Kamarpale - Poem

လူ နှင့် ငှက်
ကမာပုလဲ
ဖေဖော်ဝါရီ ၆၊ ၂၀၁၃

 
လူက လမ်းလျှောက်တယ်
ငှက်က ...

လူက ကဗျာရေးတယ်
ငှက်က ကဗျာမရေးဘူး ...

လူက အဆောက်အအုံကို ဖြိုဖျက်တယ်
ငှက်က အသိုက်ဆောက်နေတယ် ...

လူက သီချင်းကို ထည်လဲဆိုတယ်
ငှက်က တပုဒ်တည်းသီချင်းကို ဆိုတယ် ...

လူက လမ်းလျှောက်ရင်း လမ်းပျောက်တတ်တယ်
ငှက်က ပျံသန်းရင်း အတောင်ကျိုးတတ်တယ် ...

လူက အကြိမ်ကြိမ် သစ္စာဖေါက်တတ်တယ်
ငှက်က မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တတ်တယ် ...။

လူက ပန်းပွင့်ကလေးတွေကို ခြွေတတ်တယ်
ငှက်က သစ်ပင်ကလေးတွေကို သားဖေါက်ပေးတတ်တယ် ...

လူက ငြီးငွေ့ လွယ်တတ်တယ်
ငှက်က သူ့တောင်ပံတစုံအပေါ် အချစ်မြဲတယ် ...

လူက ပုံပြောကောင်းတယ်
ငှက်က ပုံပြင်ထဲက မှော်ဝင် ဇာတ်ကောင်ဖြစ်တယ် ...

လူက မုန်းတတ်တယ်
ငှက်က အတေးအမှတ် ကြီးတယ် ...

လူနဲ့ ငှက်မှာ
တူတာတွေလည်း ရှိတယ်
မတူတာတွေလည်း ရှိတယ် ...

လူက ပင်လယ်ကိုလွမ်းတဲ့အခါ
ငှက်က သူကိုယ်တိုင် မြစ်တစင်းလို ပင်လယ်ဆီ စီးခဲ့တယ်။ ။

Comments

““““လူက ကဗျာရေးတယ်
ငှက်က ကဗျာမရေးဘူး..

လူက ပင်လယ်ကိုလွမ်းတဲ့အခါ
ငှက်က သူကိုယ်တိုင် မြစ်တစင်းလို
ပင်လယ်ဆီ စီးခဲ့တယ်...”””

ငှက်တွေလွမ်းတဲ့အခါ
တေးဆိုတတ်တယ်..
လူတွေလွမ်းတဲ့အခါ
ငိုကြွေးတတ်တယ်..