွမ်းလောင်းတဲ့သူလည်း မနည်းဘူး၊ အတန်းဆုံး လို့ထွက်လာပြီဆိုရင် ကိုယ်တော်ရဲ့နောက်မှာ ပီနံအိတ်တွေမနိုင်မနင်းဆွဲလိုက် လာတဲ့ ကပ္ဗိယနှစ်ယောက်စီ ကိုတွေ့ရ မယ်။ သီတဂူမှတ်တမ်းတင်အဖွဲ့ကလည်း မလွတ်တမ်းပေါ့။ မြန်မာ့ရုပ်မြင်သံကြားအဖွဲ့တွေကလည်း လာရိုက်ကြတယ်၊ အင်တာဗျူးကြတယ်။

နားနေဆောင် ဒေါင့်လေးထောင့်မှာ မုန့်ပြားသလက်တို့ စမူဆာနဲ့လဘက်ရည်တို့ အကြော်တို့ ပြောင်းဖူးပြုတ် တို့ စတာတွေကို စတုဒိ သာကျွေးတယ်။ မုန့်ပြားသလက်ကတော့ ရောင်းအကောင်းဆုံးပဲ၊ မုန့်လုပ်နေတဲ့သူ (၁၀) ယောက်လောက်ဟာ လက်မနိုင်ဘူး၊ အိုးထဲမှာ ဖုတ်လို့ ကောင်းကောင်းတောင် မကျက်သေးဘူး ဆွဲလုကြတဲ့သူတွေက အုတ်အုတ်ကျက်ကျက်။ တကယ့်ကို ပျော်စရာပဲ။

သီလရှင်တွေကို လောင်းတဲ့နေ့မှာ အလှူမခံခင် မုန့်ဟင်းခါးတို့ ရွှေတောင်ခေါက်ဆွဲတို့ ကျွေးမွေးသေးတယ်၊ စားပြီးမှ စုရပ်မှာသွားစုပြီး ကိုယ့်ကျောင်းနာမည်ကို ခေါ်တဲ့အခါမှ စနစ်တကျတန်းစီဝင်ပြီးအလှူခံ၊ ဒီလိုမျိုး။ သီလရှင် တွေလည်း တစ်ပါးတစ်ပါး မနည်းဘူးရကြတာပဲ၊ ဝတ်စုံတွေ၊ အသုံးအဆောင်တွေ၊ နဝကမ္မတွေ၊ ဆန် ဆီ ဆေး ဆား ငပိ ငါးခြောက်တွေ အများကြီးရကြတယ်။ ရတဲ့သူလည်း ပျော်သလို ပေးရတဲ့သူတွေလည်း ပျော်တပြုံးပြုံး မော်မဆုံးပေါ့၊ ဆရာတော်က မိန့်လေ့ရှိပါတယ်။ “အေး... ယူတဲ့သူကတော့ လေးသွားမှာပဲ၊ ပေးတဲ့သူ ကတော့ ပေါ့သွားတယ်” တဲ့။ စိတ်ထဲမှာရော လက်ထဲမှာပါ တကယ်ကိုပေါ့သွားတာ။ ပါရမီရှင်တွေက အဲဒါကို ပီတိဖြစ်ကြတာ။

မနက်ခင်းအစောပိုင်း အလှူကြီးတွေပေးပြီးတဲ့အခါ နေ့ဆွမ်းမကပ်ခင်အချိန်မှာ ဆရာတော်ကြီးများကို ပင့်ဖိတ်ပြီး သီတဂူဆရာတော်နဲ့တပည့်များအားလုံးက ဆရာတော်ကြီးများကို ကန်တော့ကြတယ်။ သြဝါဒကထာနာကြားကြ တယ်။ လှူဘွယ်ဝတ္တုများဆက်ကပ်လှူဒါန်းအပြီးမှာ သီတဂူဆရာတော်က လှူဒါန်းသမျှဒါနအားလုံးအတွက် ရေစက်ချအမျှအတမ်းပေးဝေကာ အနုမောဒနာ တရားဟောကြားပြီး မွေးနေ့ အလှူတော်ပွဲကို အပြီးသတ်လေ့ရှိတယ်။

ဒါဟာ နှစ်စဉ်နှစ်စဉ် ပြုလုပ်နေကျ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲ။ ဒါကြောင့် ဒီအချိန်ရောက်ရောက်လာရင် ဒီ အလှူပွဲကို သတိရရနေတတ် တယ်။ တပည့်သံဃာတွေကလည်း ဓမ္မအသံ မဂ္ဂဇင်းနဲ့ စာတွေရေးပြီး ပူဇော်နေကျဆို တော့ ဒီနှစ်လည်းပူဇော်ကြဦးမှာပေါ့။ မဂ္ဂဇင်းစီစဉ်နေတဲ့ မောင်ကဝိက ဆောင်ပါးရေးပို့ဘို့ လှမ်းတောင်းတာနဲ့ အတော်ပဲ။ အဲဒီထဲမှာ မောင်စံလည်း အဝေးရောက်ဆောင်းပါးလေး တစ်ပုဒ်နဲ့ပဲဖြစ်ဖြစ် ပူဇော်ခွင့် ရချင်တယ်လေ။ ဒါကြောင့် ခုလို ရေးဖြစ်သွားတာ။

ရေးရင်း ရွတ်လက်စ မဆုံးသေးတဲ့ကဗျာလေးကို ဆက်ပြီးရွတ်လိုက်တယ်-

“အဟောင်းခြွေနွမ်း၊ တပေါင်းနေကြမ်း၊ ချောင်းရေခမ်းပေမယ့်၊
သပြေပန်း အညွန့်နီနီတို့၊ အဓွန့်ရှည်ရှည် အနေရဲတယ်၊
နွေထဲ မကြောက်။” တဲ့
မောင်စိန်ဝင်းရဲ့ တပေါင်းနေဟာ ချောင်းရေကို ငုံ့မသောက်ခင် လောကကြီးကို အရှိန်ပြင်းပြင်းနဲ့ စစ်ခင်းလေ့ရှိ တယ်၊ ခါတပေါင်းပေမယ့် ကျောင်းသီတဂူက တပည့်သပြေပန်း အညွန့်နီနီတို့ကတော့ အဓွန့်ရှည်ရှည်အနေရဲပြီး နွေထဲမှာလည်း ပျော်နေကြတာပါပဲ။

သြော် ပြုံးပြုံး ပြုံးပြုံးနဲ့  ကွင်းပြင်ထဲမှာ မိုက်ကြီးကိုင်ပြီး တပည့် (ရှင်၊လူ) အားလုံးတို့ရဲ့ လုပ်ဆောင်မှုတွေကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ချီးမွမ်းခန်းဖွင့် ကျေးဇူးစကားပြောကြားနေမယ့် ဆရာတော်ကို မြင်ယောင်နေမိသေး တယ်။

“Ladies and gentlemen, now we are going to land at the Dallas Airport. Please remain at the seat and …....”

ဟင်! Dallas လေဆိပ်ဆင်းဘို့တောင် ကြေငြာနေပြီပဲ။ ကွန်ပျူတာကိုပိတ်ပြီး အပြင်ကိုငဲ့ကြည့်လိုက်တော့ လားလား စနိုးတွေကျနေလိုက်တာ တကွင်းလုံးဖွေးလို့ ဖြူလို့ပါလား။ စစ်ကိုင်းတောင်ဟာ ဗျိုင်းရောင်လို ဘုရားတွေနဲ့ ဖြူဖွေး နေသလို ဒါးလတ်စ်ဟာလည်း ကွင်းထဲမှာ နှင်းခဲတွေနဲ့ ဖွေးဖွေးဖြူနေတယ်။

“သြော်...လွမ်းလိုက်တာ စစ်ကိုင်းရယ်.....”
.......

ဤဆောင်းပါးဖြင့် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် ကျေးဇူးရှင် သီတဂူဆရာတော်ဘုရား၏ သက်တော် (၇၆) နှစ်ပြည့် မွေးနေ့ကို ရိုသေစွာ ပူဇော်အပ်ပါသည်ဘုရား။


သရုပ်ဖော်ပန်းချီအား ဤနေရာမှတဆင့် ပြန်လည်ကူးယူပါသည်။

Comments