မိုးမခအထောက်တော် အမှတ် ဝဝ၁
ဖေဖော်ဝါရီ ၃၊ ၂၀၁၃
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg79XqR3IiQtkVWDK9Ppj7dqppaGWDY5950G0QLjFHb_OZEn0dzIA4PT28hoeB45cx9GLtna_SRvuOTrFATL86cPVCpJRJYJ2gDWOxC76E9ChKuiJZVXkt7Z44RSf0O3S4daToVTEXRCcN/s320/kachin+refugee+school.jpg)
လိုင်ဇာမြို့ ဒုက္ခသည် စခန်း စာသင်ကျောင်းမှ မြင်ကွင်းတခု (ဓာတ်ပုံ - မိုးမခ)
ကချင်ဒေသတွင် ကာလအတန်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက်တွင် မြန်မာအစိုးရ နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့က တရုတ်နိုင်ငံတွင် ဆွေးနွေးကြဖွယ် ရှိသည်။
တရုတ်နိုင်ငံ နယ်စပ် ရွှေလီမြို့တွင် တနင်္လာနေ့ကစတင်ပြီး ဆွေးနွေးကြမည်ဟု နှစ်ဘက် အရာရှိတို့က ပြောဆိုသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
အပစ်ရပ်စဲမှုပျက်ပြယ်သည့်၂၀၁၁ ဇွန်လနောက်ပိုင်း ထိုမြို့တွင် နှစ်ဘက်ဆွေးနွေးပွဲ သုံးကြိမ် ပြုလုပ်ပြီးဖြစ်သည်ဟု Reuters သတင်းတပုဒ်တွင် ရေးထားသည်။ နှစ်ဘက်တွေ့ဆုံမှုမှာ အနည်းဆုံး ရှစ်ကြိမ် ရှိပြီးဖြစ်သည်ဟု ဆိုသည်။
KIA ၏ လိုင်ဇာမြို့အနီး ဗျူဟာမြောက် တောင်ကုန်းများကို မြန်မာအစိုးရတပ်က သိမ်းပိုက်အပြီး ပေါ်ပေါက်လာမည့် ဆွေးနွေးပွဲ ဖြစ်သည်။
ထိုးစစ်အတွင်း အစိုးရက တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးများ သုံးစွဲပြီး KIA စခန်းများကို သိမ်းလိုက်သည်။
ထိုသို့ သိမ်းပိုက်ခြင်းမှာ ဆွေးနွေးပွဲတွင် အသာစီးရလိုသောကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းနေကြကြောင်း AP သတင်းတပုဒ်တွင် ရေးထားသည်။
ကာလအတန်ကြာ စစ်မြေပြင် ဖြစ်ခဲ့သည့် ကချင်ဒေသတချို့မှ အရပ်သားအများအပြား စစ်ပြေးဒုက္ခသည် ဖြစ်သွားကြသည်။
Comments