Khin One by Aung Chaint


ခင်ဝမ်းအတွက်ကဗျာ
အောင်ချိမ့်

မိုးမခရုပ်ပုံလွှာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၃ (ငြိမ်းချမ်းအေး စီစဉ်သည်)

သူမပျော်ဘူးဆိုတာ
ငါသိခဲ့ပါရဲ့။

ငွေစရွှင်တဲ့ ပန်းချီဆရာအဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါသိခဲ့ပါရဲ့။

'အဖေ့သွား ရေထဲမှာအိပ်တယ်'
ငါသိခဲ့ပါရဲ့။

'ပြည်မှာဆောင်း' ' ကောလိပ်နေ့ရက်များ'
ငါသိခဲ့ပါရဲ့။

နောက်ဆုံး 'မိုက်ကယ်ဖေးလ်' လို 'စပရေး' ပက်ခဲ့တယ်
ငါသိခဲ့ပါရဲ့။

မောင်ဒီရဲ့သူငယ်ချင်း
ငါသိခဲ့ပါရဲ့။

ငါမပျော်ရွှင်ပုံ
သူရိပ်မိခဲ့သလို
သူမပျော်ရွှင်ခဲ့တာ
ငါသိခဲ့ပါရဲ့။

ငါတို့ဟာ မတိုင်ပင်ပဲအတူတူ
ကိုယ့်ထောင့်မှကိုယ်
မနေနိုင်မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ။

ငါတို့မေ့လျော့ခဲ့ကြတယ်
'သေမှု' ဟာ ရှုင်သန်နေပြီး
'ရှင်မှု' ဟာ သေဆုံးနေတယ်
ငါတို့ မေ့လျော့ခဲ့ကြတယ်။

ခုတော့
ကြွေပေါ့။

ကျော်ကြားတဲ့ ၂၀၀၀ပြည့်နှစ်ထဲရောက်မှ
ကြွေပေါ့။

အလို၊ အဲဒီကြွေတဲ့ကြယ်ဟာ
'ခင်ဝမ်း' အမည်တပ်ရမှာပါလား။

ငါက ကဗျာဆရာ
ဒီတိုင်းပြည်မှာ ကဗျာဆရာ
အခက်အခဲများ
ခလုတ်ကန်သင်းအတိုက်များတဲ့ ကဗျာဆရာ ဒီကဗျာ
ငါ့အကြောင်း ငါထည့်စပ်လိုက်ပါရဲ့။
အောင်ချိမ့်
ယနေ့ခေတ် ၊ ဖေဖေါ်ဝါရီ ၂၂ ၊ ၂၀၀၀
(ခင်ဝမ်းကွယ်လွန်ခဲ့သည့် လတွင် ရေးသား ပုံနှိပ်ခဲ့သည့် အောင်ချိမ့် ၏ ခင်ဝမ်း အမှတ်တရ ကဗျာ)
ဓာတ်ပုံ အညွှန်း - ခင်ဝမ်း ရေးဆွဲခဲ့သည့် အောင်ချိမ့် ၏ “ဂန္တဝင်မမ” ကဗျာ စာအုပ် မျက်နှာဖုံး ၊ ဓာတ်ပုံ မျှဝေသူ - Doney MP

အောင်ချိမ့် ၏ “ဂန္တဝင်မမ” အမှတ်တရ
ကျွန်တော် “ဂန္တဝင်မမ” လုပ်တော့ ခင်ဝမ်း ကိုအဖုံးအပ်ပါတယ်။ “ဟိုက်ပါလေးပေါ့.. ” လို့ ဖြည့်စွက်ပါတယ်။ “ဂန္တဝင်မမ” ဟာ (၃) နှစ် လောက်ကြာသွားပါတယ်။ စလုပ်တာနဲ့ စာအုပ်အဖြစ် ထွက်လာတာ ကြားမှာ မင်းလူ တို့ အုပ်စု အချစ် ကဗျာ စာအုပ် (၄) အုပ်ထွက်သွားပါတယ်။ ကျွန်တော် တို့ ခက်ခဲ၊ နှောင့်နှေးပုံများ…။ အဲသလို နောက်ကျရခြင်းမှာ “ခင်ဝမ်း” ကို အဖုံးအပ်လိုက်လို့လည်း ပါတာပေါ့လေ..။
ရန်ကုန်နဲ့ ပြည် ဖော်ဝေး နှစ်ခေါက်၊ သုံးခေါက် သွားရပါတယ်..။ မရခဲ့ပါဘူး..။ “နောင်.. ဆို.. အပ်ထည် လက်မခံတော့ဘူး..” ဆိုတဲ့ စကားသာ ထွက်လာပါတယ်။ သူ မော်ဒယ်ရှာနေတုန်းဆိုကိုး..။ ရတော့လည်း.. သူတို့ အိမ်နဲ့ မနီးမဝေးကသူ့ ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့ အမျိုးသမီးကြီး တယောက်ပေါ့လေ..။ အဲဒါနဲ့ အဖုံးရလာတော့ သူလည်း ကျေနပ်မှု ရ၊ ကျွန်တော်လည်း ကျေနပ်မှု ရတဲ့ စိန်နားကပ် အရောင်ထွက်နေတဲ့ အဖုံးပေါ့..။ အဖုံးကို "ညီညီ” လို့ ကျွန်တော်တို့ ခေါ်တဲ့“သြဂတ်စ်လင်း” က ပြည် ကနေ ရန်ကုန်ကို အိမ်တိုင်ရာရောက်လာ ပို့ ရှာပါတယ်။ “ဖော်ဝေး” လည်း အဲဒီအဖုံးကို ကျေနပ်ခဲ့ပါတယ်။ စာအုပ်ထွက်လာတော့ "ဖော်ဝေး” မရှိတော့ပါဘူး။
အောင်ချိမ့်

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၃ ရက်နေ့တွင် (၁၃) နှစ် ပြည့်မည့် ခင်ဝမ်းကွယ်လွန်ခြင်း နှစ်ပတ်လည် အတွက် ခင်ဝမ်း ကို လွမ်းဆွတ် တသနေကြမယ့်  မိုးမခ စာဖတ်ပရိသတ် အတွက် တင်ဆက်ခြင်း ဖြစ်ပါသည်။ Facebook Khin One’s Fans Club တွင် အောင်ချိမ့် ၏ ခင်ဝမ်း အမှတ်တရ ကဗျာ မျှဝေသူ ကိုလင်းထင်၊ အောင်ချိမ့် ၏ “ဂန္တဝင်မမ” ကဗျာ စာအုပ် မျက်နှာဖုံး နှင့် မျက်နှာဖုံး အကြောင်း မျှဝေသူ Doney MP တို့ကို အထူး ကျေးဇူးတင်ပါသည်။


Comments