ရေးခဲ့မိသော မှတ်တမ်းများ - အပိုင်း (၉)
အုန်းနိုင်
ဇန်န၀ါရီ ၃၊ ၂၀၁၂
အုန်းနိုင်
ဇန်န၀ါရီ ၃၊ ၂၀၁၂
● ပွဲအလန့်မှာ ဖျာခင်းလိုသူများ
ဦးအောင်ကြီးနဲ့  ပြတ်ပြတ်သားသား လမ်းခွဲလိုက်တဲ့အချိန်မှာ ပြည်မြို့ မှာတော့ သိပ်မပြတ်သားပဲ ..အဖွဲ့ ချုပ်အတွင်းမှာ ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်ဆိုတဲ့အသံကြားရပါတယ်။ ဒီအချိန်မှာပဲ ပြည်မြို့ မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ တပည့်တဦး ဆီကစာတစောင်ရပါတယ်။ သူ့စာက ...
ဆရာခင်ဗျား ...
ကျနော်ရိုသေစွာ စာရေးလိုက်ပါတယ်။ စာရေးရခြင်းရဲ့အကြောင်းနဲ့ပတ်သက်လို့ကျနော့်ကို နဲနဲရှင်းပြခွင့်ပြုပါ။ ကျနော့်အနေနဲ့ နိုင်ငံရေး ဘက်ကို ခြေစုံပစ် လိုက်စားလုပ်ဆောင်နေခြင်း မဟုတ်ပေမယ့် အထိုက်အလျှောက် ကူညီဆောင်ရွက်ပေးနေခြင်းမျိုးတော့ရှိပါတယ်။ အဲဒီ တော့ ကျနော့်အယူအဆတစ်ခုကို ဆရာ့ဆီ တင်ပြချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်နဲ့တကွ တစ်တိုင်းပြည်လုံး ရာနှုန်းပြည့် နီးပါး ထောက်ခံအားပေးမှုရှိကြတာ..အားလုံးသိရှိပြီးသားပါ။ အဲဒီလိုပဲ အင်အားတောင့်တင်းတဲ့ တခြားပါတီကြီး တစ်ခုနှစ်ခုလောက်ရှိဖို့ လို နေသေးတယ်လို့ကျနော်ထင်ပါတယ်။ နောက်ပြီးတော့ အဲဒီအင်အားကြီးပါတီကြီးတွေ အချင်းချင်းလည်း အခုအချိန်မှာ မဟာမိတ်ဖြစ်နေကြဖို့ အထူးလိုအပ်တယ်ဆိုတာ ဆရာပိုပြီး သဘောပေါက်မှာပါ။ အဲဒါကတော့ ကျနော် အခုစာရေးခြင်းရဲ့အကြောင်းရင်းပါဘဲ။ (အဲဒီတော့ ဦး အောင်ကြီးရဲ့ ပါတီအတွက် ကျနော်တို့ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြဖို့လည်း လိုမယ်ထင်ပါတယ်။)
ဒီလို ဘာကြောင့် ဆရာ့ကိုရေးရသလဲဆိုတော့ ဆရာ့စိတ်ရင်းကို ကျနော် တပည့်တယောက်အနေနဲ့ သိရှိပြီးဖြစ်လို့ ပါဘဲ။ ဆရာဟာ (ပါတီ စွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ) ဒီမိုကရေစီထွန်းကားရေးကိုသာ အာရုံပြုပြီးလုပ်ဆောင်နေသူတယောက်လို့ကျနော်ခံယူထားလို့ ပါဘဲ။ ဒါ့ကြောင့် ပေါင်းတည်မြို့ လို ဦးအောင်ကြီးရဲ့ မြို့ နယ်တစ်ခုမှာ သူ့ပါတီလည်း ထီးထီးမတ်မတ်ရှိနေသင့်ပါတယ်။ ယခု ဘယ်သူတွေဆောင်ရွက်နေ တယ်ဆိုတာတော့ ကျနော် မသိရှိသေးပါဘူး။ အဲဒီတော့ ဘယ်သူတွေ စိတ်ထက်သန်မှုရှိနေတယ်။ ဘယ်သူတွေကတော့ တက်ကြွပြီး သင့် တော်တယ်ဆိုတဲ့လမ်းညွှန်မှု အကူအညီကို ဆရာ့ဆီက လိုချင်လို့ပါဘဲ။
ကျနော် အင်္ဂါ နေ့နေ့လည်လောက်လာဖို့ရှိပါတယ်။ ကျနော်နဲ့အတူ ပြည်ကတယောက်ပါလာပါလိမ့်မယ်။ အသေးစိတ်ကိုတော့ ဆရာနဲ့ ပဲ တနေရာရာမှာ ဆွေးနွေးချင်ပါတယ်။ကျနော်လာမှပဲ အစုံပြောပြပါမယ်။ ကျနော်ကတော့ ကူညီမှုသက်သက်သာဖြစ်ပြီး စီးပွါးရေး လုပ်ငန်း၊ မိသားစုကိစ္စတွေကြောင့် ဘယ်ပါတီကိုမှ သတ်သတ်မှတ်မှတ် ၀င်ရောက်ဆောင်ရွက်ခြင်းမရှိသေးပါဘူး..။ အင်္ဂါနေ့ (၁၁) နာရီလောက်မှာ ဆရာ့ဆီလာခဲ့ပါမယ်..။
ဒါပါဘဲဆရာ
ရိုသေလေးစားစွာဖြင့် 
စောမောင်
(ပြည်မြို့၊ ပီကင်းစားတော်ဆက်မှတပည့်)
မောင်စောမောင်ရဲ့  စာပါ။ အထက်တန်းကျောင်းသားဘ၀တုံးက တပည့်တဦးပါ။ နောက် ပုတီကုန်းဘူတာမှာ ရုံပိုင်ဖြစ်နေခိုက် ကျနော်က သဲကုန်းဆရာအတတ်သင်ကို မီးရထားနဲ့  နေ့စဉ်သွားနေရတော့ ပုတီးကုန်းဘူတာကို နေ့စဉ်ရထားဖြတ်နေရလို့ ထပ်ပြီးကျွမ်းဝင်ရပါတယ်။ ကျနော် ၁၉၇၆ ခုနှစ် သဲကုန်းဆရာအတတ်သင်ကပြောင်းပြီးကတည်းက သူနဲ့ မတွေ့ ဖြစ်တော့ပါ။ နောက်တော့ သူရုံပိုင်အလုပ်ကထွက်ပြီး ပြည်မြို့ မှာပီကင်းစားတော်ဆက်ဆိုတာဖွင့်ထားတယ်လို့သတင်းကြားပြီး လူချင်းမတွေ့ ဖြစ်ပါ။ သူ့ စာကို ဖတ်လိုက်ရတော့ ပြည်မြို့ ရဲ့  နိုင်ငံ ရေးကို အကဲခတ်မိပါတယ်။ ပြည်မြို့ ဟာ ဒီမိုကရေစီ အုံကြွမှုကြီးမှာ စစချင်း မပါဝင်နိုင်ခဲ့ပါဘူး။ ၈၈ အရေးအခင်းမတိုင်ခင်လေးမှာ ကုလား ဗမာ အဓိကရုဏ်းကြောင့် မာရှယ်လောအထုပ်ခံထားရတဲ့ မြို့ ဖြစ်လို့ ဒီ့ပြင်မြို့ တွေမှာ ဒီမိုကရေစီအုံကြွမှုကြီးကို အသက်ပေးစွန့် လွှတ်စွန့်စား လုပ်နေကြရတဲ့အချိန်မှာ သူတို့မြို့ မှာ အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုဂယက်ကြောင့် ကြိတ်ဝိုင်းကလေးတွေပဲ လုပ်နေရချိန်ပါ။ သြ ဂုတ်လ (၂၄) ရက်နေ့ စစ်အုပ်ချုပ်ရေး ဖယ်ရှားလိုက်တော့မှ ချက်ခြင်းသပိတ်ကော်မတီတွေ အပြိုင်းအရိုင်းပေါ်လာရတယ်။ ဒီမိုကရေစီရေစီးမှာ တဖြည်းဖြည်း အရှိန်မြင့်တက်လာခဲ့ရတဲ့အခြေအနေကို မရခဲ့ကြပါဘူး..။ ဒါကြောင့် ကျနော် မောင်စောမောင်ကို စာပြန်ရေးလိုက်ပါတယ်။ သူ့ စာအရလက်ခံတွေ့ လိုစိတ်မရှိပါ။
မောင်စောမောင် ...
မင်းက တွေ့ ဖို့ ချိန်းပေမယ့် အချိန်ရမယ်မထင်လို့ စာရေးလိုက်ပါတယ်။ ဒီနေ့ နိုင်ငံရေးဟာ ပါတီနိုင်ငံရေးလို့  အမြင်အားဖြင့်  ယူဆနိုင်ပေမယ့် တကယ်က နိုင်ငံရေး အကွေ့ အပြောင်းကြီး တခုကို ဖြတ်သန်းရမယ့် အမျိုးသားနိုင်ငံရေး လှိုင်းဂယက်ကြီးဆိုတာ သတိလစ်လို့မဖြစ်ဘူး။ ပြီးခဲ့တဲ့ဒီမိုကရေစီ လှုပ်ရှားမှုကတည်းက အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်ခဲ့လို့မို့ လူတိုင်းဟာ မိမိဘယ်နေရာကရပ်တည်ရမယ်ဆိုတာ ကို တိတိကျကျ ရွေးချယ်လှုပ်ရှားရမယ့်အချိန် ဖြစ်ခဲ့တာပဲ။ အခုလည်းပဲ ဒီအရှိန်အတိုင်းပဲရှိနေသေးတယ်ဆိုတာ သတိမလစ်ဖို့ လိုတယ်။
ဖဲဝိုင်းမှာ ဖဲထိုးသလို ကိုယ့်အိမ်က ဖဲသေရင် တစ်ဖက်ကပြန်ရအောင် တခြားအိမ်ကဆွယ်ပြီးထိုးတယ်ဆိုတာမျိုးကို ဒီနေ့ နိုင်ငံရေးမှာ က စားရင် သမိုင်းမှာ အစွန်းထင်သွားနိုင်တယ်။နောက်တခုက အင်အားကြီးတဲ့ပါတီကြီး နှစ်ခုရှိဖို့နဲ့  ဒီပါတီကြီး နှစ်ခု မဟာမိတ်ဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်လွန်းတယ်။ လက်တွေ့မှာ အင်အားကြီးတဲ့ပါတီပြိုင်များဟာ ဘယ်တော့မှ မဟာမိတ်မဖြစ်နိုင်ဘူးဆိုတာ Political Theory ဘဲ..။
နောက်တခုက ပါတီတခု ထီးထီးမတ်မတ်ဖြစ်ဖို့ဆိုတာ လူတယောက် လူတစုကလုပ်ပေးလို့ ရတာ မဟုတ်ဘူး။ ပြည်သူက ထောက်ခံမှ ရတယ်။ ပြည်သူက ထောက်ခံဖို့ ဘာတွေလိုတယ်ဆိုတာကိုမှ မသိတဲ့ပါတီမျိုးကို ဘယ်သူတွေကပဲ ထီးထီးမတ်မတ် ဖြစ်စေချင် ဖြစ်စေချင်၊ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာ ကိုစောမောင် သဘောပေါက်ထားဖို့  လိုလိမ့်မယ်..။
အဲ..တခုတော့ ရှိပါတယ်။ ဆရာက ဒီမိုကရေစီကို ယုံကြည်ပါတယ်.။ ဘယ်ပါတီပဲ ထောင်ထောင် ဒီမိုကရေစီအခွင့် အရေး အရ ဘယ်သူ က မှ ပိတ်ပင်စရာ ဟန့် တားစရာမရှိပါဘူး..။ သို့ သော်လဲပဲ ဒီလိုထောင်ချင်တဲ့ပါတီဟာ မိမိဖာသာမိမိ ပြည်သူလူထု ထောက်ခံမှုကို ရှာပါ။ ဆရာက ထောင်ပေးလို့ လည်း အဲဒီပါတီဟာ ပြည်သူလူထုက မထောက်ခံရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး..။ ဆရာကိုယ်တိုင်လည်း ပြည်သူလူထု အကျိုးနဲ့  ဆန့်ကျင်တဲ့လုပ်ရပ်များလုပ်ရင်ပြည်သူလူထု ဆန့်ကျင်မှုကို ခံရမှာပါဘဲ..။
ရှစ်လေးလုံးကာလကတည်းက ဆရာဟာ မိမိ ရပ်တည်ရမယ့် “ဘက်” (side) ကို ရွေးထားပြီးပါပြီ..။ ပြည်သူလူထုကလည်း ဆရာဘယ် ဖက်က ရပ်တည်သလဲဆိုတာ အမြင်ကြည်လင်နေပါပြီ..။ ဒီ အမြင်ကြည်လင်မှုကိုပျက်ပြားစေမယ့်အလုပ်မျိုးကို ဆရာဖဲကစားသလို မ လုပ်နိုင်ဘူး..။
ဒီနေ့ဟာ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြီးပါ..။ ဘက်..မှန်ဖို့ လိုပါတယ်။ဘက်..မှန်တဲ့နေရာက နေလို့ ဆရာ့  အသက်နဲ့  စည်းစိမ် ဆုံးရှုံး ပျက်စီးနိုင်ပါတယ်။ဒါပေမယ့်  သိက္ခာ နဲ့  နိုင်ငံရေး သမိုင်း ပီပြင်ပါလိမ့်မယ်..။ဒါကိုပဲ ဆရာ အလေးထားပါတယ်။ ဒါကြောင့် အချုပ်ပြောရရင် မင်းတင်ပြတဲ့နိုင်ငံရေး အယူအဆကို ဆရာ လက်မခံပါ။ဦးအောင်ကြီး ပါတီဖွဲ့လိုလျှင် မိမိဖာသာ မိမိဆောင်ရွက်ပါ..။ ဒီကိစ္စကို ဆရာ ဘယ်နည်းနဲ့ မှ (နည်းနည်းကလေးမျှ ) မပတ်သက်လိုပါဘူး.။ ဒါပါဘဲ
(အုန်းနိုင်)
ကိုယ်ရေးကိုယ်တာ စာလို့ ပဲ ပြောပြောနိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာဖြစ်လို့ မို့  အခုလို မှတ်တမ်းတင်ဖော်ပြရတာပါ..။ပြည်မြို့ မှာတော့ ဒီ စာရဲ့  သဘောသဘာဝတွေက (လှေနံနှစ်ဘက်နင်းလို့) ပြသနာတွေပေါ်လာပြီး တချို့  ပုဂ္ဂိုလ်များဟာ ဦးအောင်ကြီးဘက်ကို ဆက်သွယ်လိုက် ဦးတင်ဦးကို ချဉ်းကပ်လိုက်ဖြစ်ပြီး နောက်ဆုံး မြို့နယ်စည်းကော်မတီကနေ ထုတ်ပယ်ခံရတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ပဲ နောက် တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို ပြန်ချဉ်းကပ်လာတာကြောင့် နောက်ဆုံး ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်မြို့နယ်က အမျိုးသားဒီမိုက ရေစီ အဖွဲ့ ချုပ်ရဲ့ ကိုယ်စားလှယ် တနေရာဆုံးရှုံး သွားရတဲ့အထိ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။
+++++ ++++++ ++++
● ကျေးရွာစည်းရုံးရေး ဆက်လက်ဆင်နွှဲ
ပေါင်းတည်မြို့ မှာတော့ သြဂုတ်လ (၈) ရက်နေ့ကတည်းကစခဲ့တဲ့ အုပ်စုမို့ စိတ်ဝမ်းမကွဲပြားဘူး။ မျိုးချစ်ရဲဘော်ဟောင်း ဆိုတဲ့ပြသနာလည်း
မပေါ်ဘူး..။ရဲဘော်ဟောင်းထဲက သြဇာအရှိဆုံး ဦးသိန်း (၁၉) လမ်းက အဖွဲ့ ချုပ် မြို့ နယ်ကော်မတီမှာပါပြီး တခြားရဲဘော်ဟောင်းတွေကို အဖွဲ့ ချုပ်ကို ၀င်ရှုတ်ဖို့  မကြိုးစားနဲ့ ဆိုတဲ့သဘောထားတွေ ပေးထားတယ်။တစ်ခြားတပ်ပေါင်းစု အသံတွေထွက်လာတော့လည်း ကျနော်က ဗဟို ပြသနာ နဲ့  မြို့ နယ်ပြသနာကို မရောထွေးဖို့ ရှင်းလင်းပြလိုက်တော့ သဘောပေါက်သွားကြတယ် လို့ထင်ရတယ်။နောက်ထပ်
အသံထွက်မလာပါ။ ကျနော်တို့ ကျေး ရွာစည်းရုံးရေးတွေ မှန်မှန်ထွက်နိုင်တယ်။ မြို့ နယ်ကော်မတီအစည်းအဝေးတွေနဲ့  တက်ကြွသူများ အစည်းအဝေးတွေ မှန်မှန်လုပ်နိုင်ပြီး နိုင်ငံရေးအသိပိုတက်လာအောင် လုပ်နိုင်ပါတယ်။ ကျောင်းသားတွေကလည်း ကျောင်းပိတ်ထားတာ မို့ ကျနော်တို့ ကျေးရွာစည်းရုံးရေးတွေဆိုရင် တပျော်တပါး လိုက်ကြပါတယ်။ တခါတရံ ရွာခံ လူဦးရေထက်တောင် ကျနော်တို့လူဦးရေ က များနေပါတယ်။ ရွာတွေက အသံချဲ့  စက် သုံးချင်ကြတယ်။အသံချဲ့ စက်နဲ့ဆိုရင် ရွာကလူတွေက အိမ်ထဲကတင် အိပ်ရင်း လှဲလျှောင်း ရင်း ..နားထောင်နေမှာစိုးလို့ အသံချဲ့စက် မသုံးချင်ဘူး..။ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုးပဲ ဖြစ်စေချင်တယ်။ ဒါကြောင့်  တရွာထဲမှာ နှစ်နေရာ သုံးနေရာ ခွဲရတယ် ရွာသေးသေးလေးတွေလည်းသွားတာပဲ..။ ကျနော်တို့သွားတဲ့ သူကကိုများတော့ ရွာခံတွေကလည်း ရဲရဲ ထွက်လာကြတာပေါ့ ..။တစ်ခါများ မှတ်မှတ်ရရ ကျောင်းသားတွေနဲ့  လူ့ဘောင်သစ်ရော စုမိသွားတော့ကျနော် တို့ စည်းရုံး ရေး ထွက်တဲ့ အင်အားဟာ (၄၄)ယောက် တောင် ရှိသွားတယ်။ပျော်လည်းပျော်ရပါတယ်။
ကျနော် တို့ရဲ့  ကျေးရွာစည်းရုံးရေးခရီးစဉ်တွေ ပျော်စရာ ကောင်းသလို ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဒုတိယအကြိမ် နယ်စည်းရုံးရေး ခရီးစဉ် အနေနဲ့ မွန်ပြည်နယ်စည်းရုံးရေးခရီးကလည်း ကြိုဆိုတဲ့သူတွေ နဲ့  ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်မို့လို့ သတင်းလွှာတွေ ဖတ်ရတာကို ကပျော်စရာ စိတ်အားတက်ကြွ စရာတွေ ပါပဲ..။
ဥက္ကဌ ဦးတင်ဦး နဲ့ အဖွဲ့ ကလည်း ဒီလတွေအတွင်းမှာ ရခိုင်ပြည်နယ် ကို စည်းရုံးရေး ထွက်ခဲ့ပါတယ်။ဦးတင်ဦး အနေနဲ့  အရင်ကလည်း ဧရာဝတီ တိုင်းကို စည်းရုံးရေး ထွက် ခဲ့ပါသေးတယ်။ရောက်လေရာမှာ ပြည်သူလူထုက ပျော်ပျော်ရွှင်ရွှင် တခဲတနက်ကြိုဆိုကြတာပါဘဲ..။ဥက္ကဌကြီးရောဒေါ်အောင်ဆန်းစုကြည်ပါ စည်းရုံးရေးခရီ့း  ဟောပြောတွေမှာ လက်ရှိ ငြိမ်ပိ အစိုးရကို တိုက်ခိုက် ပြောတာမျိုး၊ စစ်တပ်ကို ဆန့် ကျင် ဟောပြောတာမျိုး မလုပ်ခဲ့ပါဘူး..။ကျနော်တို့ ပေါင်းတည်ကို ဖြတ်သွားတုံးကလည်း ဥက္ကဌ ရာထူး လုမနေနဲ့  ။ဒီမိုကရေစီ ရရင် ရာထူးရတဲ့သူက ပိုပြီးအလုပ်လုပ်ရမယ်..။ဟိုခေတ်တွေတုံးကလို ရာထူးရလို့အခွင့် အရေး ရမယ်လို့ မမျှော်ကြနဲ့ ..ဆိုတဲ့ဟော ပြောမှု မျိုးကိုပဲ ဟောပြောတာပါဘဲ..။ဒါ့ ကြောင့်လည်း စည်းရုံးရေး ခရီးစဉ်တွေဟာ ပျော်စရာ ခရီးစဉ်တွေဖြစ်ခဲ့ပါတယ်။
Comments