News and Media

ရွှေတွံတေး ဆရာတော် မေတ္တာစမ်းရေ တရားပွဲကျင်းပ
ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၂၄၊ ၂၀၁၃
 

ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ် ကဒုံကနိတွင် မေတ္တာစမ်းရေ ပရိဟိတလူငယ်အဖွဲ့ ကကြီးမှူးပြီး သာသနာအကျိုးဆောင်လူငယ်များပံ့ပိုးမှုဖြင့် ၂၀. ၁. ၂၀၁၃ နေ့ က ရွှေတွံတေးဆရာတော် ညတရားပွဲကိုကျင်းပခဲ့သည်။


ရွှေတွံတေးဆရာတော်က.......... ရတနာသုံးပါးကို တကယ်ကြည်ညိုတတ်အောင် ဟောကြားခဲ့ရာတွင် ဘုရားကိုတကယ်ကြည်ညိုမှ တကယ်လိုက်ကျင့်မှ ဘာသာယဉ်ကျေးမှုမပျောက်မှာ - သစ္စာပါရမီဖြည့်ကျင့်ရင်လည်း တကယ်အမှန်တရားကိုမြတ်နိုးမှ - အမှန်တရား အတွက် တကယ်ပြောရဲ ဆိုရဲရမယ် ရပ်တည်ရဲရမယ် - နောက်တဆင့် ခနာသွေးသားနဲ့ရင်းပြီး နှိပ်စက်ခံရရင်တောင် အမှန်တရားကို မျက်ကွယ်မပြုဘူးဆိုတဲ့စိတ်နဲ့ ကျင့်ကြံရတယ် - အမြင့်ဆုံး အမြတ်ဆုံးကတော့ အသက်နဲ့ရင်းပြီး အမှန်တရား သစ္စာတရား အတွက် ကြံ့ကြံ့ ခံရပ်တည်ဖို့ အဓိဌာန်ဆုံးဖြတ်ချက် စိတ်ဓါတ်မျိုး မွေးမြူးအားထုတ်ဖို့ ပါဘဲ ..... အနိစ္စတရားလည်းသိမှ - လောက မှာမြဲနေတာ ဘာမှမရှိဘူး ဆိုတာ တကယ်သိဖို့  အရေးကြီးပါတယ် - တိုင်းပြည်တခုမှာ အာဏာပိုင်တွေကလည်း အာဏာမြဲတယ်ထင်ပြီး ထင်ရာမစိုင်းဖို့ ပြည်သူတွေကလည်း ငါတို့ မတရားခံနေရတာတွေ ဆင်းရဲဒုက္ခရောက်နေရတာတွေဟာ မလွတ်တော့ပါဘူးလို့ စိတ်ဓါတ်ကျအားငယ်မနေကြဖို့  အရေးကြီးတယ် လောကကြီးဟာ အမြဲပြောင်းလဲနေမှာပါ မှန်မှန်ကန်ကန် ကြိုးစားအားထုတ်ကြဖို့ ပဲလိုပါတယ်...... ရဟန်းသံဃာ တွေကိုလည်း တကယ်ကြည်ညိုတတ်မှ....ကြည်ညိုတတ်ရင်ချဉ်းကပ် ကုသိုလ်ဖြစ်တယ် - မကြည်ညိုတတ်ရင် ကင်းအောင်နေ အကုသိုလ် မဖြစ်စေနဲ့  - အရင်အစိုးရခေတ်မှာ ရဟန်းသံဃာတွေ နှိပ်စက်ခံရ အကျဉ်းချခံရ ပျံလွန်တော်မှုကြရတာတွေဟာ မကောင်းဘူး - တိပိဋက ဆရာတော်တွေ ဆရာတော်ကြီးတွေ ရဟန်းပျိုတွေ တော်တော်များများ ဒုက္ခရောက်ကြတယ် - နောက်ဆက်တွဲက သာမန်ပြည်သူတွေကပါ ထောင်ထွက်ရဟန်းတွေကို မလေးမစားဖြစ်လာတယ် သံဃာအချင်းချင်း ပြသ၁နာရှိလာတယ် - တကယ်တော့ကာယကံရှင် စိတ်က သိက္ခာမချရင် လူမဖြစ်ဘူး ထောင်ထဲမှာ လူဝတ်အင်္ကျီလုံချည်နဲ့ နေကြရပေမယ့် ရဟန်းပါဘဲ - ရဟန်းတွေဟာ ၆ချက်ညီမှ သိက္ခာကျတယ် လူဖြစ်တယ် - ဒါအရေးကြီးတယ်အားလုံးလေ့လာကြ - စဉ်းစားဝေဖန်ဆုံးဖြတ်ကြ - ကြည်ညိုတတ်ကြမှ အဆင်ပြေမယ်....... စသဖြင့်၂ နာရီခန့် ဟောကြားခဲ့သည်။

 
 

ဓမ္မပူဇာအလှူတော်ငွေများကိုလည်း ရွှေတွံတေးဆရာတော်က သွေးအလှူ ဆေးအလှူ ပရိဟိတကူညီနေသော မေတ္တာစမ်းရေ လူငယ်အဖွဲ့ ရံပုံငွေအဖြစ် လှူဒါန်းခဲ့သည်။

Comments