RIT in your dream and into reality



အိပ်မက်ထဲက အာအိုင်တီ
အာအိုင်တီကျောင်းသားဟောင်းတဦး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃

အာအိုင်တီ ဆိုတာ Burma မရှိတော့သလို အမည်အသစ် RIT --> YTU အဖြစ်ပြောင်းသွားတာ ကြာပါပြီ။ အခု ပြုပြင်ပြောင်းလဲရေး မြန်မာနိုင်ငံလုပ်ဆောင်နေစဉ်မှာ တက္ကသိုလ်များလည်း ကိုယ်ပိုင်လူ၊နည်းစနစ်၊ပစ္စည်းအင်အား၊ ငွေအင်အားနဲ့ အခြေအနေကြည့်ပြီး အကောင်းဆုံးလှုပ်ရှားနေရပါတယ်။
4M&1E  Men, Method, Material, Money and Environment.
နောက်ဆုံး ၁၀တန်းအောင်စာရင်းမှာ အာအိုင်တီ(ရန်ကုန်) သီးသန့် ၂၅၀ ဦးကို ဖွင့်မယ်လို့ မျိုးချစ်စိတ်ကြီးမားသူ အာအိုင်တီ ဆရာ၊ဆရာမကြီးများ သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြပြီး၊ ကြိုးစားခြင်းရဲ့ ရလဒ်ကတော့ ...၁၀တန်းအောင်သူများအတွက် အာအိုင်တီတက္ကသိုလ်ဝင်ခွင့် လူ၂၅၀ကို ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။ ဒီလို အာဏာပိုင်များက အလွန်သဘောထားကြီးစွာ ခွင့်ပြုလိုက်ခြင်းဟာ အံ့ဘွယ်တစ်ပါးဖြစ်ပါတယ်။ တကယ်ပါ။ အာအိုင်တီကို ရှစ်လေးလုံးစခဲ့တဲ့ သူပုန်ကျောင်းကြီးလိုလို မတရားသတ်မှတ်ပြီး အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ပစ်လိုက်ပေမဲ့၊ အာအိုင်တီနဲ့ ရန်ကုန်တက္ကသိုလ် ၀င်းခြံကြီးတွေကို လုံးဝမထိရဲအောင် ကြံကြံခံခဲ့သူ ကျောင်းသားဟောင်း၊ ဆရာဟောင်း အားလုံးကို မှတ်တမ်းတင်ပါတယ်။
 Action Speaks Louder Than Word ဆိုစကားအတိုင်း ပြောနေ၊ ရေးနေ တာထက် လက်တွေ ကြိုးစားရုန်ကန်ပေးသူတွေက အဓိကပါ။ သူတို့က အသံမမည်တဲ့ အသံတိတ် အမြောက်ဆံတွေဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အင်တာနက်၊ ဂျာနယ်တွေမှာရေးတဲ့ အသံမြည်ပြီးအဆန်သေးသေးအမြောက်ဆံတွေပါ။
ဒီနှစ် ၁၀တန်းအောင် အမှတ်များနဲ့ တက္ကသိုလ်ဝင်ခွင့်ကို ကြည့်ရင် အာအိုင်တီက အမှတ် ၅၁၇မှတ် ဆိုလား၊ အမြင့်ဆုံးဖြစ်တယ်။ လူ၂၅၀ ရွေးမှာ နောက်တစ်မှတ်မှာ အမှတ်တူတဲ့လူ ၂၀ကျော်နေလို့ ၂၄၃ဦး ဆိုလား ရပ်ထားလိုက်ရတယ်။ အဲဒီ ၂၄၀ကျော် ကျောင်းသားတွေလည်း အရမ်းပျော်ကြတယ်။
ဒီနှစ် ၂၀၁၂ ဟာ မြန်မာပြည် အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများစွာ လုပ်ဆောင်နေတဲ့အခါ အာအိုင်တီ ကျောင်းသစ်များက မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ ဖေ့စ်ဘုတ်များနဲ့ နိုင်ငံခြားတက္ကသိုလ်များလို ဂရု Group များဖွဲကြတယ်။ ကျောင်းသူလေးတစ်ဦးက သူ့ရဲ့ဖေ့စ်ဘုတ် အာအိုင်တီကျောင်းဖေ့စ်ဘုတ်မှာ ကျောင်းသား ၁၅၀ကျော် ရောက်နေပြီဆိုပြီး ၀မ်းသာအားရ ပြောပြပါတယ်။ စိတ်ထဲက ..အစိုးရဆန့်ကျင်ရေးအသင်းဖွဲ့လုပ်ကြတော့မလား...လူကြီးပီပီ စိုးရိမ်မိသွားပါသေးတယ်...အလကား..လျှောက်တွေးပူနေတာ... အစိုးရက ကောင်းနေရင်၊ ကျောင်းသားတွေက ဆန့်ကျင်ဖို့စဉ်းစားမှာမဟုတ်ဘူး။ လူငယ် တက္ကသိုလ်ကျောင်းသားဘ၀က စိတ်ဝင်စားစရာတွေ အလွန်များတော့ နိုင်ငံရေးစိတ်ဝင်စားတာ အစိုးရမဟုတ်တာလုပ်မှ ကျောင်းသားတွေက စပြီးတော်လှန်လေ့ရှိတာပဲ။
အခု အစိုးရ လမ်းကြောင်းမှန်ထဲ မီးရထားစက်ခေါင်းကြီး ၀င်လာပြီဆိုပါတော့။ ကျွန်တော်တို့ ငယ်စဉ်က RASU, Eco, ဦးချစ်လဘက်ရည်၊ ဘွဲနှင်းသဘင်ခန်းမ၊ အင်းယားကန်ဘေးက အကြော်ဆိုင်၊ အာစီ၊ သစ်ပုတ်ပင်အောက်၊  တက္ကသိုလ်များစာကြည့်တိုက်၊ ဂျပ်ဆင်ခရစ်ယန်ကျောင်း၊ ဗုဒ္ဓဘာသာအသင်း၊ မုံရွာအသင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ “မစွံတောင်တက်၊ မတက်လှေလှော်၊ မလှော်ရေကူး..” စတဲ့ လူငယ်ကျောင်းသားအလုပ်များစွာ ရှိပါတယ်။ အခုခေတ်တော့ ဖေ့စ်ဘုတ်၊ တွီတာ ဆိုတာတွေ ပေါ်လာတော့ လုပ်စရာပိုပေါလာတာပေါ့။
ဟိုးအရင်က ပါမေက္ခချုပ်ဟောင်း ဆရာဦးညီလှငယ် ဦးဆောင်ပြီး စတင်တယ်လို့ သိရပါတယ်။ ဆရာဦးညီလှငယ်ကို အလွန်လေးစားစွာနဲ့ ၀ိုင်းဝန်းကူညီပေးဖို့ အာအိုင်တီ ကျောင်းသားဟောင်းများက လူစုဝေးကြတယ်။ အားပေးကြတယ်။ ပထမဆုံး အင်တိုက်အားတိုက် အားပေးမှုကတော့ ၂၀၁၂ ဒီဇင်ဘာ ၃၀ရက်နေ့မှာ ပြုလုပ်တဲ့ ဆရာပူဇော်ပွဲဖြစ်ပါတယ်။ အဲဒီပွဲကို ရန်ကုန်၊ အင်းစိန် အာအိုင်တီကျောင်းကြီးမှာ ပထမဆုံး ပြုလုပ်ပါတယ်။ ကျောင်သားဟောင်း၊ ဆရာဟောင်းများ ၃၅၀၀ လောက် လာရောက်ကြတယ်လို့သိရပါတယ်။ သမိုင်းဝင်ဖြစ်ရပါ။ 
အာအိုင်တီ ကျောင်းသားဟောင်းတစ်ဦး၊ ရန်ကုန်မှာ တွေ့ဆုံတော့ သူတို့ဇနီးမောင်နှံဟာ အလွန်ပျော်ရွှင်နေပါတယ်။ လောကအလုပ်အကိုင်တွေမှာတော့ စီးပွားပျက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အဆင်မပြေပါဘူး။ သို့သော်လည်း သူတို့ သမီးလေး ၁၀တန်းအောင်ပြီး အခု ပထမဆုံးဖွင့်လစ်တဲ့ အာအိုင်တီ ကျောင်းသား၊ ကျောင်းသူ ၂၅၀ စာရင်းထဲပါတယ်။ အခု အဖေဖြစ်သူ ငယ်ငယ်က တက်ခဲ့တဲ့ အာအိုင်တီ (ဘီပီအိုင်မှတ်တိုင်) ကျောင်းကြီးမှာပဲ ကျောင်းတက်နေပြီ၊ သင်ကြားပေးတဲ့ ဆရာတွေလည်း အကောင်းဆုံးသင်ပေးတော့ အခက်ခဲဆုံးဖြစ်နေကြောင်း။ ပထမနှစ်ဆိုတော့ ဟိုးတုန်းကလို အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ပုံဆွဲပညာ၊ အလုပ်ရုံလက်တွေ့ပညာ ..စသဖြင့် အခြေခံများကို စတင်သင်ကြားရတယ်။ ဆရာ၊ ဆရာမတွေကလည်း စေတနာနဲ့ သင်ကြားကြပါတယ်။ ပြသနာကတော့ စာတွေ အရမ်းခက်နေတယ် လို့ ဆိုပါတယ်။ 
တက္ကသိုလ်မှာ စာတွေ အရမ်းခက်ခြင်း ဆိုတာ တကယ်တော့ နှစ်ချက်ရှိပါတယ်။ (၁) ဆရာတွေက အရမ်းခက်အောင် သင်ကြားခြင်းနဲ့ (၂)တပည့်တွေက အရမ်းပျင်းနေပြီး၊ စာမကြိုးစားခြင်း ဆိုတဲ့ အချက်၂ချက်အရ စာတွေခက်နေရခြင်းဖြစ်ပါတယ်။ ကမ္ဘာမှာ ဘယ်တက္ကသိုလ်မှ စာကို လွယ်လွယ်လေးဖြစ်အောင် သင်တာမရှိပါဘူး။ စာမေးပွဲပဲ လွယ်ချင်လွယ်မယ်.. စာကတော့ ခက်အောင်သင်ပေးရမှာက ဆရာတွေမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် စာတွေခက်နေခြင်းဟာ သဘာဝကျပါတယ်။ ဖြေရှင်းနည်းကတော့ တပည့်တွေ အရမ်းမပျင်းအောင် (စာကြိုးစားလာအောင်) ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ အရေးကြီးပါတယ်။ 
ဆရာတွေဘက်က ကြည့်ရင်၊ စာတွေ အရမ်းခက်အောင် သင်တော့၊ တပည့်တွေ နဲ့ ဆက်ဆံရေးမကောင်း ဖြစ်မယ်။ အဲ ..လက်ဆောင်ပေးခြင်း (လာဘ်ပေးခြင်း) အလွန်များတဲ့ မြန်မာပြည်မှာ ကျောင်းဆရာတွေကို လိုက်ကပ်တဲ့အကျင့်ဆိုးကြီးကလည်း ရှိနေပါတယ်။ ကျောင်းဆရာတွေကလည်း အိမ်ကိုလက်ဆောင်လေးနဲ့ လာတဲ့ မိဘ၊ကျောင်းသားများကို သဘောကျတဲ့ခေတ်ကာလပါ။
အာအိုင်တီ ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပို့ချတဲ့ ဆရာများ လခ ဘယ်လောက်ရပါသလဲမေးကြည့်ပါ။ ဒေါ်လာ တစ်ရာတောင် မရဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဆရာကြီးတွေကတော့ ဒေါ်လာ ၂၀၀ကျော် လစာရကောင်းရမယ်။ ဒီတော့ သင်ပေးတဲ့ တက္ကသိုလ် ဆရာများကို စားဝတ်နေရေး ဖူလှုံအောင် လုပ်ပေးဖို့က အလွန်အရေးကြီးနေပြီ။ ဆရာတွေ စားဝတ်နေရေး မလုံလောက်ရင် ကျောင်းသားမိဘများက ပေးတဲ့ မသဒ္ဒါ၊ သဒ္ဒါ အစာကို စားသောက်၊ လက်ဆောင်ယူရတော့ စာမေးပွဲအတွက် မေးခွန်း (တစ်ပေးခြင်း) လုပ်ရတော့မယ်။ ဗမာတွေက တော်တော် အားနာတတ်တာကိုး။ အားနာအောင် လုပ်နည်းအမျိုးမျိုးတတ်ကြတယ် (တနည်းအားဖြင့် လက်ဆောင်ပေးနည်းအမျိုးမျိုး၊ ဘာမှ မပေးနိုင်သူက ဘလိုင်းကြီး ဆရာကို ပဆစ်တုပ်၊ ကန်တော့ပစ်လိုက်တယ်)။ 
နိဂုံး
အခု နောက်ဆုံးသတင်းရတာကတော့ အာအိုင်တီက စာတွေ အရမ်းခက်တာကြောင့် ကျောင်းသား၊ ကျောင်းသူများက ကျူရှင်တွေ တက်ကုန်ကြပြီး၊ တစ်ဘာသာ ကျပ်တစ်သောင်း၊ နှစ်သောင်း ဈေးနဲ့ တတ်နိုင်သူများက ကျူရှင်တက်ကြတော့၊ မတက်နိုင်သူများအဖို့ အခက်ခဲဖြစ်နေပါတယ်။ လူတွေကလည်း ခက်ကိုခက်ပါတယ်။ စာခက်တယ်ဆိုတော့ စာတော်တဲ့ကျုရှင်ဆရာတွေက အာအိုင်တီ သင်ရိုးနဲ့ဖတ်စာအုပ်၊လေ့ကျင့်ခဏ်ကို ဖတ်ပြီး ကျုရှင်လုပ်ငန်း အစပြုလာတယ်။ ဒါကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။
ကမ္ဘာ ဘယ်နိုင်ငံမှာပဲကြည့်ကြည့်၊ အနည်းဆုံး စင်ကာပူ ဂျူနီယာကောလိပ်၊ ပေါ်လီတက်ကနစ် တွေမှာလည်း ကျူရှင်ဆိုတာ မရှိပါဘူး။ ကျူရှင်ပေါ်ရခြင်းဟာ စာခက်လို့ ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ လုံးဝမဖြစ်နိုင်ပါ။  ဘာကြောင့် ကျူရှင်ပေါ်လာရသလဲ ဆိုတာကို ကျွန်တော် တစ်ဦးထဲ အမြင်နဲ့ အားမနာတမ်း ကောက်ချက်ချရရင် အာတိုင်တီ ကျောင်းဆရာများ အရည်အချင်းမရှိလို့ပဲ လို့ ပြောချင်ပါတယ်။ 
နောက်တစ်ခု စဉ်းစားစရာကတော့ ဆရာအရည်အချင်းမမှီရင် ဘယ်လိုလုပ်ရမှာလဲ။ မင်းရဲ့ ကျောင်းအုပ်ကြီး ဦးညီလှငယ်က ဆရာတွေကို တစ်လမှ ကျပ်တသိန်းလောက်ပဲပေးတာ။ ဆရာက တပည့်ကျွေးတာစားပြီး နေလို့ရရင်တောင်မှ၊ ဆရာ့ကလေးတွေနဲ့ မိသားစုကို ဘယ်လို တလ တစ်သိန်းနဲ့ လောက်ငှမှာလဲ။ မြန်မာပြည် (ရန်ကုန်) မှာ ကားမရှိ၊ အိမ်ငှားနေမယ်ဆိုတောင် လူ၃ယောက် မိသားစုစရိတ်က တစ်လ ၃သိန်းအနည်းဆုံးရှိပါတယ်။ အာအိုင်တီက ဆရာတွေကို နေစရာအိမ်တော့ ဖန်တီးပေးနိုင်ပါတယ်။ လှိုင်သာယာမှာ အာအိုင်တီပိုင်တဲ့ အိမ်များရှိသလို၊ ကြိုကုန်းကျောင်းဝင်းကြီးမှာလည်း မြေနေရာတွေ တပုံတပင်ကြီး၊ အာအိုင်တီ ကျောင်းသားဟောင်း ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကြီးများက တိုက်တန်းဆောက်လုပ် ကူညီ၊ လှုဒါန်းနိုင်တာပဲ မဟုတ်လား။ 
နေစရာတော့ ဟုတ်ပါပြီ။ အာအိုင်တီ ကွာလတီမြင့်လာအောင် ဆရာတွေ ကျောင်းစာသင်ခြင်းကိုပဲ အာရုံစိုက်လာအောင် ဆရာများရဲ့ လစာငွေဟာ အဆင့်မီရပါမယ်။ စင်ကာပူမှာ ကျောင်းဆရာတစ်ယောက်ရဲ့ လစာဟာ အပြင်ကုမဏီမှာ အလုပ်ဝင်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ Basic Pay ထက် မြင့်မားပါတယ်။ လစာ ဒေါ်လာ ၃၀၀၀ အနည်းဆုံး ရကြတယ်။ စင်ကာပူနဲ့ မနှိုင်းယှဉ်ပဲ ထိုင်းနိုင်ငံနဲ့ပဲ ယှဉ်ကြည့်ပါ။
အာအိုင်တီ ကျောင်းဆရာများစွာ ဥပမာ ဆရာ ဒေါက်တာဝင်းတင် တို့လို ဘန်ကောက် အေဘက်တက္ကသိုလ်မှာ သွားလုပ်ကြတယ်။ လစာ အများကြီးမရပါဘူး။ အမေရိကန် ဒေါ်လာတစ်ထောင်လောက် ဆိုရင် ဆရာတွေ ဘန်ကောက်မှာ ပျော်နေပြီ။ ဒီလိုပဲ မြန်မာပြည်မှာ အမေရိကန် ဒေါ်လာ တစ်ထောင် မပေးတောင် အာအိုင်တီ ဂုဏ်ဆောင်ဖို့ ဆရာတွေကို ဒေါ်လာ ၅၀၀လောက် မပေးနိုင်ဘူးလား။  
စာဖတ်သူက မေးခွန်းထုတ်ပါမယ်။ မင်းဘယ်လောက် ထည့်နိုင်လို့လဲ။ ဒီဆရာ ၅၀လောက်ကို တစ်လ ဒေါ်လာ ၅၀၀ ဆိုရင် စုစုပေါင်း ကျောင်းဆရာလစာချည်းပဲ တစ်လ ဒေါ်လာ၂၅၀၀၀ ဖြစ်နေပြီ။ နိုင်ငံတော် အစိုးရကတော့ တက္ကသိုလ် ဆရာပေါင်း တစ်သိန်းကျော် (တစ်နိုင်ငံလုံး) အတွက် တစ်လ လစာငွေ တစ်သိန်းလောက်ပဲ ပေးပြီး၊ အာအိုင်တီကျမှ ဒေါ်လာ ၅၀၀ ပေးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ အာအိုင်တီကို ကမ္ဘာ့အဆင့်မီ ဖြစ်အောင်လုပ်ချင်ရင် တနည်းပဲရှိပါတယ်။ အာအိုင်တီ ကျောင်းသားဟောင်းများကပဲ အမျိုးသားရေး ရှေ့တန်းတင်ပြီး ရံပုံငွေရှာဖွေရေးအဖွဲ့ (အာအိုင်တီ ဦးပိုင်) လုပ်လိုက်ပါလား..လို့စဉ်းစားမိပါတယ်။
အာအိုင်တီ ကျောင်းတော်သစ်ကြီး၊ ဆရာဦးညီလှငယ်နဲ့အတူ အောင်ပန်းဆင်၊ ကမ္ဘာ့အဆင့်ပြန်လည်ရောက်ရှိရေးသို့ …
အာအိုင်တီကျောင်းသားဟောင်တစ်ဦး

Comments