အဘ၀န်မင်းများနှင့် မိုးမခရွာတည်ခန်း
ဂျော်ဒီး
ဖေဖော်ဝါရီ ၂၊ ၂၀၁၃
ဂျော်ဒီး
ဖေဖော်ဝါရီ ၂၊ ၂၀၁၃
ဒီနေ့ မိုးမခတရွာလုံး အုံးအုံးကြွက်ကြွက်တက်ကြွနေကြသည်။ အဘယ်ကြောင့်ဆိုသော် အနှစ် (၂၀) ကျော်မျှ ပွဲငတ်နေရှာသော မိုးမခ ရွာကြီးတွင် “စိန်ပလိမ်တိမ်ဂွိမ် .....ဇာတ်ပွဲမဟာကြီးက ကပြဖြေဖျော်မည်ဖြစ်သောကြောင့်ပင်တည်း..။ပွဲငတ်နေသော ရွာသားများ အ တွက် ရွာလူကြီးဟောင်း ဦးချုပ်ကြီးမှ ဇာတ်ရုံကြီးတရုံခမ်းခမ်းနားနားဆောက်ပေးရန် စီစဉ်သည်။ ဇာတ်ရုံဆောက်လုပ်ရေးအတွက် ဦး ချုပ် ကြီးက သူ့သားမက်ခိုနီကို ကန်ထရိုက်ချပေးကာ ..သူ သူကြီးဘ၀ကရွာသားများထံမှ မတရားကောက်ထားသောပိုက်ဆံများနှင့် ဆောက် စေ၏။။ ရွာသားများလည်း ကိုယ့်ပိုက်ဆံနှင့်ကိုယ်ဆောက်သည် ဘာညာမသိ။ ပွဲငတ်နေသည်ကိုး။
ခမ်းနားထည်ဝါသောဇာတ်ရုံကြီးကိုကြည့်ကာ ၀မ်းသာတက်ကြွနေကြသည်။ တချို့ကတော့ စိန်ပလိမ်တိမ်ဂွိမ် ဇာတ်ပွဲတခုလုံးကိုလည်း ဦး ချုပ် ကြီးပင် ထောင်ထားပြီး..ဇာတ်လမ်းဇာတ်ညွှန်းရေးတာကအစ ဦးချုပ်ကြီးပင်ချယ်လှယ်ထားသည်ဆိုကာ စိန်ပလိမ်တိမ်ဂွိမ် ဇာတ်ပွဲ ကိုသွားမကြည့်ကြပဲ သပိတ်မှောက်ရန် နှိုးဆော်ကြသည်။ ဦးချုပ်ကြီးကား သူ့တည်ထောင်ထားသောဇာတ်ပွဲကို မဖြစ်ဖြစ်အောင်ကဖို့ စီ စဉ်၏။
ဆိုင်းသံတထီထီ ပေး၏။ ဆိုင်းသံကြားရင် ကချင်သူတို့ကား ဦးချုပ်ကြီး ဒါရိုက်တာလုပ်သော ဇာတ်လမ်းများတွင်ပါဝင်ရန် သူ့ထက်ငါ အ လုအယက် ကြိုးစားကြ၏။ နောက်ဆုံးတွင် ရွာထိပ်ဇာတ်ရုံကြီး၌ “စိန်ပလိမ်တိမ်ဂွိမ်ဇာတ်အဖွဲ့ ၂၀၀၈ ခုနှစ်တွင်စတင်တည်ထောင်သည်” ဟူသော နဖူးစည်းကြီး ကို ခန့်ခန့်ညားညားတွေ့လိုက်ကြရသည်။
ရွာနီးချုပ်စပ်ကလည်း ပွဲမရှိလို့မကြည့်ရတာနဲ့စာရင် ဘယ်သူဒါရိုက်တာလုပ်လုပ် ပွဲကြည့်စရာရှိသေးတာ တော်ပေးသေး၏လို့ အချွန်နှင့် မ ကာ မြှောက်ပင့်ကြပြန်၏။ ရွာသား အချို့ကလည်း ဆိုင်းသံတထီထီကြားမှာ ခြေကလေး လက်ကလေးလှုပ်ရင်း ပွဲကြည့်ဖို့ပြင်၏။ ပွဲငတ်နေ ကြသည်ကိုး။
ကလေးတသိုက်ကား အနှီကဲ့သို့ဇာတ်ရုံကြီးမျိုးကို မမြင်ဘူး မတွေ့ဘူးကြသောကြောင့် ပွဲခင်းထဲတွင် အစောဆုံးရောက်လာကာ ကြွက် ကြွက်ညံ ဗြောင်းဆန်အောင်ဆော့ကြ၏။ ဒါရိုက်တာ သူကြီးဟောင်း ဦးချုပ်ကြီးကား ဇာတ်စင် ကန့်လန့်ကာနောက်ကွယ်တွင် ဟန်ပါပါ စာ ဖတ်ရင်းစီစဉ် ညွှန်ကြားနေ၏။။
ပွဲခင်းအတွင်း ဖျာလက်မှတ် ရောင်းချခြင်း..ပွဲဈေးတန်းတွင်သားရေစာ ရောင်းချခြင်းကဲ့သို့သော ငွေရပေါက်ရလမ်းကိစ္စမှန်သမျှများကို သူ့ သားမက် ခိုနီနှင့် သူ့သား မောင်ပိုင်က စီမံချယ်လှယ်ထား၏။ မကြာမီ ပွဲငတ်နေသောရွာသူရွာသားများလည်း ပွဲခင်းအတွင်းသို့တ ဖြေးဖြေး ရောက်လာကြသည်။
ပွဲစလျှင်စခြင်း အပျိုတော်ယိမ်းဖြင့်စလေသည်။ အပျိုတော်တို့မှာ အစဉ်အလာပွဲများလိုရင်စည်းနှင့် ထမီသိမ်းများမ၀တ်ပဲ ထမီရင်လျားများ ဖြင့်ကလေရာ ကာလသားတသိုက်မှာ လက်ခေါက်မှုတ်သံ တရွှီရွှီနှင့် အထူးသဘောကျကြသည်။ အပျိုတော် ယိမ်းမှယိမ်းသမများကား ဦး ချုပ်ကြီး၏သမီးတော် ဖွင့်လှစ်ထားသော ကေတီဗီအနှိပ်ခန်းများမှ မိန်းမငယ်လေးများပင်တည်း။
အပျိုတော်ယိမ်းအပြီးတွင် ခေတ်သရုပ်ဖော်အော်ပရာများ၊ ပြဇတ်များ၊ ယိမ်းအကများဖြင့် ဝေေ၀ဆာဆာ တင်ဆက်လေသည်။ “တမတ် တန်းမှ ဘဲစိမ်းစိမ်းကြီးများ” ဘဲလေးအကတွင် ဦးချုပ်ကြီးက လက်ရွေးစင်တပည့်များကို “မျောက်အကိုကြီးများရွာ”သို့ တိတ်တဆိတ်စေ လွှတ်ကာ သွားရောက်လေ့လာခိုင်းထားသော ကကွက်များပါ၏။ ဘဲစိမ်းစိမ်းကြီးများသည် တသုတ်ပြီးတသုတ် လှုပ်လှုပ်လှုပ်လှုပ်နှင့် အ သက်မရှိသောစက်ရုပ်ကြီးများကဲ့သို့ မကြာခဏ လူလဲပြီးကသွားသည့် ကကွက်ဆန်းများကား အံ့မခန်းပင်။
တေးသရုပ်ဖော် ပြဇာတ်တွင်.. “၀တို့လင်းဖို့ လုမှောင်မယ်” “ဖယောင်းတိုင်လေးပဲ ထွန်းပါကွယ်” “တောတောင်ရေမြေ ယူပါလေ” “တန် ဆောင်မုန်းလပြည့်ညနဲ့ ဖော့စဖရပ် မီးပူဇော်ပွဲ” “သူတို့သမီး အရောင်းပြခန်း” “ဂျိန်းဖောမြေမှ သေနတ်သံများ” စသော တေးသရုပ်ဖော် တခန်းရပ်ပြဇာတ်များကား မိုးမခရွာသူရွာသားများ ကိုအံကြိတ်တောက်ခေါက်စေကာ နာကျင်ကြေကွဲသောမျက်ရည်များကိုချွေယူနိုင်လိုက် လေသည်။ ဦးချုပ်ကြီးကား ရုပ်ရှင်မဟုတ်လို့ပေါ့ကွာ..နောက်မို့ဆို ငါလဲ....အကယ်ဒမီမှန်းလို့ရတယ်ဟု တဖွဖွပြောရင်း မာန်တက်နေလေ ၏။
တခန်းရပ် ပြဇာတ်တိုများသာမက ပြဇာတ်ရှည်ကြီး တပုဒ်ဖြစ်သော“မငြိမ်းလေနဲ့ ရွာတွင်းစစ်မီးလျှံ” ပြဇာတ်ရှည် ကြီးတွင် သောင်းကျန်းသူ ဓါးပြ ဗိုလ်ကာလုံ၏ မိုက်ချက်များကား ကမ်းကုန်အောင် သရုပ်ပီပြင်လေသည်။ မဲသူခိုးရွာ ဓါးပြလူကြမ်းအဖြစ် သရုပ်ဆောင်ရသော ဖွတ် လှဆွေ ကလည်း ရွာသားအချင်းချင်းကို နှိပ်စက်ညှင်းပန်းသည့်ဇာတ်ဝင်ခန်းတွင်“ရွှေလက်နဲ့ ခေါ်လို့မလာရင် ဘူးလက်နဲ့ဆော်လိုက်မယ်.”.ဟူသောကြိမ်းမောင်းသံမှာ လူကြမ်း သရုပ်ပီပြင်လွန်းသဖြင့်  သာဂိတို့ ကာလာသားတသိုက် နှင့်  ဖိုးခွါးတို့ ကလေးတသိုက်မှာ အလွန်အမြင်ကပ်လှသဖြင့် ပြောင်းဖူးစင်းရိုးများ ဖိနပ်စုတ်များ ဇီးချဉ်သီးများဖြင့် ပစ်ခတ်ကြရာ ပွဲခင်းကို မနဲ ထိန်းလိုက်ရလေသည်..။
ဇာတ်ဆရာ ဒါရိုက်တာ ဦးချုပ်ကြီးမှာ ပွဲခင်းကို မြန်မြန်ထိန်းရန် နောက်ပိုင်း ဇာတ်တော်ကြီးကို ထွက်ရန် အမြန် ပြင်ရလေသည်..။ နောက်ပိုင်း ဇာတ်တော်ကြီး ကို စတင် ရန်ဆိုင်းဝိုင်းမှ ပတ်မကြီးကိုပလုံး..ပလုံး ဗြုန်း..ပလုံး..ပလုံး ..ဗြုံးန်း ဟု အလန့် တကြားထတီးလိုက်ရာ ရွှေပွဲလာ ပရိသတ်များမှာမီးကို ရေ နဲ့ဖြန်းသကဲ့သို့ တိတ်ဆိတ်သွားပြီး ဇာတ်ခုံပေါ်သို့ စိတ်ဝင်တစား ကြည့် လိုက်ကြသည်..။
အနီပုတ်ပုတ် သွေးရောင် ကတ္တီပါ ကားလိပ်ကြီး မှာ တဖြေးဖြေး ဘေးနှစ်ဖက်သို့ နှစ်ခြမ်း ခွဲဖြာလိုက်ရာနောက်ခံ ကန့်လန့် ကာ ကားလိပ် အသစ်ကြီး တချပ် ပေါ်လာလေသည်..။နောက်ခံကန့်လန့် ကာ ကားလိပ်ကြီးပေါ်တွင် ..မြက်ရိုင်းပင်များနှင့် လယ်ကွင်းကျယ်ကြီးများကား ဖုန်းဆိုးတောကြီးများသဖွယ်.....။ယင်းပန်းချီကားပေါ်တွင် ဘူဒိုဇာစက်ကြီးများ ဖြင့်  လယ်တဲငယ်များကို
ထိုးဖျက်နေပုံများ..။ဘူဒိုဇာကြီး များရှေ့ တွင် အသေခံလှဲအိပ်ပြီးလယ်မသိမ်းရန် ဆန္ဒပြနေသော လယ်သိမ်းခံ တောင်သူ လယ်သမားများ..။
အဆီယစ် နေသော လူဘီလူးကြီး တဦးကား..ခေါင်းပေါင်းချိတ်ပုဆိုးတောင်ရှည်ဖြင့်  လယ်ကွက်များကို လက်ညှိုးထိုးသိမ်းနေပုံများ..ကို သရုပ်ဖော်ထား လေသည်..။
မကြာမီပင် ၀င်စည် ထွက်စည် တီးကာ ကတ္တီပါ သိုရင်းခေါင်းပေါင်းကြီးများ စလွယ်ကြီးများဝတ်ဆင်ထားသော ၀န်မင်းကြီး လေးဦးပေါ်လာကာ နောက်ပိုင်းဇာတ်တော်ကြီးအတွက် ပြည်တည် ...အဲလေ...ရွာ တည်လေသည်..။ဝန်မင်း တဦးက..ဇာတ်ဟန်ပါပါဖြင့်  ... “ အီရွာကြီးကား ရွာဂံတော်သမဒကြီး စိန်ပုလိန်တိမ်ဂွိမ်မင်းကျင့်တရား ၉၆ပါး ဖြင့်  အုပ်ချုပ်မင်းလုပ်သော မိုးမခရွာထောင်စုကြီးပင်တည်း..။ဝန်မင်းရယ် တို့ များမိုးမခရွာထောင်စုကြီးမှာ မင်းကျင့် တရား(၉၆)ပါးနဲ့အညီ အုပ်ချုပ်လို့ တိုင်းကားပြည်ရွာ သာယာတယ် မဟုတ်လားကွယ်၇ို့ ” နောက်ဝန်ကြီး တပါးက လက်ထဲတွင် အသင့် ကိုင်ထားသောစာရွက်လိပ်ကြီးကို ဖြန့် ကာ တိုင်းကားပြည်ရွာ သာယာပုံများကိုဖတ်ပြရန် ဟန်ပြင် နေစဉ်....“ဟာ...ဟင်..ဟယ်” ဟူသော ပရိသတ်ကြီး၏။ အော်ဟစ်သံ နှင့် အတူ
ဇာတ်ခုံတခုလုံးရော ..ပွဲခင်းတခုလုံးပါ လျှပ်စစ်မီးများ ပြတ်တောက်သွားလေသည်..။ဇာတ်ဆရာဦးချုပ်ကြီးလည်း ကန်လန့် ကာနောက်ကွယ်မှာ အမြန် လှုပ်ရှားကာ “ဟေ့ ကောင်တွေ..ဖယောင်းတိုင် တွေရော ..မီးတုတ်တွေပါ ထွန်းကြပါဟ” ဟု နှိုးဆော်လိုက်ရာ မကြာခင်တွင်ဇာတ်စင်တခုလုံး ဖယောင်းတိုင်များ မီးတုတ်များဖြင့်  မြေ၀ိုင်းဇာတ်က နေသည် နှင့် ပင် တူတော့၏။..။ဝန်မင်းတပါးလည်းလက်ထဲတွင် ကိုင်ထားသော စာရွက်လိပ်ကို ဖယောင်းတိုင်မီးမှိန်မှိန်ဖြင့်  ဖတ်ရန်ကြံရာ..“ဟ..ငါ့ လခွီး..ရွာတည်ခန်း ဖတ်ပါမယ်..ဆို..ဘယ်က ကေအိုင်အေသူပုန်တွေမိုင်းထောင်လို့မော်တော် ဆိုင်ကယ် စီး အပြစ်မဲ့ ပြည်သူတွေ သေတဲ့  သတင်းစာရွက်ကြီးပေးလိုက်ပါလိမ့် ..။ဒါရိုက်တာ..ဒါရိုက်တာ...စာရွက်လဲ ပေးပါ” ဟုအော်လိုက်ရာ.. အောက်မှ ပွဲကြည့်ပရိသတ်မှာ တ၀ါးဝါး ရီကြလေတော့သည်..။
ကန့် လန့် ကာ နောက်ကွယ်မှ ဦးချုပ်ကြီးလဲ ကို့ ရိုးကားယား ဖြစ်နေသောသူ့ဇာတ်သမားဝန်မင်းများကို“ငါ ဒီလောက် အသေအချာ စီစဉ်ပေးရက် နဲ့ ကွာ..” ဟု ဒေါသ အမျက် အတုံးလိုက်ထွက်နေလေသည်...။ဦးချုပ်ကြီး၏။ တပည့်  လက်ထောက်ဇာတ်ဆရာ ကိုရွှေအေးကား ယမကာလေးရီဝေေ၀နှင့်  နောက်ထပ်စာရွက် တရွက် ထုတ်ပေးရန် ညွှန်ကြားလိုက်လေရာ တပည့်တယောက်က ကပျာကယာနှင့် တွေ့ သော ဇာတ်စာရွက်..တရွက်ထပ်ထုပ်ပေးလေသည်..။ဝန်မင်းလည်းဖယောင်းတိုင် မီးမှိန်မှိန်တွင် နောက်ရလာသော
စာရွက်ကို အားရပါးရ ဖတ်လိုက်ရာ..“ဓါတ်ပုံမှားယွင်း ဖော်ပြမှု အတွက် တောင်းပန်ခြင်း။ဇန်န၀ါရီလ (၂၈)နေ့ထုတ် ရွာဂံတော် ပိုင်သတင်းစာများတွင် ကေအိုင်သူ သောင်းကျန်းသူများမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့်  အပြစ်မဲ့  မော်တော်ဆိုင်ကယ်စီးပြည်သူတဦး သေဆုံးဒဏ်ရာရသော သတင်းမှ ဓါတ်ပုံမှာ အဲဇလုံလေယဉ်ကြီးမြေပြင်သို့ ဂျွမ်းထိုးစဉ်က တိုက်မိသော....ဟိုက်..ဒီစာကလည်း ရွာတည်စာ ဟုတ်သေးဘူး..မှားပြန်ပြီဟ.” ကန့် လန့် ကာ နောက်ကွယ်မှ ဇာတ်ဆရာ ဦးချုပ်ကြီးကား..အသုံးမကျသော သူ့တပည့် များအား ဆဲဆို ကြိမ်းမောင်းရင်း “ဟေ့ ကောင် ၀န်ကြီး..စာဖတ်မပြောနေနဲ့ နောက်ခံကန့်လန့် ကာကို ကြည့်ပြီးသာ ရွာတည်တော့..” ဟု အမိန့် ပေးလိုက်လေသည်..။ရွာတည် ရမည့် ဝန်မင်းလည်း နောက်ခံကန့် လန့် ကာ ကားလိပ်ပေါ်မှ ပန်းချီကားကြီးကို ကြည့်ကာ ရွာတည် ရလေသည်..။
“ မှန်လှပါ အဘရယ်..(သူတို့ ဝန်မင်း တွေကတခြားဇာတ်တွေထဲက၀န်မင်းတွေလို့ ဘိုးဘိုး လို့ ခေါ်တာ မကြိုက်ဘူးတဲ့..စကားချပ်း) ..တိုင်းကား ပြည်ရွာ သာယာပုံများ...မနှစ်က ရာသီဥတုတွေဖောက်ပြန် မိုးလေ၀သတွေ မမှန်တော့ တောင်သူလယ်သမားများ သီးနှံတွေဆုံးရှုံးပျက်ဆီးကြပါတယ်..။ဒီကြားထဲလယ်မြေတွေ မတရား သိမ်း တဲ့  လူ့ ဘီလူးကြီးတွေ နဲ့ ရွာချဲ့  ရွာမြိုရွာနီးချင်းသူခိုးတွေ ကြောင့် ပိုပြီး ဆင်းရဲဒုက္ခ ရောက်ရပါတယ်..ဘုရာ့” “ ဒါပေမယ့်  အဲဒီလယ်သမားတွေကို ရွာဂံတော် အစိုးရကရော ခေတ်သစ်ခိုနီ ချစ်တီးကုမ်ပဏီများကပါ စိုက်ပျိုးစားရိတ် ချေးငွေတွေထုပ်ပေးတယ်..မဟုတ်လား ၀န်မင်းရဲ့ ..”“လယ်သမားတွေမှာ ရာသီဥတုဖောက်ပြန်လို့ သီးနှံတွေ မထွက်တော့ထုပ်ချေးထားတဲ့  စိုက်ပျိုးစားရိတ်ချေးငွေတွေ မဆပ်နိုင်လို့ ဒုက္ခတွေ ရောက်နေကြတယ်..၀န်မင်းအဘရဲ့ ”“ အိမ်း..ဟုတ်တော့လည်း ဟုတ်ပေသပေါ့ကွယ်..။ဒါပေမယ့်  အကြွေးဆိုတာမဆပ်ရင် နောက်ဘ၀မှာကျွန်ဖြစ်တတ်သကွဲ့ ..။ဆပ်နိုင်အောင် တနေ့  ထမင်း တနပ်လျှော့ စား ကြကွဲ့..။ဒါဆို ဥပုသ်စောင့် သလိုကုသိုလ်လည်း ရသကွဲ့ ..”“ ဟယ်..၀န်မင်း အဘ ...ရွှေဥာဏ်တော် တယ်စူးရောက်ပါလား ..ဖျာ့။ရွာဂံတော်သမဒကြီး ကြားရင်သိပ်ဝမ်းသာမှာ..။သူက သူ့ရွာဂံတော်ကို ဆင်းရဲနွမ်းပါးမှု လျှော့ ချရေး အတွက် အထူးစီမံချက်တွေနဲ့ ဆောင်ရွက် နေတာ..။အဘ၀န်မင်းကို သူကောင်းပြုမှာ အမှန်ပဲဖျာ့ ။ဝန်မင်းအဘရဲ့  တနပ်စား စီမံချက်ကို
သာ အကောင်အထည် ဖော်နိုင်ရင် ရွာဂံတော်ရဲ့  မရှိဆင်းရဲသားအများစုကြီးမှာ ဆင်းရဲနွမ်းပါးမှု က မုချလွတ်မြောက်မှာမြေကြီးလက်ခတ်မလွဲပဲ..ဖျာ့  “
“အိမ်း..ဟုတ်ပေတယ်..၀န်မင်း။အခုတောင် မရှိဆင်းရဲသား အများစုမှာထမင်းနပ်မှန်အောင် မစားရတာ..။တနပ်သာ ထပ်လျှော့ လိုက်ရင်တော့ မာလကဈာန်ကြွပြီး မြန်မြန် ကိစ္စချောကုန်မှာမို့ ဆင်းရဲသားတွေ အများကြီး လျှော့ ချပြီးသား ဖြစ်မယ်..။လာ...အမြန်ရွာဂံတော်သမဒကြီးဆီကို သံတော်ဦးတင်..တင်..”
ဇာတ်စင်ပေါ်မှ ၀န်မင်းနှစ်ပါး ၏။ ရွာတည်ခန်း မှာအဆုံးမသတ်လိုက်ရတော့ပေ...။ဇာတ်စင်အောက်မှကြည့်နေရှာသော မိုးမခရွာသား အများစုမှာ ရွာသူကြီးဟောင်း ဦးချုပ်ကြီး၏။ နှိပ်စက်မှုကြောင့် မရှိဆင်းရဲ ဖွတ်မွဲပြာစု များဖြစ်ကြရာ..။ယခုတဖန် သူ ဇာတ်ဆရာဘ၀ နှင့်  ကပြတင်ဆက်သောနောက်ပိုင်းဇာတ်တော်ကြီးမှာလည်း မရှိဆင်းရဲသား ရွာသူရွာသားများအားတနပ်စားစီမံကိန်းဖြင့်  သတ်ရန်
ကြံစည် နေလေရာ..ရွာသူရွာသား ပွဲကြည့်ပရိသတ်များမှာသီးမခံနိုင်တော့ပေ..။ယောက်ျားမိန်းမ ကာလသားနှင့်  ကလေးငယ်များပါ မကျန် တွေ့ ရာ ..တုတ်၊ခဲ၊များဖြင့် ပစ်ပေါက်ကြရာ..ဇာတ်ဆရာ ဦးချုပ်ကြီးပင်ဇာတ်စင် နောက်ဖေးပေါက်မှ ဖ၀ါးနှင့် တင်ပါးတသားတည်းကျအောင်အသက်လုပြေးရလေသတည်း..။ ။
သရုပ်ဖော် - စောငို
Comments